ပညာသည်သာ တိုးတက်မှုအဖုံဖုံကို ဖန်တီးနိုင်

အယ်ဒီတာ့အာဘော်

=========

 

ပညာသည်သာ တိုးတက်မှုအဖုံဖုံကို ဖန်တီးနိုင်

=======================

 

တိုင်းပြည်တစ်ပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးတို့တွင် နိုင်ငံတကာနှင့်ရင်ပေါင်တန်း နိုင်ရေး စသည်တို့ကို ဖန်တီးတည်ဆောက်ကြရာ၌ သက်ဆိုင်ရာကဏ္ဍ အလိုက် အားကောင်းခိုင်မာသည့် စည်းကမ်းစနစ်ကောင်းမွန်မှုနှင့် တွေးခေါ် မြော်မြင်ဆင်ခြင်နိုင်မှုအားကောင်းသော လူသားအရင်းအမြစ်များ တက်ညီ လက်ညီ ပါဝင်လာရန်လိုအပ်ပါသည်။

တိုင်းပြည်တစ်ပြည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် ရုပ်ပိုင်းဆိုင်ရာ ကဏ္ဍအပိုင်း၌ ဖွဲ့စည်းတည်ဆောက်မှုကောင်းမွန်သည့် စည်းကမ်းနှင့် စနစ်တို့ကို ဦးစွာကတည်းက ခိုင်ခိုင်မာမာ တည်ဆောက်ထားရန် လိုအပ်ပါ သည်။ စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် တွေးခေါ်မြော်မြင် ဆင်ခြင်နိုင်စွမ်းမြင့်မား သည့် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရန်လိုအပ်သည်။ ထို တိုင်းပြည်၏ နိုင်ငံသားအားလုံးနှင့်ပတ်သက်၍မူ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တွင် အားလုံးတစည်းတလုံးတည်း ပါဝင်ကြရန်လိုအပ်ပါသည်။

ထိုအယူအဆ လုပ်ထုံးလုပ်နည်းများကို ၁၉ ရာစု အစောပိုင်းကာလ ကတည်းက အနောက်နိုင်ငံများက ကြံဆကြိုးပမ်းနိုင်ကြပြီး ရာစုနှစ်တစ်ခု အတွင်း ထိပ်တန်းနိုင်ငံများဖြစ်လာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့်လည်း ၁၉ ရာစုနှောင်းပိုင်းမှစ၍ မိမိနိုင်ငံကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့သော်လည်း တစည်းတလုံး တည်းမရှိခြင်းနှင့် အခါနှောင်းခဲ့ခြင်းတို့ကြောင့် တိုင်းပြည်မှာ ရှေ့ဆက် မတက်နိုင်တော့ဘဲ တိုင်းတစ်ပါးကျွန်ဘဝသို့ပင် ရောက်ခဲ့သည့်အဖြစ်ကို ကြုံခဲ့ရသည်။

ဆိုလိုချင်သည်မှာ နိုင်ငံတကာအဆင့်မီ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရေးအတွက် တွေးခေါ်မြော်မြင် ဆင်ခြင်နိုင်မှုမြင့်မားသော ပညာတတ် (လူ့စွမ်းအားအရင်းအမြစ်) များ အချိန်အခါအလိုက် တစုတဝေးတည်း ပေါ်ထွန်းလာပြီး တိုင်းပြည်နှင့်လူမျိုးအကျိုးကို ဝိုင်းဝန်းသယ်ပိုးနိုင်ရေး ဖြစ်သည်။ ၁၉ ရာစုတွင် ကမ္ဘာ့နိုင်ငံအချို့က မိမိတို့နိုင်ငံ အကျိုးဖြစ်ထွန်းရေး အတွက် ထိုးဖောက်ကြိုးပမ်းနိုင်ခဲ့ကြပြီး ၂၀ ရာစု၊ ၂၁ ရာစုများတွင် ကမ္ဘာ့နိုင်ငံ များက ယင်းတို့ကို သင်ခန်းစာဖော်ထုတ်ကာ မိမိတို့နိုင်ငံများ ကိုယ်စီ ကိုယ်စီတိုးတက်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။

