ပညာအလင်းနဲ့ ရွက်လွှင့်ကြပါစို့ရဲ့ လူငယ်မျိုးဆက်သစ်တို့

Type

 

မိုးကေနိုင် 
 

သဘာဝတရားကြီးရဲ့ တန်ဖိုးရှိလှတဲ့ လက်ဆောင်တစ်ခုအဖြစ် တင်စားခြင်းခံရတဲ့ ယနေ့ခေတ်လူငယ်တွေဟာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ခွန်အားတစ်ရပ်အဖြစ်လည်း  ဆိုချင်ပါတယ်။  ဖွံ့ဖြိုးတိုးတက်ဖို့ ပြုပြင်ပြောင်းလဲမှုတိုင်းမှာ လူငယ်တွေဟာ အရေးပါလို့ပါ။ နိုင်ငံတစ်ခုရဲ့ အနာဂတ်မျက်နှာစာကို အလင်းဆောင်နေတဲ့သူတွေလို့ သတ်မှတ်မယ်ဆိုရင်လည်း မမှားဘူးပေါ့၊၊ လူ့အဖွဲ့အစည်းတစ်ခု တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းဟာ လူငယ်တွေနဲ့ အများဆုံးသက်ဆိုင်နေလို့၊ လူငယ်တွေကိုထိန်းကျောင်းပေးနေတဲ့ ကျွန်တော်တို့လို လူကြီးတွေနဲ့ အဓိက သက်ဆိုင်နေလို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သတိပေးနေခြင်း တစ်ခုလို့သာဆိုပါရ‌စေ။ 


လူငယ်ရဲ့သဘောသဘာ၀ကို သိနားလည်မှသာ... 


စိတ်လိုက်မာန်ပါ လုပ်တတ်တာလည်း ဒီလူငယ်တွေပဲ၊ ခံစားလွယ်၊ ထိခိုက်လွယ်တာလည်း  ဒီလူငယ်တွေပဲလေ။ ဘာကြောင့်ဆို လူငယ် ဟာ လူကြီးလောက် မရင့်ကျက်သေးလို့ပါပဲ။  ဒါကြောင့်  လူကြီးဘဝနဲ့ ကလေးဘဝအကြား အရွယ်ကိုလူငယ်လို့အကြမ်းဖျင်း သတ်မှတ်ကြ တာ‌ပေါ့။ လူငယ်တွေကို အသက်အရွယ်နဲ့ တိတိကျကျ သတ်မှတ်နိုင် ပါတယ်။ ဒါပေမယ့် တီထွင်ဆန်းသစ်မှုတွေနဲ့ လန်းဆန်းဖျတ်လတ်နေ တတ်တာ၊   ရဲရင့်တက်ကြွပြီး   အားမာန်အပြည့်နဲ့   ရှိနေတတ်တာ၊ ဘယ်အရာမဆို ဦးဆောင်ဦးရွက်ပြုချင်တာ၊ ကိုယ့်ရဲ့ အရည်အချင်းကို ထုတ်ပြချင်တာ၊ ဘာလုပ်လုပ် တက်တက်ကြွကြွ  ရှိတတ်တာ၊ သိချင် တတ်ချင်စိတ်ပြင်းပြပြီး    လှုံ့ဆော်နိုင်စွမ်းရှိတာ၊   ခွန်အားသုံးပြီး သူရဲကောင်းဖြစ်ချင်တာ   စသည်၊   စသည်...  ဒီလို  အချက်တွေကို ကိုယ်စားပြုတာဟာ လူကြီးဘဝ ကလေးဘဝတို့နဲ့ ခြားနားတဲ့ လူငယ် ဆိုသူတွေရဲ့ အမူအကျင့်တွေပါပဲ။ ဒီအချက်တွေကို သတိထားနိုင်ရင် လူငယ်တွေအပေါ် စာနာနားလည်စိတ်နဲ့ ဘယ်လိုကိုင်တွယ်သင့်တယ်၊ ဘယ်လို ဦးဆောင်လမ်းညွှန်နိုင်မှုပေးနိုင်တယ်ဆိုတာ သဘောပေါက် လာပါလိမ့်မယ်။ 


အားသာချက် အားနည်းချက်ကို မှန်မှန်ကန်ကန်အသုံးချတတ်မှ...


သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကို           လိုက်ပါစီးမျောကြည့်တော့ ထောင်လွှားမှုမရှိ၊ နှိမ့်ချတတ်ပါလား၊  မာန်စွယ်ကိုချိုး အညတရမျိုးနဲ့ ကြင်နာသနားတတ်ကြသူတွေပါလားဆိုတာ   သတိထားမိပါတယ်၊ လွတ်လပ်မှုကို   လိုလားပြီး    အမှီအခိုကင်းကင်း   အကြောက်အရွံ့မရှိ လုပ်ချင်ကိုင်ချင်ကြတာ  လူငယ်တွေရဲ့သဘာဝပါပဲ။  တစ်ခါတလေ စိတ်ကူးယဉ်အတွေးနဲ့  စိတ်ကူးယဉ်အိပ်မက်တွေကို အကောင်အထည် ဖော်ချင်နေကြပြန်တာလည်း လူငယ်ရဲ့သဘောပါ။ တချို့က ဆန်းသစ်တဲ့ သဘောတရားနဲ့ အတွေးအမြင်တွေအပေါ်မှာ ထပ်ခါထပ်ခါ ရေရွတ် ရင်းနဲ့ သူတို့ရဲ့စွမ်းအားတွေကို ရယူပိုင်ဆိုင်ချင်တတ်ကြတယ်ဆိုတာ ဂရုပြုမိတယ်။ ဒီစွမ်းအားတွေကို အသုံးချပြီး တော်လှန်ရေးတစ်ရပ်ကို တောင် ဆင်နွှဲလိုက ဆင်နွှဲအောင်မြင်နိုင်တယ်လို့တောင် အထင်ရောက် ကြတယ်။ 


ဟုတ်ပါတယ်။ အားသာချက်ရှိသလို အားနည်းချက်တွေလည်း ရှိမှာအမှန်ပါပဲ။   မှန်ကန်တဲ့  အတွေးအမြင်တွေ   သဘောတရားတွေ အောက်မှာဆိုရင်တော့   အတိုင်းထက်အလွန်ပေါ့။   လူ့အဖွဲ့အစည်း ကြီးအတွက် သားရွှေအိုးထမ်းသလိုမျိုးပေါ့။ သဘောတရားအမှားနဲ့ အယူမှား၊ အတွေးမှားရင်တော့ လူငယ်တွေသာမက ဒီလူငယ်တွေကို သာ အားထားရမယ့် လူ့အဖွဲ့အစည်းတစ်ခုလုံး ကမောက်ကမဖြစ်ကုန် ရော။ အယူမှားအတွေးမှားရင်  အပြုအမူ‌တွေ အလုပ်အကိုင်တွေပါ မှားတတ်ကြတာ ကြောင်းကျိုးဆက်စပ်မှုသဘောတွေပါပဲ။ 


မတူညီတဲ့ ယဉ်ကျေးမှုတွေကြောင့် ပျက်စီးခြင်းသို့ ဦးတည်နိုင် 


အယူမှား၊ အတွေးမှားခြင်းဆိုတာ ဘယ်ကစပါသလဲ။ တရစပ်ထိုး ဖောက်ဝင်ရောက်လာတဲ့   ပြင်ပယဉ်ကျေးမှုတွေကြောင့်   မူလဘူတ ယဉ်ကျေးမှုတစ်ခုရဲ့ အခြေခံအုတ်မြစ်တွေ ရိုက်ချိုးခံရခြင်းက အစပြုပါ တယ်။ မအပ်စပ်တဲ့    အနုပညာ၊   ဝတ်စားဆင်ယင်မှုနဲ့  အရက်သေစာ  မူးယစ်ဆေးဝါးအသစ်အဆန်းကအစ သွတ်သွင်းခံရမှုအောက်မှာ မိမိ ယဉ်ကျေးမှုရဲ့ စံတန်ဖိုးတွေ  ဖယ်ကြဉ်ခံရပြီ၊  ယုံကြည်မှုတွေ တန်ဖိုး ထားမှုတွေ ယိုင်နဲ့လာပြီဆိုရင်တော့  လူ့အဖွဲ့အစည်းတစ်ခုရဲ့ သမိုင်း အစဉ်အလာ၊ နိုင်ငံတစ်ခုရဲ့ ဇာတိမာန်ဟာ ပျက်ယွင်းသွားပြီပဲ။


