
ပါမောက္ခ မောင်လွင်
===========
“Education is the most powerful weapon which you can use to change the world.”
Nelson Mandela.
ပညာရေးနှင့်ပတ်သက်၍ ရှေးပညာရှင်ကြီးများက အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ပညာရေးသည် လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသောအခန်းကဏ္ဍဖြစ်သည်။ ယနေ့ဖွံ့ဖြိုးတိုးတက် နေသောတိုင်းပြည်များသည် ပညာရေးဖွံ့ဖြိုးတိုးတက်မှုမှ ပြောင်းလဲ လာခြင်းသာဖြစ်ပါသည်။ ပညာရေးဖွံ့ဖြိုးတိုးတက်မှုမရဘဲ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်သွားသောနိုင်ငံဟူသည် ယနေ့ကမ္ဘာမှာ မရှိသလို နောင်အနာဂတ်ကမ္ဘာမှာလည်း ရှိမည်မဟုတ်ပါ။
ပညာရေးသည် ကမ္ဘာကြီး နိုင်ငံများတိုးတက်ရန်လမ်းကြောင်း
ပညာရေးသည် လူ့သဘာဝ၊ အပြုအမူနှင့်ပတ်ဝန်းကျင်အတွက် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများကို ဖန်တီးပေးနိုင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ပညာရေးကို လေ့လာမှုမှတစ်ဆင့် အသုံး ချမှုသို့ပြောင်းလဲကာ ကမ္ဘာကြီးကို ပြောင်းလဲလာကြသည်။ တစ်နည်း အားဖြင့်ဆိုသော် ပညာရေးသည် ကမ္ဘာကြီး နိုင်ငံများတိုးတက်ရန် လမ်းကြောင်းဟုပြော၍ရပါသည်။ စာဆိုကြီး Malcolm X ကလည်း ပညာရေးနှင့်ပတ်သက်၍ “Education is the passport to the future, for tomorrow belongs to those prepare for it today” ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရပါသည်။
ပညာရေးသည် စာသင်ခန်း၏ နံရံလေးဘက်တွင် နေရာယူထား သည်ထက် ကျော်လွန်သည်ကို အထူးသတိပြုသင့်ပါသည်။ ကလေး တစ်ဦးသည် စာအုပ်ထဲရှိစာများ သင်ကြားခြင်းထက် ကျောင်းပြင်ပ အတွေ့အကြုံများ၊ လူနှင့်လူ့ပတ်ဝန်းကျင် ပြုမူဆက်ဆံမှုများနှင့် လူမှုစရိုက်များ စသည့်အချက်များကို ကျောင်းတွင်းရှိ လူအမျိုးမျိုးထံ မှ ရရှိနိုင်ပါသည်။ သင်ယူနိုင်ပါသည်။
မြန်မာနိုင်ငံတွင် ပညာရေးနှင့်ပတ်သက်ပြီး လွတ်လပ်ရေးရပြီးချိန် မှစ၍ ပုံစံအမျိုးမျိုးပြောင်းလဲကျင့်သုံးကာ တိုင်းပြည်ပညာရေးအခန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားခဲ့ကြသည်။ သို့သော် အောင်မြင်မှု နည်းပါးခဲ့သည်။ လူတစ်ဦးချင်းသာ ထူးချွန်မှုများရှိခဲ့သော်လည်း ပညာရေးကဏ္ဍတစ်ခုလုံးမှာ အောင်မြင်မှုရသင့်သလောက် မရရှိခဲ့ သည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ခဲ့ရပါ သနည်း။
