ပြန်လည်စုစည်းဖို့လိုအပ်နေသော မျိုးချစ်စိတ်ဓာတ်နှင့် ဆက်လက်ရှင်သန်ရမည့် ပြည်ထောင်စုစိတ်ဓာတ်

Type

 

မိုးကေနိုင်

နိုင်ငံတစ်နိုင်ငံတွင် အရည်အသွေးပြည့် လူ့စွမ်းအားအရင်းအမြစ်နှင့်အတူ တန်ဖိုးအနဂ္ဂထိုက်တန်သည့် ဇာတိသွေးဇာတိမာန်စိတ်ဓာတ်၊ တစ်စိတ်တစ်၀မ်းတည်း ကျောသားရင်သားမခွဲခြားသည့် ပြည်ထောင်စုစိတ်ဓာတ်၊ ဘာသာသာသနာကို အသက်နှင့်ထပ်တူချစ်မြတ်နိုးသည့် စိတ်ဓာတ်များကား အရေးပါဆုံးနေရာများတွင် ရှိသင့်သည်။ ထိုထိုသော မျိုးချစ်စိတ်ဓာတ်များကသာ ၅၄ သန်းသော မြန်မာတို့၏ စုစည်း ညီညွတ်မှုနှင့် တိုင်းရင်းသားတို့၏ ရပ်တည်ရှင်သန်မှုကို အာမခံချက်ပေးနိုင်မည်၊ နိုင်ငံတွင်ကျရောက်နေသော အမှောင့်ပယောဂမျိုးစုံကို ချေဖျက်နိုင်မည်ဟု ယုံကြည်ပါသည်။ မျိုးချစ်စိတ် အရင်းမခံဘဲ နိုင်ငံတစ်နိုင်ငံ ပြန်လည်တည်ဆောက်ဖို့ဆိုသည်မှာ ဘယ်လိုမှမဖြစ်နိုင်ပါ။ 

 


အားနည်းချက်ကိုညီညွတ်သော မျိုးချစ်စိတ်ဓာတ်အင်အားဖြင့် တည်ဆောက်ထိန်းညှိ ...


ကျွန်တော်တို့ တိုင်းရင်းသားအားလုံးသည်  ပထဝီအနေအထား အရရော၊ ပထဝီ နိုင်ငံရေးအရပါ အရေးကြီးပြီး အချက်အချာကျနေသည့် နိုင်ငံတစ်နိုင်ငံ၏  နိုင်ငံသားများ ဖြစ်ကြသည်။  အခြားနိုင်ငံများ၏ အခိုင်းအစေခံနိုင်ငံ၊   လက်ဝေခံအစိုးရနှင့်  ခေတ်သစ်ကျွန်ခံသူများ မဖြစ်ချင်ဘူးဆိုလျှင်   ဒီနိုင်ငံက  ပြည်သူတွေအားလုံးမှာ  မျိုးချစ် စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ ကိုယ့်အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးစိတ်၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းနှင့် ရိုးရာယဉ်ကျေးမှုအစဉ် အလာကောင်းများ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်လိုစိတ် များ ကိန်းအောင်းနေကြရမှာဖြစ်သည်။ 

 


ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးများ၏ အေးချမ်းသာယာမှု၊ အလှအပ၊ အမှီအခိုကင်းပြီး လွတ်လပ်သောဘ၀မျိုးကို ဘာနှင့်မျှ မလဲနိုင်သည့် စိတ်ဓာတ်ဖြင့် ဤမြေ၊ ဤရေ၊ ဤပိုင်နက်ကို မြတ်မြတ်နိုးနိုး ချစ်တတ် ဖို့လိုနေသည်။ အကြောင်းက မိမိနိုင်ငံသည် ပထဝီအနေအထားအရ အရေးပါသည်ဟုဆိုသော်ငြား ထိုပထဝီအနေအထားကပင် အားနည်း ချက်များကို   ပေးထားသောကြောင့်ဖြစ်သည်။  ပထဝီနိုင်ငံရေးအရ မြင်သာသော အားနည်းချက်ကို ဖာထေးထိန်းညှိပြီး လွတ်လပ်စွာ ရပ်တည်နိုင်ရန်မှာ ခိုင်မာသော အမျိုးသားသရုပ်လက္ခဏာများနှင့် စုစည်းညီညွတ်သောအင်အားကို တည်ဆောက်ထားနိုင်မှဖြစ်ပေမည်။ 
မျိုးချစ်စိတ်ကင်းမဲ့မှုမှ ရရှိလာမည့်ဆိုးကျိုးများ
နိုင်ငံတစ်နိုင်ငံ မပြိုလဲ၊ မယိုင်လဲရန် အဓိကအင်အားသည်  မျိုးချစ် စိတ်ပင်ဖြစ်သည် မဟုတ်ပါလား...။ နိုင်ငံတစ်နိုင်ငံ၏ ဝိဉာဉ်သည်ပင် မျိုးချစ်စိတ်ဖြစ်၍ ဤမျိုးချစ်စိတ်ကြောင့်ပင် လွတ်လပ်ရေးရခဲ့သည် ကိုလည်း မြင်နိုင်ရမည်။ ပြည်တွင်းသောင်းကျန်းမှုမျိုးစုံကို နှိမ်နင်း နိုင်ခဲ့သည်မှာ၊ ပြည်ပစိန်ခေါ်မှုနှင့် အန္တရာယ်မျိုးစုံနှင့် ဖိအားအမျိုးမျိုးကို ကျော်လွှားနိုင်သည်မှာလည်း   မျိုးချစ်စိတ်အရင်းခံသာဖြစ်သည်။ မျိုးချစ်စိတ်နှင့် အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးစိတ်ကင်းမဲ့ သည်နှင့်အမျှ နိုင်ငံ၏ရပ်တည်မှုလည်း ပျက်သုဉ်းမည်သာဖြစ်သည်။ 

 


နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားရေးအဆောက်အအုံတွေ ပြိုကွဲလျှင် နိုင်ငံလည်းတစ်စစီဖြစ် ပြိုကွဲသွားလိမ့်မည်။ population migration ဇာတ်သွင်းမခံရအောင်၊ လုံခြုံအောင် စောင့်ရှောက်ပေးနိုင်တာလည်း မျိုးချစ်စိတ်ပင်ဖြစ်သည်။ အထူးအရေးကြီး၍ သတိထားရန် လိုပါ သည်။ မျိုးချစ်စိတ်ကို အရင်းမခံဘဲ  နိုင်ငံတစ်နိုင်ငံ၊ ပြည်ထောင်စုတစ်ခု၊ အဖွဲ့အစည်းတစ်ခုကို အင်အားတောင့်တင်းအောင် ဘယ်လိုမှစုစည်း ၍မရနိုင်၊ စည်းလုံးညီညွတ်အောင် ဘယ်လိုမှ အင်အားတည်ဆောက်၍ မဖြစ်နိုင်သည်ကို သဘောပေါက်ရန် လိုသည်။ ကိုယ့်အမျိုး၊  ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာကို မချစ်တတ်မှတော့ အချင်းချင်း စိတ် ၀မ်းကွဲနေမည် သာ၊ တိုက်နေခိုက်နေကြမည် သတ်နေဖြတ်နေကြမည်သာဖြစ်သည်။ ဒီလိုနှင့်ကြာလျှင် နိုင်ငံကအင်အားချည့်နဲ့ကာ weak state မှတစ်ဆင့် collapsed and failed  state အဆင့်များထိ ဆုတ်ယုတ်ပျက်စီး သွားနိုင်မည်ဖြစ်သည်။ 

 


မျိုးချစ်စိတ်အခြေခံက ဘယ်အရာတွေကိုပေးသနည်း


ဤနေရာတွင် မျိုးချစ်စိတ်ဟူသောအရာသည်အဘယ်နည်း …. မေးခွန်းထုတ်လိုသည်။ မျိုးချစ်စိတ်သည် ကြီးမားသောသံယောဇဉ် တစ်ခု၊ နှောင်ကြိုးတစ်ခု၊ အစွဲအလမ်းကြီးမှုတစ်ခု၊ အလေးထားမှု၊ ကိုးကွယ်ဆည်းကပ်ကိုင်းရှိုင်းမှုနှင့် အမျိုးဂုဏ်ဒြပ်တစ်ခုခုအပေါ်တွင် အခြေခံသည့်စိတ်ဓာတ်ပင်ဖြစ်သည်။ 

 


ထိုသည်ပင်   အင်အားများဖြစ်လာသည်။  ထိုအင်အားများဖြင့် လွတ်လပ်သော မိမိတို့နေထိုင်ရာနိုင်ငံကို အင်အားတောင့်တင်းစေပြီး ပြည်သူအများ အကျိုးစီးပွားအတွက် တက်ကြွသော ပံ့ပိုးထောက်ကူမှု ကိုဖြစ်စေသည်။ မျိုးချစ်စိတ်သည်တစ်နည်း နိုင်ငံချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်ပင်ဖြစ်၍ နိုင်ငံတစ်နိုင်ငံ၏ ခွန်အားလည်းဖြစ်သည်။ ထိုသံယောဇဉ်နှောင်ကြိုးတို့ ရစ်ပတ်နှောင်ဖွဲ့မှုဖြင့် ကိုယ့်နိုင်ငံပိုင်နက် နယ်မြေ မဆုံးရှုံးစေရန်၊ ကိုယ်ပိုင်ဆိုင်သည့် ဘာသာတရားယဉ်ကျေးမှု ဂုဏ်ဒြပ်စံတန်ဖိုး   အစဉ်အလာကောင်းများ  မပျောက်ပျက်စေရန် အသက်ပေး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရသည်ပင် ဂုဏ်ယူ ဖွယ်ရာ ဇာတိမာန်ဖြစ်တော့သည်။ 

 


ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကိုချစ်သည့်စိတ်ကြောင့်ပင် မိမိနိုင်ငံ ၏   အချုပ်အခြာအာဏာကို   လေးစားရကောင်းမှန်း  သိလာသည်။ မျိုးချစ်စိတ်အခြေခံက ကိုယ့်တိုင်းပြည် ထိပါးခံရလျှင်၊ ကိုယ့်အမျိုး အနိုင်ကျင့်ခံရလျှင် မခံချင်သည့်စိတ်ဖြစ်ပေါ်လာရန် တွန်းအားပေး သကဲ့သို့ ကိုယ့်နိုင်ငံတော်သီချင်းနှင့် ကိုယ့်နိုင်ငံတော်အလံအတွက်ပင် ပြင်းပြစွာခံစားတတ်ပြီး  ဂုဏ်ယူ၀င့်ကြွားလိုစိတ် ရရှိလာစေမည် ဖြစ်သည်။ 

 

မျိုးချစ်စိတ်အရင်းခံ ပြည်ထောင်စုစိတ်ဓာတ်နှင့်အတူ တည်ဆောက်နိုင်မှုနှစ်ရပ် 


မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးကို ချစ်တတ်သူတိုင်းသည် မြန်မာ ဖြစ်ရတာကို ဂုဏ်ယူပါသည်။ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး အားလုံးသည် မြန်မာနိုင်ငံသားတွေပဲဖြစ်၍ ကိုယ့်လူမျိုး ကိုယ့်နာမည် အတွက် ဘယ်ခေတ်ဘယ်အချိန်ကမျှ ဂုဏ်ငယ်စရာဟူ၍ မရှိခဲ့ကြပါ။ မှန်ကန်သော မျိုးချစ်စိတ်ကသာ အပြန်အလှန်မေတ္တာထား၍ ချစ်ခင် ကြင်နာမှုကို ပေးစွမ်းနိုင်ပြီး တစ်ဦး၏တိုးတက်မှုကို တစ်ဦးကလိုလား ကာ အားပေးကူညီဖြည့်ဆည်းပေးနိုင်ကြသည်ဟု ခံယူပါသည်။ 