ဘာကြောင့်ပါလဲ။  လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဉ်ကျေးမှုတန်ဖိုးတွေ၊ အမျိုးသားစရိုက်လက္ခဏာတွေ၊ ဓလေ့ထုံးစံ တွေ၊ လူမှုရေးစံနှုန်းတွေ ကွဲပြားခြားနားကြလို့သာလျှင်ဖြစ်ပါတယ်။ အရာရာသူ့တန်ဖိုးနဲ့သူပါ။ ကာလံဒေသံကြည့်ရပါမယ်။ အခြေအနေ ချင်းမတူ ၊ တန်ဖိုးထားပုံချင်းမတူတာကို အချိန်မတန်ခင် တန်းညှိမိ လျှင် အပေါင်းလက္ခဏာမဆောင်တဲ့ရလဒ်များသာ တွေ့ရပါလိမ့်မယ်။ ပညာရေးရေခံမြေခံတွေနဲ့ ရင့်ကျက်မှုတွေကိုလည်း ပြန်ငဲ့ကြည့်ရပါ မယ်။ ဒီလိုနောက်ခံအကြောင်းတရားတွေ မတူညီဘဲနဲ့ ပြုပြင်ပြောင်းလဲ မှုကို အလျင်စလို ရိုက်သွင်းရင် လိုရာပန်းတိုင်မရောက်ဘဲ နှောင့်နှေး တုံ့ဆိုင်းမှု၊  လမ်းချော်မှု၊  အခြေအနေဆိုးရင်  ပျက်စီးမှုပျက်သုဉ်းမှု ဆီအထိ ဦးတည်သွားနိုင်တယ်ဆိုတာ  အထူးသတိပြုဖို့လိုပါတယ်။ 


ဒီအချက်ဟာ မေးခွန်းထုတ်စရာမလိုတဲ့အချက်ပါ။ မေးခွန်းထုတ် ရမှာက မျိုးဆက်တစ်ခုရဲ့ တည်တံ့မှုအတွက် တာဝန်ယူတာဝန်ခံမှု ဆိုတာ ဘယ်မှာလဲ။ ဒီအပိုင်းကိုသာ မေးခွန်းထုတ်ရမှာပါ။ တာဝန်ယူမှု ကင်းတဲ့    ရလဒ်ရဲ့နောက်ဆက်တွဲ  အနုတ်လက္ခဏာတွေကိုတော့ ပြန်လည်တည့်မတ်ပြုပြင်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ တာဝန်ယူမှုအပြည့်နဲ့သာ တက်ညီလက်ညီ ကြိုးစားအားထုတ်ကြရမှာဖြစ်ပါတယ်။ 


ယဉ်ကျေးမှုတစ်ရပ်ပျက်ယွင်းခြင်းဆိုတာ...


