ပြန်လည်နိုးထလာမည့် ဟိုတယ်/ခရီးသွားလုပ်ငန်းများ

နိုင်ငံတစ်ဝန်းတွင်ရှိနေသည့် ဟိုတယ်လုပ်ငန်းများနှင့် ခရီးသွား နှင့်ဆက်စပ်နေသည့် လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် ပြင်ဆင်လျက်ရှိနေပြီဖြစ်သည်။ ဤသည်မှာ ကိုဗစ်-၁၉ ကပ် ရောဂါ ပြည်တွင်းသို့ ဝင်ရောက်ကူးစက်လာချိန်မှစ၍ မိမိတို့ နေထိုင်ရာဒေသများထဲမှာသာ ပိတ်မိနေခဲ့သည့် ခရီးသွား အပန်းဖြေလိုသူ ပြည်သူများနှင့် ဟိုတယ်/ ခရီးသွားလုပ်ငန်း များနှင့် ဆက်စပ်နေသည့် လုပ်ငန်းများ၊ ယင်းလုပ်ငန်းများနှင့် သက်မွေးဝမ်းကျောင်းပြုနေသူများ အားလုံး မျှော်လင့်နေကြ သည့် မင်္ဂလာသတင်းပင်ဖြစ်သည်။ ပုံမှန်အားဖြင့် ဒီဇင်ဘာ ကျောင်းပိတ်ရက်များ၊ နွေကျောင်း ပိတ်ရက်များနှင့် ရုံးပိတ်ရက်ရှည်ကာလများသည် ရာသီဥတု ခြောက်သွေ့ကောင်းမွန်ပြီး ပြည်တွင်းခရီးသွားလုပ်ငန်းများ အလုပ်ဖြစ်ကြသည့်ကာလများ ဖြစ်သည်။ သို့ရာတွင် မြန်မာ နိုင်ငံတွင်းသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုစတင်ဖြစ်ပွားလာ ခဲ့ပြီးနောက် ယမန်နှစ် မတ်လအတွင်း ဟိုတယ်၊ မိုတယ်၊ တည်းခို ခန်းများ ပိတ်ခဲ့ရသည်။ ယင်းနောက် လေးလခန့်အကြာတွင် ကိုဗစ်-၁၉ တားဆီး ကာကွယ် ထိန်းချုပ်မှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ ချမှတ်ပေးခဲ့ပြီး ယင်းစည်းကမ်းချက်များနှင့် ကိုက်ညီသည့် ဟိုတယ်လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြု ပေးခဲ့သည်။ တစ်ဖန် ကိုဗစ်-၁၉ ကူးစက်မှုလှိုင်း ပြန်လည်မြင့် တက်လာမှုကြောင့် ဟိုတယ်/ခရီးသွားလုပ်ငန်းများ ပြန်လည် ရပ်ဆိုင်းခဲ့ရပြန်သည်။ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ ထက်ဝက်ခန့်သာ လုပ်ငန်း ရပ်တန့်မသွားအောင် ကျားကန်လည်ပတ်ဖွင့်လှစ် လုပ်ကိုင် ခဲ့ကြရပြီး ကျန်ထက်ဝက်ခန့်မှာ ပိတ်ထားခဲ့ကြရသည်။ ဟိုတယ်လုပ်ငန်းများ ပိတ်လိုက်ရခြင်းကြောင့် ဝန်ထမ်း များ သောင်းနှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်သွားခဲ့ကြသည်။ ဟိုတယ်/ခရီးသွားလာရေးလုပ်ငန်းနှင့် ဆက်စပ်၍ အသက် မွေးနေကြရသည့် အမှတ်တရပစ္စည်းရောင်းချသူများ၊ အငှား ယာဉ်၊ စက်လှေ၊ မြင်းလှည်း၊ လျှပ်စစ်ဆိုင်ကယ်လုပ်ငန်း လုပ်ကိုင်သူများ၊ အစားအသောက်ရောင်းချသူများ၊ စကား ပြန်များ၊ လမ်းပြများ၊ ဆို၊ က၊ တီး ဖျော်ဖြေသူများမှာလည်း သိန်းနှင့်ချီ၍ အခက်အခဲ၊ အကျပ်အတည်းများ ကြုံတွေ့ခဲ့ ကြရသည်။ ကိုဗစ်-၁၉ ကြောင့် အထိနာသည့်လုပ်ငန်းများ တွင် ထိပ်ဆုံး၌ပါဝင်သည့် ဟိုတယ်/ခရီးသွားလုပ်ငန်းများကို ကူညီပံ့ပိုးမှုအဖြစ် ၁ ရာခိုင်နှုန်း အတိုးနှုန်းဖြင့်ချေးငွေများ ထုတ်ချေးပေးခဲ့ရာ ပြန်ဆပ်ရမည့်ကာလဖြစ်သော တစ်နှစ် ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ လုပ်ငန်းများ မလည်ပတ် နိုင်သေးသည့်အတွက် ပြန်လည်ပေးဆပ်နိုင်ရန် အခက် အခဲများ ဖြစ်ပေါ်နေကြကြောင်းလည်း ကြားသိရသည်။ ယခုအခါ ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုလျော့ကျ လာသည့် အရိပ်လက္ခဏာများ တွေ့ရှိရခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများလည်း ပြုလုပ်နေ ပြီဖြစ်ခြင်းတို့ကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို ပြည်တွင်းဈေးကွက်အတွက်ဦးတည်၍ ပြန်လည်စတင်ရန် ကြိုးပမ်းဆောင်ရွက်လာခြင်းလည်း ဖြစ်သည်။ ကာလအတန် ကြာ ရပ်နားထားခဲ့ရသည့်လုပ်ငန်းများကို ကိုဗစ်-၁၉ ကူးစက် ပျံ့နှံ့မှုတားဆီးကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ကြရမည် ဖြစ်သည့်အတွက် ဟိုတယ်ဝန်ထမ်းများအား လေ့ကျင့်သင်ကြားမှုများ၊ ဟိုတယ် လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ ဟိုတယ်များကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မွမ်းမံပြင်ဆင် မှုများ မဖြစ်မနေပြုလုပ်သွားကြရမှာလည်း ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် ကာလအတန်ကြာ ဆက်လက်တည်ရှိနေဦးမှာဖြစ်သည့်အတွက် လူတိုင်းလူတိုင်း ရောဂါမကူးစက်စေနိုင်မည့် နည်းလမ်းများကို ကျင့်သုံးကာ ကိုဗစ်-၁၉ နှင့် ယှဉ်တွဲနေထိုင်သွားကြရဦးမှာဖြစ်သည်ဟု ဆေးပညာရှင်များက ပြောကြားထားသည်။ ကိုဗစ်-၁၉ ရောဂါ ကမ္ဘာပေါ်မှ ပျောက်ကွယ်မသွားမချင်း စီးပွားရေး၊ လူမှုရေး၊ ပညာရေးကိစ္စအဝဝတို့ကို ရပ်ဆိုင်းထားရန်မှာလည်း ဖြစ်နိုင် မည်မဟုတ်။ အခွင့်အလမ်းသာသည်နှင့်အမျှ လုပ်ငန်းများ ပြန်လည်စတင်ကြရမည်သာဖြစ်ရာ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကို ပြည်တွင်းခရီးစဉ်များမှ ပြန်လည်စတင် ဆောင်ရွက်မှုများ အောင်မြင်မှုရရှိစေရန် ဆန္ဒပြုအပ် ပါကြောင်း။ ။