 


မျိုးချစ်စိတ်အခြေခံသည့် နိုင်ငံချစ်စိတ်ကပင် စည်းလုံးညီညွတ်မှု ကိုဖြစ်စေသည်၊    “သူ” “ငါ”မခွဲခြား    ကွဲပြားခြားနားမှုတွေကို ပျောက်ကွယ်လျော့ပါးစေသည်ဟု   ယုံကြည်၍ရပါသည်။  “မဟာ မြန်မာ” ဆိုသောအယူသည် မဟာဗမာဟုသာ ဆိုလိုနေခြင်း မဟုတ်ပါ၊ ဗမာဆိုသော လူမျိုးချည်းလည်း မဟုတ်သလို ရှမ်းချည်းပဲလည်း မဟုတ်ပါ...။ ကချင် ၊ ကယား၊  ချင်း၊  ကရင်၊  ဗမာ၊  မွန် ၊ ရခိုင်၊  ရှမ်းတိုင်းရင်းသားအားလုံး၊   လူမျိုးအားလုံးတို့၏   အမျိုးသားရေး စိတ်ဓာတ်များ မျိုးချစ်စိတ်များ စုစည်းခိုင်မာမှသာ အရေးကြီး သွေးနီး သော သွေးစည်းမှုမျိုး ဖြစ်တည်လာမည်ဟု အားလုံးကိုယုံကြည်စေချင် ပါသည်။ ခိုင်မာသော မျိုးချစ်စိတ်နှင့်အတူ လူမျိုးအသီးသီး၏ မတူ ကွဲပြားသော    ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်  သမိုင်းကြောင်းများသည် တန်းတူညီမျှမှုလည်းရှိရမည်ဟု မဖြစ်မနေခံယူရပါမည်။ 

 


ထိုခံယူချက်ကပင် လူတန်းစားမကွဲ၊ လူမျိုးမခွဲခြားဘဲ ဤနိုင်ငံကြီး က ငါတို့အားလုံးနှင့်ဆိုင်သည်ဟူသော သစ္စာစောင့်သိမှု၊ ထိုစောင့်သိမှုမှ တစ်ဆင့် ကိုယ်ပိုင်အမျိုးသားသရုပ်လက္ခဏာ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်ဘာသာစကားကို      ခိုင်ခိုင်မာမာတည်ဆောက်နိုင်မည့် စိတ်ဓာတ်အင်အားကိုအခြေခံသည့် Nation building ကို ဖြစ်စေပါ သည်။ သစ္စာရှိမှုက ရေပက်မ၀င်သော စည်းလုံးညီညွတ်မှုကို ပေးစွမ်း ပြီး တိုင်းရင်းသားအားလုံး၏ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်မှ တစ်ဆင့် သူ့ကျွန်မခံစိတ်ကို မွေးဖွားပေးပါသည်။ 

 


ထိုမှတစ်ဆင့် ရုပ်ပိုင်းဆိုင်ရာအားသာချက်နှင့် စွမ်းရည်ကို အခြေခံ တည်ဆောက်သည့် State building ကို ရရှိစေပါသည်။ ယနေ့ စီးပွား ရေး လူမှုရေးတိုးတက်ဖွံ့ဖြိုးမှု တဖြည်းဖြည်းအားကောင်းလာသော နိုင်ငံများကိုကြည့်ပါ။ သူတို့၏ ခိုင်မာရင့်ကျက်သော အတွေးအခေါ် သည် မျိုးချစ်စိတ်ကိုအခြေခံသည်ကို တွေ့နေရသည်။ 

 