ယဉ်ကျေးမှုတစ်ရပ် ချည့်နဲ့ဆုတ်ယုတ်ခြင်းဆိုတာ ဘာကိုဆိုလို ပါသလဲ။ လက်တွေ့ဘဝတွေမှာ  တွေ့မြင်ကြားသိနေရတဲ့အတိုင်းပါပဲ။ နှိမ့်ချခြင်းဆိုတဲ့နေရာမှာ မောက်မာခြင်းတွေ အစားထိုးလာနေပြီ။  မာနတရားက ရိုသေလေးစားတတ်မှုကို ဖုံးလွှမ်းသွားသလို ချစ်ခင် ကြင်နာမှုသဘောမှာ    မုန်းတီးမှုနဲ့    ရိုင်းစိုင်းမှုက နေရာယူလာပြီ လေ။ အချင်းချင်း ကိုယ်ချင်းစာနာစိတ်ကို ရှေ့တန်းမတင်တော့သလို ကိုယ့်မိဘဆရာသမား လူကြီးတွေအ‌ပေါ်မှာ၊ ဆရာ‌တော် သံဃာ‌တော် မြတ်များအပေါ်မှာတောင်    ဂါရဝတရားကို   လျစ်လျူရှုတတ်လာကြပြီ။ အဂါရဝမြောက်တဲ့ ရင့်သီးတဲ့စကားလုံးတွေနဲ့ ငြိမ်းအေးမှုကို ပစ်ပယ် တတ်လာကြပြီ။ ကိုယ်ကျိုးကြည့်အတ္တက တိုးသထက်တိုးလာတဲ့ အခါမှာ ပရဟိတစိတ်က ပါးသထက်ပါးပြီး သနားညှာတာမှုနဲ့ ကျေးဇူး တရားသိတတ်မှုက ဝေးသထက် ဝေးသွားတဲ့သဘောပါပဲ။ 


အမှန်ကအမှား၊ အမှားနဲ့အတူ လိမ်လည်လှည့်ဖြားမှု၊ ဒါတွေဟာ ကိုယ်ကျင့်တရား ယိုယွင်းဖောက်ပြန်မှုတွေပါ။ အားလုံးကို မဆိုလိုပါ ဘူး၊ ကောင်းလွန်းတော်လွန်းတဲ့ လူငယ်တွေလည်းရှိပါတယ်၊ ဒါပေမယ့် တော်တဲ့ကောင်းတဲ့ လူငယ်တွေနည်းပါးလာတာတော့ ငြင်းလို့မရပါ ဘူး။ ဒါဖြင့် တော်တယ်၊ ကောင်းတယ် ဆိုတာကို ဘယ်ပေတံနဲ့တိုင်းမလဲ၊ ဘယ်အရာကကောင်းပြီး ဘယ်အရာက မကောင်းတာလဲ၊ အကောင်းနဲ့ အဆိုး၊ တရားသဘောအရဆိုရင် ကုသိုလ်နဲ့အကုသိုလ်၊ မလုပ်သင့်တာ နဲ့လုပ်သင့်တာ ဒီလိုခွဲခြား သိမြင်နိုင်စွမ်းမရှိမှုကအစ လိုအပ်ချက်တွေ လိုဖြစ်နေတော့   အများကြီးပြုပြင်ပြောင်းလဲနိုင်ဖို့၊  အပြုအမူ အမူ အကျင့်တွေပြောင်းလဲပစ်ဖို့ ပညာပေးသင်ကြားနာယူမှုတွေ များစွာ ဆောင်ရွက်ရမယ့်    အခြေအနေတစ်ရပ်ကို   ရောက်နေပြီလို့ဆိုချင် ပါတယ်။ 


လူငယ်တွေကို   လက်ဆင့်ကမ်းပေးမယ့်   လူကြီးတွေကိုယ်တိုင်၊ တချို့သော မိဘ ဆရာသမားတွေ ကိုယ်တိုင်မှာ ဒီလိုအားနည်းချက်တွေ ကို ဒိဋ္ဌဓမ္မတွေ့မြင်တွေ့နေရတာတော့ စိတ်မကောင်းစရာပါ။ ယခုလို အထွေထွေအားနည်းချက်တွေကြောင့်လည်း တန်ဖိုးရှိလှတဲ့ လူသား အရင်းအမြစ်တွေများစွာ ထိခိုက်ဆုံးရှုံးမှုနဲ့ကြုံတွေ့နေကြရပြီ မဟုတ် ပါလား။ 


