
ထွန်းထွန်း(ခရေရိပ်)
အောက်တိုဘာ ၅ ရက်နေ့က ကမ္ဘာ့ဆရာများနေ့ဆိုတော့ ဆရာ ဆရာမတွေနဲ့ ဆက်စပ်ပြီး စိတ်ထဲစွဲမြဲအမှတ်ရစရာတစ်ခုက ခေါင်းထဲ ပေါ်လာပါတယ်။ မှတ်မှတ်ရရဆိုရရင် ၇ တန်းနှစ်ကပါ။ သမိုင်းသင်တဲ့ ဆရာက ဖြစ်ရပ်တစ်ခု၊ ရာဇဝင်တစ်ခုကို ပုံပြင်တစ်ပုဒ်လို တစ်ထိုင် တည်း အလွတ်ရအောင် သင်နိုင်သူပါ။ အသင်အပြကောင်းသလို အရိုက်လည်း ကြမ်းလို့ ကျောင်းသူ ကျောင်းသားတွေက ကြောက်ကြပါတယ်။
တစ်နေ့မှာတော့ သမိုင်းစာသင်ချိန်ရဲ့ရှေ့က ဆရာမက ကျောင်းမလာပါဘူး။ မုန့်စားဆင်းချိန် မတိုင်ခင်လည်းဖြစ်တော့ ထုံးစံအတိုင်း အားလုံးက ဗိုက်ဆာနေကြပါတယ်။ ၇ တန်း စာသင် ဆောင်က ကျောင်းရဲ့ အနောက်ခြံစည်းရိုးနဲ့ ကပ်နေတာဆိုတော့ စာရေးသူနဲ့ သူငယ် ချင်းတို့က ကျောင်းအနောက်ဘက်မလွယ်ပေါက်က မုန့်ထွက်ဝယ်ဖို့ ဆုံးဖြတ်ကြပါတယ်။ ဗိုက်ဆာနေတဲ့ အခြားသူငယ်ချင်း တွေကလည်း အီကြာကွေး၊ ပဲပလာတာ၊ စမူဆာ စသဖြင့် ဝိုင်းဝန်း မှာကြပါတယ်။ အသွားမှာ ခြေလှမ်းသွက်ခဲ့သလောက် အခန်းထဲကို ပြန်အဝင်မှာတော့ ကြိမ်လုံးကိုင်ထားတဲ့ သမိုင်းဆရာနဲ့ ပက်ပင်း တိုးပါတော့တယ်။
တစ်ခန်းလုံးမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေကလည်း မျက်နှာသေလေးတွေနဲ့ ကျွန်တော်တို့ကိုတစ်လှည့် ဆရာကိုတစ်လှည့် ပြူးကြောင်ကြည့်နေပါတယ်။ ဆရာက မင်းတို့ကို ဘယ်သူလွှတ်လိုက် တာလဲဆိုပြီး ကျွန်တော်တို့ကို မေးပါတယ်။ ကြောက်လွန်းလို့ တုန်နေပေမယ့် ဘယ်သူကိုမှ အပြစ်ပုံချမနေတော့ဘဲ လိမ်ရင်ပိုနာ မှာ စိုးတာကြောင့်လည်း ဗိုက်ဆာလို့ ခွင့်ပြုချက်မတောင်းဘဲ ခိုးထွက် ခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။
ဒါပေမယ့် အဲဒီနေ့က အရိုက်ကြမ်းတဲ့ဆရာက ကျွန်တော်တို့ကို မရိုက်ခဲ့ပါဘူး။ ဆရာမ မလာတဲ့ စာသင်ချိန်ကို အစားထိုးဝင်ပေးခဲ့တဲ့ ဆရာထွက်သွားမှ တစ်ခန်းလုံး ကျွက်စီကျွက်စီ ဖြစ်ကုန်ကာ ကျွန်တော်တို့နှစ်ဦး ဝယ်လာတဲ့ မုန့်တွေကို သူ့ဟာ၊ ကိုယ့်ဟာ ခွဲဝေ ယူပြီး စားသောက်ကြပါတယ်။ ဒီအဖြစ်အပျက်က စိတ်လှုပ်ရှားခဲ့ရတာ အမှန်ပါ။
လွမ်းဆွတ်အမှတ်ရစရာ
ကျူးလွန်ခဲ့တဲ့ အပြစ်တစ်ခုကို မလိမ်ဘဲဝန်ခံတာ၊ အခြားသူတွေကို အပြစ်ပုံမချဘဲ တာဝန်ခံမှုရှိတာတွေကို ဆရာက သဘောကျတဲ့အတွက် ကျွန်တော်တို့ကို အပြစ်က ခွင့်လွှတ်လိုက်တယ်ဆိုတာကို တဖြည်း ဖြည်း ခံစားနားလည်မိလာပါတယ်။ အဲဒီအချိန်တုန်းက ကြောက်ရွံ့ တုန်လှုပ်ခဲ့ရတာမှန်ပေမယ့် အခုအချိန်မှာ လွမ်းဆွတ်အမှတ်ရစရာ အတိတ်ဖြစ်ခဲ့ရပါပြီ။
