
နေပြည်တော် ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ ဧပြီ ၁၈ ရက်က မော်တော် ယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ပြီး အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ရှစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၈ ရက် ညနေ ၅ နာရီခန့်တွင် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာနေ အောင်ကိုမြင့် (၃၉) နှစ် မောင်းနှင်ပြီး ချမ်းမြ သာစည်မြို့နယ်နေ မျိုးကျော် (၂၉) နှစ်ပါ လူ ၂၀ လိုက်ပါလာသော 8I/--- TOYOTA Light Truck ယာဉ်သည် ရဲကျေးရွာဘက်မှ ကျောက်ချောကျေးရွာဘက်သို့ မောင်းနှင်လာစဉ် ပြင်ဦးလွင်မြို့နယ် ကျောက်ချော-ရဲရွာကားလမ်း မိုင်တိုင်အမှတ် ၄ မိုင် ၇ ဖာလုံကြား အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် မျိုးကျော်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အောင်ကိုမြင့်ပါ အမျိုးသား ၁၂ ဦးနှင့် ချမ်းမြသာစည်မြို့နယ်နေ မသဲသဲ(၂၈)နှစ်ပါ အမျိုးသမီး ရှစ်ဦး တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် အောင်ကိုမြင့်အား ပြင်စာ နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား