
နေပြည်တော် ဇန်နဝါရီ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၂၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးရုံး စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ အမြဲတမ်းအတွင်း ဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
စိတ်အားထက်သန်မှုများရှိနေ
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ဌာန၏ လုပ်ငန်းများလှုပ်ရှားသက်ဝင် လာအောင်၊ ဌာနကို ပိုမိုဖွံ့ဖြိုးရှင်သန် လာအောင် အားလုံးဝိုင်းဝန်း ဆောင်ရွက်နေကြသည်ကို မြင်ရသည့် အတွက် အင်မတန်ဝမ်းမြောက်ပါ ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသ ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ အလိုက် တာဝန်ယူထားသည့် ပုဂ္ဂိုလ်အသီးသီးက မိမိဒေသအတွက် မရှိမဖြစ်လိုအပ်သည့် ပုဂ္ဂိုလ်များ ဖြစ်အောင် ဆောင်ရွက်လိုသည့် စိတ်အားထက်သန်မှုများ ရှိနေသည် ကိုလည်း မြင်ရပါကြောင်း။
ယခုအခါ စာဖြင့် ရေးသား တင်ဆက်သည့် သတင်းများထက် ဗီဒီယိုကလစ်များဖြင့် တင်ဆက်သည့် သတင်းများကို ကြည့်ရှုသူများလာ သည့်အတွက် သတင်းသမားများအနေ ဖြင့် စာဖြင့် သတင်းရေးသားတင်ပြ ရုံသာမကဘဲ ရုပ်သံများရိုက်ကူးခြင်း၊ နောက်ခံစကားပြောခြင်းတို့ကိုလည်း လေ့ကျင့်ကြစေ လိုပါကြောင်း၊ စာကြည့်တိုက်မှူးများသည် စာကြည့် တိုက်လုပ်ငန်းကို စိတ်ပါဝင်စားမှု သာမကဘဲ ယခုထက်မက ထင်ထင် ရှားရှားဖြင့် စာကြည့်တိုက်လောက တွင် ဂုဏ်တင်ရသည့် အရာဝင်သည့် သူများ ဖြစ်လာသည်အထိ ဆောင်ရွက်နိုင်ပါကြောင်း၊ စာကြည့် တိုက်လုပ်ငန်း ဖွံ့ဖြိုးအောင် ဆောင်ရွက်နေသည့် အခြားအဖွဲ့ အစည်းများလည်းရှိရာ ထိုအဖွဲ့ အစည်းများနှင့် ဆက်သွယ်ပူးပေါင်း ပြီးလည်း ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားသည်။
လုပ်ငန်းဆောင်ရွက်နိုင်မှု ဆုချီးမြှင့်
ထို့နောက် ပြည်ထောင်စုဝန်ကြီး က ခရိုင်အဆင့် လုပ်ငန်းဆောင်ရွက် နိုင်မှု အကောင်းဆုံး ပထမဆုရရှိသည့် ဘားအံခရိုင်ရုံး၊ ဒုတိယဆုရရှိသည့် ပြင်ဦးလွင်ခရိုင်ရုံးနှင့် တတိယဆုရရှိ သည့် ဟားခါးခရိုင်ရုံးတို့မှ တာဝန်ရှိ သူများအား ဆုများပေးအပ် ချီးမြှင့်သည်။
ယင်းနောက် အမြဲတမ်းအတွင်း ဝန် ဦးမျိုးမြင့်မောင်က မြို့နယ်အဆင့် လုပ်ငန်းဆောင်ရွက်နိုင်မှု ပထမဆုရရှိ သည့် ဒေးဒရဲမြို့နယ်ရုံး၊ ဒုတိယဆုရရှိ သည့် ပုသိမ်ကြီးမြို့နယ်ရုံး၊ တတိယ ဆုရရှိသည့် ချောင်းဦးမြို့နယ်ရုံးတို့မှ တာဝန်ရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်သည်။
ထူးချွန်ဆုရဝန်ထမ်းများ ဆုချီးမြှင့်
ဆက်လက်၍ ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ ခေတ္တဦးဆောင် ညွှန်ကြားရေးမှူး ဦးသက်ဆွေတို့က မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက် နိုင်မှု အထူးဆုရရှိကြသည့် ပျဉ်းမနား၊ ကျိုက်မရော၊ ဒီးမော့ဆိုမြို့နယ်တို့မှ တာဝန်ရှိသူများအား လည်းကောင်း၊ သတင်းပေးပို့မှုနှင့် ထုတ်လွှင့်ဖော်ပြမှု အများဆုံး ဆုရရှိသူများအားလည်း ကောင်း၊ အခြားကဏ္ဍများတွင် ထူးချွန် ဆုရရှိကြသည့် ဝန်ထမ်းများအား လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့် ကြသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း အားလုံးအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ပြည်သူ့ဝန်ထမ်းကောင်း ဆုတံဆိပ် ရရှိသူများအတွက် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်သည်။
မှတ်တမ်းဗီဒီယို ပြသ
ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ၂၀၁၉ ခုနှစ် တစ်နှစ်တာ ဆောင်ရွက် ချက်ကို မှတ်တမ်းတင်ထားသည့် “ပြည်သူ့အတွက် ခရီးဆက်၊ လှုပ်ရှား သွက်လက်တို့ ပြန်/ဆက်” မှတ်တမ်း ဗီဒီယိုကို ပြသသည်။ ဆက်လက်၍ ဆုရရှိသူများကိုယ်စား အရာထမ်း တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ကံစမ်းမဲဖောက်ပေး
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဗလာမပါ ကံစမ်းမဲဖောက်ပေး သည့် အစီအစဉ်ကို ကျင်းပရာ ကံစမ်းမဲဆုကြီးများ ကံထူးသည့် ဝန်ထမ်းများအား ပြည်ထောင်စု ဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က လည်းကောင်း၊ ကျန်ဆုမဲများအား တာဝန်ရှိသူများက လည်းကောင်း အသီးသီး ဆုများပေးအပ်ခဲ့ကြသည်။
သတင်းစဉ်