အသိပညာဖြည့်ဆည်းမှ ပညာပြည့်ဝနှလုံးလှ 


ဒီအချက်ကို ဘယ်လိုပြုပြင်တည်ဆောက်ယူကြရပါမလဲ၊ အမှန်နဲ့ အမှား၊ အကောင်းနဲ့အဆိုးကို   ပိုင်းခြားစိတ်ဖြာ   စိစစ်နိုင်စွမ်းဆိုတဲ့ အသိတရား၊  ဆင်ခြင်သုံးသပ်နိုင်စွမ်းတဲ့ အရည်အချင်းနဲ့ ယထာဘူတ ကျကျ ရင့်သန်တဲ့အတွေးအခေါ်ကို  ပေးစွမ်းနိုင်ခြင်းဟာ  မှန်ကန်တဲ့ ဘာသာတရားနဲ့ ပညာကိုအခြေခံမှသာ သေချာရေရာမှုရှိပါလိမ့်မယ်။ 


လူငယ်တွေရဲ့  လှပတဲ့အနာဂတ်နဲ့သာ လူ့လောကကြီးရဲ့သမိုင်းကို ထုဆစ်နိုင်မယ်လို့ ယုံကြည်ပြီးဖြစ်တဲ့အတွက် မနှေးအမြန်ဆောင်ရွက် သင့်တဲ့ ကိစ္စရပ်တွေများစွာရှိမယ်လို့ ယူဆပါတယ်။


လိုအပ်ချက်က  အတတ်ပညာအပြင် ပညာပြည့်ဝနှလုံးလှစေမယ့် အသိပညာ‌တွေပါ   တိုးပွားဖြည့်ဆည်းပေးရမယ့်   အခြေအနေပါ။ အနည်းဆုံး‌တော့ ပညာသင်ကြားနိုင်ခွင့်နဲ့ သင်ယူလိုတဲ့စိတ်ရှိနေဖို့တော့ လိုအပ်ပါတယ်။ ပညာအခြေခံ အုတ်မြစ်ခိုင်မာနေမှ၊ မပြတ်ဆည်းပူး လေ့လာဖတ်မှတ်အားထုတ်နေမှ၊  ဗဟုသုတလည်း  ကြွယ်နေမှသာ တွေးခေါ်   စဉ်းစားဉာဏ်နဲ့   ဆင်ခြင်တုံတရားပိုင်ဆိုင်သော  အားကိုး ထိုက်တဲ့ အသိအတတ်ပညာရှင်တွေ ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ 


ကလေးသူငယ်အရွယ်က စပျိုးထောင်မှ အောင်မြင်တဲ့ဘ၀ဧကန်ရ 


ယခုလိုကာလဟာ ကျွန်‌တော်တို့နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ အမျိုးသား ရေးစရိုက်လက္ခဏာတွေ ပြန်လည်ပြုပြင်တည်ဆောက်ရမယ့်အချိန် ကောင်းပါ။  ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ အမျိုးသားရေးစရိုက်လက္ခဏာလို့ဆိုပြန်တော့လည်း  မိမိတို့  ဗုဒ္ဓဘာသာသာသနာကို  အခြေမခံလို့ မရပြန်ပါဘူး။ နောင်လာမယ့်မျိုးဆက်   အသစ်အသစ်တွေအတွက် ယခုကတည်းက မွေးမြူလေ့ကျင့်ပေးထားကြဖို့ တာဝန်ရှိနေတယ်လို့ မှတ်ယူထားပါတယ်။ ဘယ်လိုမှ မပြုစုမပျိုးထောင်ထားဘဲ၊ မလေ့ကျင့် ထားဘဲနဲ့ အသုံးလိုကာမှ နေရာပေးတာ၊ ရှေ့တန်းတင်တာ မဖြစ်သင့် တဲ့အရာပါ။ ရေကန်အသင့် ကြာအတင့်ဆိုတာ  ခက်ခက်ခဲခဲအချိန်ယူ ပြင်ဆင်လေ့ကျင့်ပြီးမှသာ ပိုပြီးတန်ဖိုးရှိပါတယ်။ ထို့အတွက် ကလေး သူငယ်အရွယ်ကစ လေ့ကျင့်ပျိုး‌ထောင်ပေးထားရပါမယ်။ မှန်ကန်တဲ့ အသိအမြင်တွေ တိုးပွားအောင် အချိန်ယူပုံသွင်းထားရပါမယ်။  