မြန်မာနိုင်ငံ၏ပညာရေးသည် Formal Education or Formal Learning System ကို အဓိက အခြေခံထားသည်။ မူကြို(သို့မဟုတ်)သူငယ်တန်းကျောင်းပညာသင်မှုဖြင့် ပညာရေးကို စလေ့ရှိသော်လည်း ပုံမှန်ပညာရေးသည် မူလတန်းမှစတင်ကာ အလယ်တန်း၊ အထက် တန်း အဆင့်ဆင့်တက်ကာ နောက်ဆုံးတွင် အများစုမှာ ကောလိပ် (သို့မဟုတ်) တက္ကသိုလ်တစ်ခုတွင်ပညာသင် ဘွဲ့တစ်ခုရယူနိုင်သည်။ ထိုသို့ သင်ကြားသင်ယူရာတွင် အဆင့်တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး အချို့သော စည်းမျဉ်းများနှင့် စည်းကမ်းများအောက်တွင် နိုင်ငံတော်မှ လိုအပ်ချက်များကို ပံ့ပိုးထားသည်။ တစ်နည်းအားဖြင့် တင်းကျပ်သော စည်းကမ်းများကိုလည်း လိုက်နာရသည်။ ကျောင်းသားနှင့် ဆရာ နှစ်ဦးစလုံးသည် အဖြစ်မှန်များကို သိရှိနားလည်ကြပြီး ပညာရေး လုပ်ငန်းစဉ်တွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြရသည်။
မြန်မာနိုင်ငံ၏ ပညာရေးသင်ကြားမှုများကို လေ့လာရာတွင် အထက်တန်းအဆင့်မှစတင်၍ သိပ္ပံဘာသာရပ်များတွင် အင်္ဂလိပ်စာ ဘာသာဖြင့် စတင်သင်ကြားရပြီး တက္ကသိုလ်အဆင့်တွင် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်အားလုံးနီးပါးကို အင်္ဂလိပ်စာဖြင့် သင်ကြားရသည်။ ထိုအချက်သည် ကျောင်းသား ကျောင်းသူများအတွက် ဘာသာရပ် ကျွမ်းကျင်မှုကို ဘာသာစကားဆိုသည့်တံတိုင်းဖြင့် ခြားနားကာ ပညာရေးမြစ်ရေကြောကို ပိတ်ဆို့ထားသလိုဖြစ်နေသည်။ တစ်နည်း အားဖြင့်ဆိုသော် ဘာသာရပ်သဘောတရားထက် အင်္ဂလိပ်စာကို လေ့လာနေရသည်။ နောက်ဆုံးတွင် ဘာသာရပ်လည်းမရ အင်္ဂလိပ်စာ လည်းမရဖြစ်နေသည်ကို တွေ့ရှိရသည်။
မိခင်ဘာသာစကား
ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်နေသော ဂျပန်နိုင်ငံနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့ပင်လျှင် အခြေခံပညာရေးမှစ၍ အဆင့်မြင့် ပညာရေးဖြစ်သည့် မဟာသိပ္ပံအထိ မိခင်ဘာသာစကားဖြင့်သာ သင်ကြားကြသည်၊ သင်ယူကြသည်၊ ရေးသားကြသည်။ တစ်နည်း အားဖြင့် ဘာသာစကားအခက်အခဲ လွန်စွာနည်းပါးသွားသဖြင့် ဘာသာရပ်ကို ကောင်းစွာနားလည်ကြသည်။ ဘာသာရပ်ကောင်းမွန်စွာ ကျွမ်းကျင်ကြသည်။ တိုင်းပြည်တိုးတက်ရေးအတွက် တွေးတောနိုင်ကြ သည်၊ ကြံဆနိုင်ကြသည်။
နိုင်ငံတကာမှထွက်ရှိသော စာအုပ်စာတမ်းများကို ဘာသာပြန် အဖွဲ့အစည်းမှ မိခင်ဘာသာသို့ ပြောင်းလဲထုတ်ဝေပေးကြသဖြင့် မူလတန်းအဆင့်မှပင်စတင်၍ အဆင့်မြင့်ပညာရပ်များကို မိခင်ဘာသာ စကားဖြင့် ဖတ်ရှုနားလည်နေကြသည်ကို တွေ့ရှိရပါသည်။ တစ်နည်း အားဖြင့် အင်္ဂလိပ်စာတတ်ခြင်းသည် တစ်ကဏ္ဍ၊ ဘာသာရပ် ကျွမ်းကျင် မှုသည် တစ်ကဏ္ဍဖြစ်သည်။