တိုးတက်ဖြစ်ထွန်းမှုအားလုံးတို့၏ အခြေခံကျသည့်အရင်းအမြစ်သည် ပညာပင်ဖြစ်သည်။ ပညာတတ်ရန်၊ ပညာအဝန်းအဝိုင်းမှတစ်ဆင့် အတွေး အခေါ်ကောင်းများ ပေါ်ထွက်လာရန်လိုအပ်သည်။ အတွေးအခေါ်ကောင်းမှ အလုပ်အကိုင်ကောင်းများရရှိမည်။ အတွေးအခေါ်မှန်မှ အလုပ်အကိုင်မှန်များ ဖြစ်လာမည်။ သမားရိုးကျတွေးခေါ်လျှင် သာမန်အခြေအနေမျှဖြင့် ရပ်တည် နိုင်မည်။ ထိုးထွင်းတီထွင်ကြံဆ ထူးချွန်ပြောင်မြောက်အောင် တွေးခေါ် ကြိုးပမ်းနိုင်မှသာလျှင် သာမန်အဆင့်ထက် မြင့်တက်၍ တိုးတက်သည့် လူမျိုး၊ တိုးတက်သည့်နိုင်ငံ ဖြစ်ပေါ်လာမည်။

မြန်မာနိုင်ငံ၌ နိုင်ငံနှင့်နိုင်ငံသားများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံ ကောင်းရှိခဲ့ပါသည်။ ယင်းမှာ ရန်ကုန်တက္ကသိုလ်ကြီးဖြစ်သည်။ ရန်ကုန် တက္ကသိုလ်ကြီးသည် ပညာအမွေပေးရာ ရပ်ဝန်းကြီးအဖြစ် စတင်အခြေ တည်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်အား တည်ထောင်ရာတွင် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးများ၏ စည်းမျဉ်းစည်းကမ်း၊ နည်းစနစ်များအတိုင်း တည် ထောင်ခဲ့သည်။ တက္ကသိုလ်ဖွဲ့စည်းတည်ဆောက်မှု၊ ပညာသင်ကြားမှု အားလုံးတို့ကို အဆင့်မြင့်မြင့်စနစ်တကျ ဖန်တီးနိုင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ကြသူများသည် မိမိနိုင်ငံ၊ မိမိလူမျိုးအတွက်ဟူသော ခံယူချက်ဖြင့် ပညာသင်ကြားခဲ့သည်။ တွေးခေါ်မြော်မြင်ကြံဆ အားထုတ်ခဲ့ ကြသည်။

ရန်ကုန်တက္ကသိုလ်နှင့် ပညာအမွေဆက်ခံသူများသည် နိုင်ငံ၏အနာဂတ် ကောင်းကျိုးအတွက် အမှန်တကယ်ပင်ရှေးရှုနိုင်ခဲ့သည်။ သို့သော် ခေတ်ကာလပြောင်းလဲမှုများနှင့် ပညာရေးစနစ်၊ အုပ်ချုပ်ရေးစနစ် ပြောင်းလဲ မှုများ၏ နောက်ဆက်တွဲအကျိုးဆက်များ၌ ပညာမှပေးသော တွေးခေါ် မြော်မြင် တီထွင်ကြံဆဖန်တီးနိုင်စွမ်းများ အားနည်းလာခဲ့သည်ကို တွေ့ရ သည်။ စနစ်ကျကောင်းမွန်သည့် ပညာရပ်ဝန်းသည် အလွန်အရေးကြီးသည်ကို သိမြင်ပြီး တွေးခေါ်မြော်မြင် တီထွင်ကြံဆမှုကိုအခြေခံသော ပညာရေး စနစ်ကို ဦးတည်လျက်ရှိသည်။ ပညာအမွေပေးဝေရာ ရန်ကုန်တက္ကသိုလ် ကြီးကိုလည်း တစ်ချိန်က ထင်ရှားကျော်ကြားသော ရန်ကုန်တက္ကသိုလ်ကြီး ကဲ့သို့ ပြန်လည်ဖြစ်ပေါ်လာအောင် ကြိုးပမ်းအားထုတ်နေကြသည်။

သို့ဖြစ်ရာ ပညာသည်သာ တိုင်းပြည်အတွက် မကုန်မခန်းနိုင်သော အရင်းအမြစ်များ၊ ပညာမှသာ တိုင်းပြည်တိုးတက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွက်လာအောင် ဖန်တီးနိုင်သည်ဖြစ်ရာ မျိုးဆက်သစ် တာဝန်ရှိသူများ၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အတိတ်က ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ယူဝင့်ကြွားဖွယ်ရာများနှင့်ပညာ ဂုဏ်ရည်များကို အတုယူအားကျပြီး အနာဂတ်တွင် အတိတ်ကကဲ့သို့ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သော တက္ကသိုလ်ဖြစ်အောင်၊ နိုင်ငံတကာနှင့် တန်းတူလိုက်နိုင်သော ပညာတတ်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက် ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။