စာရေးသူအမြင်အရတော့ မိသားစုရဲ့ပျိုးထောင်ပေးနိုင်မှုကို မူကြို သင်တန်းတွေရဲ့  ပျိုးထောင်ပေးနိုင်မှုနဲ့စတင်ပြီး  တစ်တန်းတည်းထား စဉ်းစားသင့်တယ်လို့    မြင်ပါတယ်။  ပျိုးထောင်ပေးသူရဲ့‌   စေတနာ အတွေ့အကြုံ၊ သူတို့ဖြတ်သန်းခဲ့ရတဲ့ ပညာရေးနဲ့   ပင်ကိုအရည် အသွေးတွေအပေါ်မှာတော့ မူတည်တာပေါ့။ အသုံးချခံ၊ ကြိုးဆွဲခံမဖြစ်ဖို့ ကိုယ်တိုင်ဝေဖန်စဉ်းစားသုံးသပ်တတ်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင် နိုင်အောင်လည်း ဖန်တီးပေးနိုင်ရပါမယ်။ ဘယ်လိုအရည်အသွေးမျိုး ရရှိ‌အောင် ရည်မှန်းထားသည်ဖြစ်စေ လူငယ်တွေမှာ အဓိကပိုင်ဆိုင်ရ မယ့်   ရိုးသားဖြောင့်မတ်မှုကိုတော့   ဘာနဲ့မှမလဲနိုင်တဲ့   အခြေခံ ကိုယ်ရည်ကိုယ်‌သွေးတစ်ခုအဖြစ် ရိုက်သွင်းထားပါ။ 


ရှေးဘိုးဘွားဘီဘင်လက်ထက်ကတည်းက ခံယူကျင့်သုံးကန်တော့ လာခဲ့ကြတဲ့  ခင်ပွန်းကြီးဆယ်ပါးကန်တော့ခြင်းဆိုတာ  ရှိပါတယ်။ အနန္တောအနန္တငါးပါး  ဦးထိပ်ထားပြီး ကလေးဘဝကတည်းက ရိုသေ လေးစားသမှုနဲ့ ပူဇော်ကန်တော့တတ်ဖို့ အလေ့အထကို ပြန်လည် အသက်သွင်းပေးမှသာလျှင်  ကျေးဇူးမကန်းဘဲ  ကျေးဇူးသိတတ်တဲ့ လူငယ်တွေ ဖြစ်လာမှာပါ။ မကောင်းမှုရှောင်  ကောင်းမှုဆောင်ပြီး ဖြူစင်တဲ့စိတ်ထား   ထားနိုင်တဲ့ အောင်မြင်တဲ့ဘဝတစ်ခုရရှိအောင် လေ့ကျင့်သင်ကြားပေးနိုင်ပါတယ်။   စိတ်ထားတတ်ရင်   နှုတ်နဲ့ ကာယကံအလုပ်လည်းကောင်းလာပြီး   လူတော်‌လူကောင်းတွေ ဖြစ်လာမှာ မလွဲဘူးဆိုတာ နှလုံးသွင်းထားဖို့‌ လိုပါတယ်။ 


(၂၁) ရာစုကျွမ်းကျင်မှုကို ဖြည့်ဆည်းပေးနိုင်တဲ့ မင်္ဂလာတရားတော် 


ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ခြင်းဟာ ကိုယ်ကျင့်တရားနဲ့ လည်း ဆက်စပ်နေတယ်။  ဆိုင်ရာဆိုင်ရာ  ကိုယ်စီကျင့်ဝတ်အားလုံး လိုက်နာနိုင်မှသာ ဂုဏ်သိက္ခာရှိတဲ့ လူငယ်နိုင်ငံသားကောင်းတွေအဖြစ် မြင်ရနိုင်တယ်။ ဒီနေရာမှာ ကျေးဇူးရှင် မြတ်စွာဘုရားရှင်ရဲ့ (၃၈) ဖြာ မင်္ဂလာတရားတော်ကို ရင်ထဲနှလုံးသားထဲမှာ စွဲထင်နေအောင် ပြုကျင့် နေရမယ်လို့ဆိုပါတယ်။   အဓိကအကျိုးတရားတွေ   အနေနဲ့တော့ လူမိုက်နဲ့ ပညာရှိ ခွဲတတ်လာမယ်။ ပူဇော်ထိုက်သူကို ပူဇော်တတ်လာ မယ်။ ပညာတန်ဖိုးနားလည်ပြီး အကျိုးအပြစ်ကိုမြင်တတ်လာမယ်။ ဥစ္စာရဖို့ထက် ကုသိုလ်ရဖို့ တွေးတတ်လာမယ်၊၊ တော်ရာမှာနေတတ်ဖို့နဲ့ ကိုယ်နဲ့သင့်တဲ့   နေရာဒေသကို   ရွေးချယ်တတ်လာမယ်။  ကိုယ်နှုတ် ယဉ်ကျေးလာမယ်။ နောက်ဆုံးလူငယ်ဘ၀ကတည်းက ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်ပြီဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ 