ရေကြည်ရာ မြက်နုရာ ရှာဖွေရင်း မွေးရပ်ဇာတိနဲ့ ဝေးကွာခဲ့ရတာ ကြောင့် ဆရာလည်း သက်ရှိထင်ရှားမှ ရှိပါတော့မလား။ သက်ရှိ ထင်ရှားရှိနေဆဲဆိုရင်လည်း ဆရာ အစပြု မွေးဖွားပေးလိုက်တဲ့ အပြစ်ရှိရင် ဝန်ခံရဲတဲ့စိတ်ဓာတ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု ဒီလို စိတ်ဓာတ်တွေနဲ့ ရေဆန်လေထန်ကြားမှာ ဘဝကိုဖြတ်သန်းနေတဲ့ တပည့်တစ်ဦးကို ဆရာမှတ်မိပါလေစ။ မသေချာတော့ပါ။
စာရေးသူတို့ ငယ်စဉ်က ဆရာ ဆရာမတွေကို ချစ်လည်းချစ်၊ ကြောက်လည်း ကြောက်ခဲ့ရပါတယ်။ စာသင်ခန်းထဲမှာမှမဟုတ် အမြင်မတော်ရင် အပြင်မှာတောင် ဆရာတွေက တပည့်တွေကို ရိုက်နှက်ဆုံးမရဲကြပါတယ်။ ဒါကို ကျောင်းသားတွေ၊ မိဘတွေက လည်း နားလည်လက်ခံကျေနပ်ကြပါတယ်။
အလွယ်တကူ သင်ယူနိုင်
ယနေ့ သတင်းအချက်အလက်နည်းပညာခေတ်မှာ ဖွံ့ဖြိုးတိုးတက် မှုတွေနဲ့အပြိုင် ဆရာနဲ့ တပည့် ဆက်ဆံရေး၊ သင်ကြားသင်ယူမှု၊ တွေးခေါ်မှုပုံစံတွေက ပြောင်းလဲလာပါတယ်။ ဆရာနဲ့အပြိုင် ဆွေးနွေး ရဲတာ၊ ငြင်းခုံရဲတာတွေကို သင်ကြားသင်ယူမှုမှာ လက်ခံကျင့်သုံး လာကြပါတယ်။ စာသင်ခန်းတွေထဲမှာ သင်ယူမှုတွေအပြင် YouTube လို အင်တာနက်ဝက်ဘ်ဆိုက်တွေကနေ လေ့လာရတာတွေ၊ Zoom နဲ့ အွန်လိုင်းကနေ အလွယ်တကူ သင်ယူနိုင်တာတွေလည်း ရှိလာပါ တယ်။
အထူးသဖြင့် ယခုလို ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန် မှာ စာသင်ကျောင်းတွေကို ပိတ်ထားရတဲ့အတွက် လူနေမှုပုံစံတွေ၊ လေ့လာသင်ယူမှုပုံစံတွေ ပြောင်းလဲလာတာ သဘာဝကျပါတယ်။
သို့သော် စာသင်ခန်းထဲမှာ ဆရာနဲ့မျက်နှာချင်းဆိုင်သင်ရတာ မဟုတ်တဲ့အတွက် ဆရာနဲ့ တပည့်ကြားက မေတ္တာတရား၊ နွေးထွေးမှု၊ ရင်းနှီးချစ်ခင်မှု၊ သံယောဇဉ်တွေကတော့ ဟိုးတုန်းခေတ်ဆီကလို မရင့်သန်နိုင်တော့တာကို စိုးရိမ်ဖွယ် တွေ့မြင်လာရပါတယ်။ ဆရာ သမား မိဘစကားကို နားထောင်တတ်တဲ့၊ ကြီးသူကိုရိုသေ ရွယ်တူ ကိုလေးစား ငယ်သူများကို သနားငဲ့ညှာတတ်တဲ့၊ (၃၈) ဖြာ မင်္ဂလာတရားတော်တွေနဲ့ အလေ့အကျင့်ကောင်းတွေ၊ စိတ်ထားအလှ တွေကို စာသင်ကျောင်းတွေက လေ့ကျင့်ပျိုးထောင်ကြရမှာ ဖြစ်ပါ တယ်။
ရောဂါကူးစက်မှု ၅ ရာခိုင်နှုန်းအောက်ရောက်တဲ့၊ စိတ်ချရတဲ့ အခြေအနေမှာ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်မှာဖြစ်တယ်လို့ နိုင်ငံတော်အကြီးအကဲက ပြောကြားထားပါတယ်။ ဒါ့အပြင် စီနိုဗက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးက အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေ ထိုးနှံနိုင်တယ်လို့ သိရတဲ့အတွက် ကျောင်းတွေပြန်လည် ဖွင့်လှစ်ချိန်မှာ စိတ်ချလက်ချ ပညာသင်ကြားနိုင်ဖို့ ယခုလကုန်အတွင်း တရုတ်နိုင်ငံက လှူဒါန်းတဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး နှစ်သန်းကို ကျောင်းသား ကျောင်းသူတွေကို ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ပညာရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ တည်မှီနေပါတယ်။ ခေတ်အဆက်ဆက် ကမ္ဘာ့နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို လေ့လာဆန်းစစ်ကြည့်ရင် ပညာရေးဖွံ့ဖြိုး တိုးတက်မှုက အဆုံးအဖြတ်ပေးခဲ့တာကို တွေ့မြင်ရပါတယ်။ ပညာ ရေးကဏ္ဍ အရည်အသွေးမြင့်မားတဲ့ တိုင်းပြည်က နိုင်ငံကြီးတာ၊ ငယ်တာ၊ သယံဇာတကြွယ်ဝတာ၊ မကြွယ်ဝတာထက် နိုင်ငံမှာရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေအပေါ် မူတည်ပြီး ဖွံ့ဖြိုးတိုးတက်နေကြ တာကို တွေ့ရပါတယ်။
ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆိုရာမှာ စာသင်ကျောင်းတွေကို ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ပေးနိုင်ဖို့ လိုပါတယ်။ လက်ဦးဆရာက မိဘတွေ ဖြစ်ပြီး အိမ်မှာနေစဉ်ကတည်းက ကလေးတွေကို ကိုဗစ် - ၁၉ ကာကွယ်ရေး စည်းကမ်းတွေနဲ့အညီ နေထိုင်တတ်အောင် အနီးကပ် သင်ကြားပေးရမှာ ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ရောဂါက ကြောက်လန့်ပြီး အားငယ်ထိတ်လန့် နေရမယ့်ရောဂါ မဟုတ်ဘူး။ ဘယ်လိုကြိုတင်ကာကွယ်ရမယ်ဆိုတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို ကလေးတွေကို သင်ကြားပေးရမှာ ဖြစ်ပါတယ်။ ပါးစပ်၊ နှာခေါင်းစည်း (Mask) ကို ဘယ်လိုတပ်ရမယ်၊ လက်ဆေးတဲ့အခါမှာလည်း ဖဝါး ၊ ဖမိုး ၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ မကျန်စေရ စသဖြင့် ကဗျာလေးတွေကို ရွတ်ဆိုပြီး မှတ်မိ အောင် လေ့ကျင့်သင်ကြားပေးရမှာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ် မကစားဖို့၊ ခဲဖျက်၊ ခဲတံစတာတွေကို အခြားသူတွေနဲ့ မျှဝေ မသုံးစွဲဖို့၊ လက်မဆေးဘဲ နှာခေါင်း၊ပါးစပ်ကို မကိုင်မိဖို့ ဒါတွေကို အခုကတည်းက လေ့ကျင့်သင်ကြားထားဖို့ လိုပါတယ်။
ကလေးတွေကိုကြိုပို့တဲ့ မိဘအုပ်ထိန်းသူတွေအနေနဲ့ ကျောင်း မှာ စာရင်းပေးထားတဲ့သူ တစ်ဦးတစ်ယောက်ကပဲ ကြိုပို့တာ လုပ်သင့်ပြီး အသက်အရွယ်ကြီးရင့်သူ၊ သွေးတိုး၊ နှလုံး၊ ဆီးချို စတဲ့ ရောဂါအခံရှိသူတွေက ကျောင်းပို့ကျောင်းကြိုတာတွေ မလုပ်ဆောင် သင့်ပါဘူး။ ကလေးတွေကို လိုက်ပို့တဲ့သူတွေက ကျောင်းထဲကို မဝင်သင့်ပါဘူး။ အခြားကျောင်းသားရဲ့ မိဘတွေနဲ့ ထိတွေ့မှု မဖြစ်အောင်၊ ကျောင်းရှေ့မှာ လူစုလူဝေးမဖြစ်အောင် ကျောင်းပို့ပြီးရင် ချက်ချင်းပြန်ရပါမယ်။ ကလေးတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာ စနစ်တကျ တန်းစီပြီးမှ ဝင်သင့်ပါတယ်။