သားစဉ်မြေးဆက်ထိန်းသိမ်းလာနိုင်သော ယဉ်ကျေးမှုအစဉ်အလာ ဓလေ့ထုံးစံ ၊ လက်ဆင့်ကမ်းလာသော အတွေးအခေါ်ကောင်းများ.. ဒါတွေသည် ထိုနိုင်ငံများ၏ တိုးတက်မှုကိုဖြစ်စေသည်။ နိုင်ငံက ဆင်းရဲသည်၊    အင်အားနည်းသည်ဆိုဦးတော့ စည်းလုံးညီညွတ်ပြီးတောင့်တင်းခိုင်မာသူသည် အင်အားကြီးသူတို့၏  ထိပ်ပုတ်ခေါင်းပုတ် စော်ကားခြင်း မခံရတာကိုတွေ့ရသည်။ 

 


စစ်မှန်သောမျိုးချစ်စိတ်နှင့်ကွာခြားသော တစ်ယူသန်အမြင်ကျဉ်းစိတ် 


သို့သော်လည်း မျိုးချစ်စိတ်ဆိုသည်ကို တလွဲသုံး၍တော့ မဖြစ်။ မိမိလူမျိုး  မိမိပိုင်နယ်မြေ မိမိတိုင်းပြည်ကို တန်ဖိုးထားချစ်မြတ်နိုး သည်မှာ အမှားတစ်ခုတော့မဟုတ်။ မှန်မှန်ကန်ကန်ချစ်တတ်ဖို့နှင့် လွဲမှားသော တစ်ယူသန်မျိုးချစ်စိတ်၊ အန္တရာယ်များသည့် မျက်ကန်း မျိုးချစ်စိတ်မဖြစ်ဖို့သာလိုသည်။ လူမျိုးနွယ်စုများ၊ တိုင်းရင်းသားလူမျိုး များ အခြေခံကွဲပြားမှုများသည့် တိုင်းပြည်များတွင် ပိုသတိထားရပြီး ပိုဆင်ခြင်တုံတရားရှိဖို့ လိုအပ်သည်။ 

 


ဘာသာတရားကွဲပြားသော နိုင်ငံများတွင်လည်း  ပို၍ဂရုစိုက်ရ သည်။ အစွဲအလမ်းကြီးလွန်းသော လူမျိုးများတွင် ပိုသတိထားရသည်။ တစ်မျိုးသားလုံး၊   တိုင်းရင်းသားအားလုံးကို  လွှမ်းခြုံသောမျိုးချစ် စိတ်ဓာတ်သည် ကျဉ်းမြောင်းသော  အစွဲအလမ်းကြီးမှုအပေါ်တွင် အခြေခံသော  လူမျိုးစွဲစိတ်ဓာတ်နှင့်    ပြဒါးတစ်လမ်းသံတစ်လမ်း ဖြစ်သည်။ 

 


အမြင်ကျဉ်းမှုက စုစည်းကူညီရိုင်းပင်းမှုနှင့် ဆန့်ကျင်ဘက် ရန်လို မုန်းတီးနှိမ့်ချမှုကိုသာ ဖြစ်စေသည်။ စစ်မှန်သော မျိုးချစ်စိတ်ကသာ ခွန်အားကြီးမှု၊ သမမျှတညီညွတ်မှုကို ရရှိစေပါသည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုးအကြား စီးပွားရေးတိုးတက်မှုဖွံ့ဖြိုးမှုတို့တွင် မမျှတမှု ဟန်ချက်မညီမှုများရှိလာပါက အစွန်းရောက်အမျိုးသားရေးဝါဒများ၊ အကြမ်းဖက်ဝါဒများ ခေါင်းထောင်လာတတ်သည်ကိုပါ သတိပြုသင့် သည်။ မည်သည့်အစွန်းရောက်မှုမျိုးပင်ဖြစ်စေ တန်ဖိုးထားမှုများ စံနှုန်းများကို  အလွယ်တကူ  လျစ်လျူရှု ပစ်ပယ်တတ်သည်ချည်း ဖြစ်သည်။ သို့ဖြင့် တစ်ဦးနှင့်တစ်ဦးယုံကြည်မှုများ လျော့နည်းလာပြီး ဆန့်ကျင်မှုများကြီးထွားကာ နောက်ဆုံး ပဋိပက္ခအကျိုးဆက်များသာ ရရှိလာတော့မည်မှာ သေချာပါသည်။