ဒီအချက်တွေက လူတစ်ဦးချင်းစီမှသည် လောကကြီးတစ်ခုလုံး အတွက်  (၃၈) ဖြာ မင်္ဂလာရဲ့  ကျေးဇူးတရားတွေပါ။ ဒါမှသာ  မိမိတို့နဲ့ မအပ်စပ်တဲ့ယဉ်ကျေးမှု အနုပညာတွေနဲ့ ရောထွေးရောယှက်စေခြင်းမှ ဘုရား တရား သံဃာ ရတနာသုံးပါးကို ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ မြင်မိပါတယ်။    မင်္ဂလာတရားတော်နဲ့အညီနေနိုင်တဲ့   လူငယ်တစ်ဦးဟာ ယနေ့လူငယ်တွေမှာအထူးလိုအပ်နေတဲ့  (၂၁)  ရာစု   ကျွမ်းကျင်မှု အရည်အချင်းတွေကို ဖြည့်ဆည်းဖို့ရာလည်း မခက်ခဲနိုင်တော့ပါဘူး။ အထူးသဖြင့်တော့ လူမှုပေါင်းသင်းဆက်ဆံရေး၊  ညှိနှိုင်းပေါင်းစပ်နိုင် စွမ်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ ခေါင်းဆောင်မှု စတဲ့အဓိကကျတဲ့ (၂၁) ရာစု အရည်အသွေးတွေဟာ ယနေ့မျက်မှောက် အထူးလိုအပ်နေ တဲ့ အရည်အသွေးတွေ ဖြစ်နေလို့ပါပဲ။ 


အရိပ်ပမာထာဝရ အဖော်ပြုရမယ့်ဓမ္မတရား 


ပုဂ္ဂိုလ်ထက်  ဓမ္မကိုသာ  အားကိုးတတ်အောင်သင်ကြားပေးနိုင် တာ၊ လေ့ကျင့်ပေးနိုင်တာ   ကျွန်တော်တို့ရဲ့    ဘာသာ သာသနာပါပဲ။ တစ်ခဏသာ အားကိုးရတဲ့ ပုဂ္ဂိုလ်ထက် အရိပ်ပမာ ထာဝရ အားကိုး သင့်တဲ့ မြတ်ဗုဒ္ဓရဲ့ဓမ္မတရား‌တွေကို ယနေ့ခေတ်လူငယ်တွေရဲ့ ပညာ လမ်းကြောင်းတစ်လျှောက်မှာ ထည့်သွင်းစိုက်ပျိုးထားသင့်ပါတယ်။ ပညာရေးမှာတင်မက လုပ်ငန်းခွင်မှာလည်း လူငယ်ဝန်ထမ်းတွေအနေနဲ့ ဘုရားရှင်ရဲ့အဆုံးအမတွေနဲ့ မပြတ်ထိတွေ့နိုင်အောင် အစီအမံတွေ ဖန်တီးထားရှိသင့်တယ်လို့ ယူဆပါတယ်။ ကိုယ်စိုက်ပျိုးထားတဲ့ အပင် ရဲ့အရိပ်ဟာ ကိုယ်နဲ့မကွာ ထက်ကြပ်လိုက်ပါနေတယ်ဆိုတာ လူငယ် တွေရဲ့ နှလုံးသားထဲမှာ စွဲနေအောင်  ကြဲချပျိုး‌ထောင်ထားသင့်တယ် ဆိုတဲ့အချက်ဟာ မိမိရဲ့ယုံကြည်ချက်ပါ။ 