အဆင့်မြင့်ပညာရေးကဏ္ဍ တိုးတက်ခြင်းသည် ပညာရေးတိုးတက် ခြင်းပင်ဖြစ်သည်။ သို့သော် အဆင့်မြင့်ပညာရေး တိုးတက်စေရန် အခြေခံအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်များတွင် ကျောင်းသား ကျောင်းသူများကို စိတ်ဓာတ်၊ စည်းကမ်းနှင့် အခြေခံ သဘောတရားများကို လေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်ပါသည်။ နိုင်ငံတကာမှ ပညာရှင်များ၏ တီထွင်မှု၊ အောင်မြင်မှုများကို သင်ကြား ပေးရမည်။ တီထွင်ဆန်းသစ်မှုများ ပြုလုပ်လိုစိတ်ကိုမွေးမြူရမည်။ လေကျင့်ပေးရမည်။
မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးတိုးတက်စေရန် အဓိကလိုအပ် ချက်တစ်ခုမှာ နိုင်ငံတော်တွင် (သို့မဟုတ်) တက္ကသိုလ်ကြီးများတွင် နိုင်ငံတကာအဆင့်မီ National/State Key Laboratory များရှိရန် လိုအပ်ပါသည်။ ၎င်း National/ State Key Laboratory များတွင် ဘာသာရပ်အားလုံးအတွက် အဆင့်မြင့်သုတေသနများကို ပြုလုပ်နိုင် အောင် စီစဉ်ပေးထားနိုင်ရပါမည်။ တက္ကသိုလ်အချို့တွင် ရှိနေသည့် University Research Center အဆင့်လောက်ဖြင့် တိုင်းပြည် အတွက်မလုံလောက်ပါ။ ယနေ့မြန်မာနိုင်ငံတွင် တက္ကသိုလ်အလိုက်၊ ဌာနအလိုက် သိပ္ပံပစ္စည်းဆိုင်ရာများကို ဝယ်ယူကြပါသည်။ နိုင်ငံတော် ကလည်း ငွေကြေးထောက်ပံ့ပေးထားသည်။ သိန်းထောင်ချီ၍ သုံးစွဲ နေကြသည်။ အမှန်တကယ်သုံးစွဲရန် လိုအပ်ပါသည်။ တစ်ခါတစ်ရံ သိန်းထောင်ချီဝယ်ယူရသောပစ္စည်းများကို မည်သည့်သုတေသနမျှ အသုံးချမရဘဲ ဒီအတိုင်းထားရှိသည်ကို တွေ့နေရပါသည်။
နိုင်ငံတော်အနေဖြင့် National/State Key Laboratory များကို ပညာရှင်များဦးစီးကာ နိုင်ငံတော်အဆင့် စနစ်တကျတည်ဆောက် နိုင်မည်ဆိုပါက တက္ကသိုလ်များမှ ပညာရှင်များနှင့် ဝန်ကြီးဌာန အသီးသီးမှပညာရှင်များကို သုတေသနများ လာရောက်လုပ်ဆောင် စေခြင်း၊ တီထွင်ဆန်းသစ်မှုများ ပြုလုပ်စေခြင်းဖြင့် နိုင်ငံတကာ အဆင့်မီသုတေသနရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်ပါမည်။ နိုင်ငံတော်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမက နိုင်ငံအတွင်းရှိ စက်မှုလက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ အတွက် လိုအပ်သည့်စမ်းသပ်မှုများကို နိုင်ငံတော်ကိုယ်စား ပြုလုပ် ပေးနိုင်ပြီး နိုင်ငံတော်အကျိုးပြုပေးနိုင်ကာ နိုင်ငံတော်အကျိုးကို တိုးတက်စေမည်ဖြစ်ပါသည်။