 


ကျွန်တော်တို့     မြန်မာတိုင်းရင်းသားများသည်    ပင်ကိုအားဖြင့် ဇာတိသွေးဇာတိမာန်    ပြင်းထန်သူများဖြစ်ကြပါသည်။  ဘာသာ သာသနာကို အစွမ်းကုန်ရိုသေကိုင်းရှိုင်း တန်ဖိုးထားကြသူများလည်း ဖြစ်သည်။           

 


ပကတိရိုးသားဖြူစင်ဖြောင့်မတ်သည့် စိတ်အရင်းခံဖြင့် ကိုယ့်လူမျိုး အချင်းချင်း ချစ်ရင်းစိတ်ခံရှိကြသလို ကိုယ့်မြေ၊ ကိုယ့်ရေကိုလည်း ချစ်မြတ်နိုးကြသည်။ ထိုသည်ပင် ရှိနှင့်ပြီးသောမျိုးချစ်စိတ် ဖြစ်သည် ဟု ဆိုချင်ပါသည်။  

 


သို့သော်လည်း   ယခုလိုကာလတွင် နိုင်ငံတော်တွင် မျိုးချစ်စိတ် ပြန်လည်အားကောင်းလာရန် ကြိုးပမ်းအားထုတ်ဖို့နှင့် အခွင့်အလမ်း များ ဖန်တီးပေးရန် အထူးလိုအပ်နေပါသည်။ ( အထူးသဖြင့် ပညာရေး၊ ဘာသာရေး၊ စာပေ၊ ယဉ်ကျေးမှု၊ အားကစားကဏ္ဍများမှတစ်ဆင့်) နေရာတိုင်းမှာ    မြန်မာနိုင်ငံတော်အလံများ  အားမာန်အပြည့်ဖြင့် တလူလူလွင့်နေသည်ကို မြင်လိုသူများရှိနေပါသည်။ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ပိုင်နက်အတွက် အသက်ကိုပဓာနမထားဘဲ ကာကွယ်စောင့် ရှောက်နိုင်သူများ များလာစေချင်ပါသည်။ နိုင်ငံသားတိုင်းရှိရမည့် မျိုးချစ်စိတ်ဖြင့် မည်သည့်အတွင်း / အပြင်ဖိအားမျိုးကိုမဆို ရင်ဆိုင် ဖြေရှင်းနိုင်သည့်အင်အားများ   ယခုထက်  ပိုမိုဖြစ်ထွန်းလာစေချင် ပါသည်။

 


ပျောက်ကွယ်စပြုနေသော    မျိုးချစ်စိတ်၊    အမျိုးသားရေး စိတ်ဓာတ်နှင့် ဘာသာသာသနာကိုယ်ပိုင်ယဉ်ကျေးမှု အနုသုခုမပညာ များကို ချစ်မြတ်နိုးထိန်းသိမ်းလိုစိတ်များ ပြန်လည်ကိန်းအောင်းလာစေချင်ပါသည်။  မျိုးချစ်စိတ်ကင်းမဲ့လျှင် ပြည်ထောင်စုမတည်တံ့နိုင် ပါ၊ အမျိုးသားရေးအားနည်းလျှင် ပြည်ထောင်စုကြီးကို စုစည်း၍ မရနိုင်ပါ။

 


ပြည်တွင်းညီညွတ်လျှင် နျူလက်နက်လည်းမလို ဘယ်နိုင်ငံကိုမှ လည်းကြောက်စရာ လိုမည်မထင်ပါ။ ဒို့ဘိုးဘွားတို့က မျိုးချစ်စိတ် အရင်းခံပြီး သွေးနှင့်ချွေးနှင့်ရင်းခဲ့ရသော ဒီမြေ၊ ဒီရေ ၊ ဒီပိုင်နက်ကို ချစ်မြတ်နိုးစိတ်နှင့် ထိန်းသိမ်းဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။