ပတ်ဝန်းကျင်ကောင်းတွေကို ဝိုင်းဝန်းဖန်တီး
မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့တွေ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီရဲ့ လမ်းညွှန်မှုနဲ့ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကာကွယ်ရေးအစီအမံတွေ ဆောင်ရွက်နေပါတယ်။ မိဘအုပ်ထိန်းသူ တွေအနေနဲ့ ကလေးတွေကို အိမ်မှာ ကာကွယ်ရေးနည်းလမ်းတွေကို သင်ပေးလိုက်ရုံတင်မကဘူး၊ ဆရာ ဆရာမတွေနဲ့ ပူးပေါင်းပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်နိုင်မယ့် ပတ်ဝန်းကျင်ကောင်းတွေကို ဝိုင်းဝန်း ဖန်တီးပေးဖို့ လိုပါတယ်။
ဆရာ ဆရာမတွေအနေနဲ့လည်း ရောဂါကာကွယ်ရေး နည်းလမ်း တွေကို ကျောင်းသားတွေ ပိုမိုသိရှိလိုက်နာနိုင်ဖို့ ကျောင်းသင်ခန်းစာ တွေမှာ ကိုဗစ် - ၁၉ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ကဗျာတွေ၊ စာစီစာကုံးရေးတာတွေ၊ Peer Education လို ကျောင်းသားတစ်ဦးက ထွက်ပြီး အလှည့်ကျကာကွယ်ရေးနည်းလမ်းတွေကို ပြောပြစေတာ တွေ ဆောင်ရွက်သင့်ပါတယ်။ မိဘ၊ ဆရာပူးပေါင်းပြီး ကလေးတွေမှာ Mask ရှိရဲ့လား၊ လက်ဆေးတဲ့နေရာ လုံလောက်ရဲ့လား၊ လေဝင် လေထွက်ကောင်းရဲ့လား စသဖြင့် လိုအပ်ချက်တွေကို ပူးပေါင်း ဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ်လို့လည်း ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ချိန်မှာ လိုက်နာဆောင်ရွက်သင့်တဲ့ အချက်တွေကို ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ပြောကြားထားတာကို ပြန်လည် လက်ဆင့်ကမ်းဝေမျှလိုပါတယ်။
ဒီလို ကိုဗစ် - ၁၉ ကပ်ရောဂါကာကွယ်ရေး စည်းကမ်းတွေကို လိုက်နာရင်း တစ်ဖက်ကလည်း ကလေးတွေရဲ့ အသိပညာ၊ အတတ် ပညာ၊ တတ်ကျွမ်းမှု၊ နားလည်မှုတို့ကို တဖြည်းဖြည်း စနစ်ကျကျနဲ့ တည်ဆောက်ကြရမှာဖြစ်ပါတယ်။ သို့မှသာ ကိုဗစ်အလွန်ကာလ ပြန်လည်တည်ဆောက်ကြရမယ့် အနာဂတ်နိုင်ငံအတွက် ပညာ ဗဟုသုတနဲ့ ပြည့်ဝ၊ နှလုံးသားလှတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ အဖြစ် ပါဝင်နိုင်စေဖို့ ဝိုင်းဝန်းပျိုးထောင်ကြပါစို့လို့ တိုက်တွန်း လိုက်ချင်ပါတယ်။ ။
- Log in to post comments