ပညာရေးနှင့် ကျန်းမာရေးကို အထူးအလေးထား
မြန်မာနိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်က ပံ့ပိုးမှုများ၊ ပြောင်းလဲမှုများ လိုအပ်သကဲ့သို့ ပြည်သူလူထုကလည်း ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်ပါသည်။ ယနေ့နိုင်ငံတော်အကြီးအကဲ သည် ပညာရေးနှင့် ကျန်းမာရေးကို အထူးအလေးထားကာဆောင်ရွက် ရန် လမ်းညွှန်မှုများ ပေးလျက်ရှိပါသည်။ ကိုဗစ် - ၁၉ ကပ်ရောဂါကို ထိန်းချုပ်လာနိုင်သည်နှင့်အမျှ ကျောင်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဖွင့်လှစ်ပေးလျက်ရှိသော်လည်း အချို့သော နိုင်ငံရေးလှုံ့ဆော်သူများ က ကျောင်းသား ကျောင်းသူများ ကျောင်းမတက်ရေး၊ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ဝင်ရောက်မဖြေဆိုရေးအတွက် လှုံ့ဆော်လျက်ရှိသည် ကို စိတ်မကောင်းစွာတွေ့ရှိရပါသည်။
အမှန်တကယ်အားဖြင့်ဆိုသော် ပညာရေးနှင့်ကျန်းမာရေးကို နိုင်ငံရေးနှင့် ရောယှက်မှုမပြုလုပ်သင့်ပါ။ မည်သည့်အစိုးရ အုပ်ချုပ်စေ ကာမူ လူငယ်များ ပညာသင်ကြားရပါမည်။ မည်သည့်နိုင်ငံတွင်မဆို တိုင်းပြည်ကို အမှန်တကယ်ချစ်မြတ်နိုးသူတိုင်းသည် လူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ အခွင့်အလမ်းရရန် ကြိုးစားလုပ်ဆောင်ပေးနေကြသည်။ ကမ္ဘာပေါ်တွင် မည်သည့်အစိုးရ လက်ထက်ပညာရေးမို့ အသိအမှတ်မပြုဆိုသည်မှာ ရှေ့ကလည်း မရှိခဲ့သလို နောင်တွင်လည်း ရှိမည်မဟုတ်ပါ။
လူငယ်များ စာသင်ခန်းများထဲတွင်သာရှိနေသင့်ပြီး ပညာ သင်ကြားနိုင်သည့် အခွင့်အရေးများရရှိရန် လိုအပ်ပါသည်။ အွန်လိုင်းမှ သင်ကြားရန်ဆိုသည်မှာ လက်တွေ့တွင် အခက်အခဲများစွာရှိပါသည်။ မိဘများကလည်း အမှန်တကယ် လက်တွေ့ကျကျနားလည် သဘောပေါက်ကာ မိမိတို့ သား၊ သမီးများကို ပညာသင်ကြားမှုအခွင့် အလမ်းများ မဆုံးရှုံးအောင် ဆောင်ရွက်ပေးသင့်ပါသည်။ သို့မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကိုတည်ထောင်ရာတွင် အဓိကလိုအပ်ချက်ဖြစ်သည့် အရည်အချင်းပြည့်ဝသော လူသားအရင်းအမြစ်များရရှိနိုင်ပါမည်။ နိုင်ငံတော်ကလည်း အမှန် တကယ်ပြောင်းလဲရန်လိုအပ်ချက်များကို လူကောင်းလူတော်များ အသုံးချပြောင်းလဲလိုက်မည်ဆိုပါက မြန်မာနိုင်ငံ၏ပညာရေးသည် တိုးတက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း အကြံပြုရေးသား တင်ပြလိုက်ရပါသည်။ ။
- Log in to post comments