ဒီယုံကြည်ချက်အတိုင်းလည်း စာရေးသူအနေနဲ့  အရေအတွက် မများလှတဲ့ ဌာနတစ်ခုရဲ့ တာဝန်အရှိဆုံးသူဖြစ်တဲ့အလျောက် ကိုယ်ရဲ့ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေကို    ဌာနရဲ့စဉ်ဆက်မပြတ်လေ့ကျင့် သင်ကြားရေးအစီအစဉ်များမှာ  မြတ်ဗုဒ္ဓရဲ့  အဆုံးအမ၊    ဘာသာ သာသနာနဲ့ပတ်သက်တဲ့   Dhamma   talks  အစီအစဉ်လေးတစ်ခု ထည့်သွင်းပြီး ကိုယ်သိသလောက် တတ်သလောက် အပတ်စဉ် မျှ‌ဝေ ဆွေးနွေးလေ့ရှိပါတယ်။   ဒီအစီအစဉ်လေးဟာ  သေးငယ်ပေမယ့် လူငယ်တွေအပေါ်မှာ   သက်ရောက်မှုရှိတယ်၊  ထိရောက်မှုရှိတယ်လို့ ယူဆနိုင်ပါတယ်။ ရှုပ်ထွေးပွေလိမ်တဲ့ ဒီလိုလောကကြီးထဲ နေတတ် ထိုင်တတ်ဖို့၊ အသိအမြင်ကြွယ်ဖို့ မျှဝေပေးရမှာက လူကြီးတွေရဲ့တာဝန်၊ လိုက်နာကျင့်သုံးရမှာက  လူငယ်တွေရဲ့တာဝန်ပါ။ ဓမ္မဆိုတဲ့သဘာ၀ကို နားလည်မှသာ  အဓမ္မရဲ့သဘောကို  သိလာမှာပေါ့။ ကောင်းမှုသဘော၊ အမြဲဟုတ်မှန်နေတဲ့   သစ္စာတရားသဘောတွေကို  ဓမ္မအဖြစ်  သိနား လည်လာမှသာ  ဓမ္မနဲ့အဓမ္မကို  ခွဲခြားနိုင်မယ်ဆိုတာ  မိမိရဲ့ယုံကြည် ချက်ပါပဲ။ 


အဆုံးသတ်တင်ပြချင်တာက လူငယ်တွေရဲ့  ကိုယ်ရည်ကိုယ်သွေး ကို အားသာချက်အဖြစ် အသုံးမချတတ်ရင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နဲ့ ဖွံ့ဖြိုးရေးမှာ အားနည်းချက်တွေအဖြစ် ရင်ဆိုင်ရမယ်ဆိုတဲ့ အချက် ပါပဲ။ သတိထားစေချင်ပါတယ်။ လူငယ်တွေမှာ ပိုင်ဆိုင်ထားတဲ့ သတ္တိနဲ့ ဗျတ္တိကို မလိုတဲ့နေရာမှာ တလွဲအသုံးချမခံရအောင် ဂရုစိုက်စေချင်ပါ တယ်။ အောင်မြင်မှုအတွက် အားဆေးတစ်ခွက်ဟာ လူငယ်တွေထံက သာလာသလို ရလာတဲ့အားအင်တွေဟာလည်း လူငယ်တွေအတွက်ပဲ ဖြစ်ရမှာပါ။ ယနေ့ခေတ် လူငယ်တိုင်းဟာ အနာဂတ်ကိုကြိုမြင်ပြီး ငါတို့တစ်ဦးချင်းစီမှာ တာဝန်ရှိနေပါလားလို့ ခံယူတတ်မှသာ  မျိုးဆက် သစ်တွေရဲ့ ဘဝဟာ  လှပလာမှာပါ။  လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး အေးချမ်းသာယာလာမှာ မလွဲဧကန်ပါ...။        ။