၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို အမြို့မြို့အနယ်နယ် တို့တွင် ကျင်းပလျက်ရှိသည်။ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူသည့်လုပ်ငန်းကို လာမည့်အောက်တိုဘာလ ၁ ရက် နေ့မှ ၁၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရှေ့ပြေး လူဦးရေစာရင်းကို ယခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန် နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေ နှင့်လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာသုတေသနပြုလုပ် ပြီး လိုအပ်သည့် မူဝါဒများ၊ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ချမှတ်နိုင်ရန်၊ ကဏ္ဍအလိုက် ချမှတ်ဆောင်ရွက်မည့် စီမံကိန်းများ ကို အထောက်အကူပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတို့ကို အကောင်အထည်ဖော်ရာ တွင် လိုအပ်သည့်အညွှန်းကိန်းများကို နောက်ဆုံးအခြေအနေနှင့် အညီ ပံ့ပိုးပေးနိုင်ရန်နှင့် အမျိုးသားစာရင်းအင်းစနစ်၏ စာရင်းအင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာကို အထောက်အပံ့ပြုနိုင်ရန် စသည့်ရည်ရွယ်ချက်များ ပါဝင်သည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်ဖြစ်သော လွတ်လပ်၍တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သန်းခေါင်စာရင်းကောက်ယူပြီး ထွက်လာသည့် လူဦးရေစာရင်းမှ မဲစာရင်းများမှန်ကန်စွာ ပြုစု နိုင်ရေးဖြစ်သည်။ “၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုကြောင့် နိုင်ငံသမိုင်းတွင် အလွန်ဆိုးရွား သည့် အမည်းစက်ဖြစ်ခဲ့ရသည့်အဖြစ်မျိုး ထပ်မံမဖြစ်စေရေး အဖြစ်နိုင်ဆုံး မဲစာရင်းမှန်ကန်အောင် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လူဦးရေ နှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အောင်မြင်စွာကောက်ယူနိုင်ရေးနှင့် စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ဆောင် ရွက်သွားရမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သန်းခေါင် စာရင်းကောက်ယူပြီးမှသာ လူဦးရေစာရင်းထွက်လာမည်ဖြစ် ကာ မဲစာရင်းများ ပြုစုနိုင်မည်ဖြစ်ပါကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၃/၂၀၂၄) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
လာမည့်အောက်တိုဘာလတွင် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူခြင်း၊ ရွေးကောက်ပွဲကို စည်းစနစ်ကျနစွာဖြင့် အစောဆုံးကာလတွင် ကျင်းပခြင်း၊ ရွေးကောက်ပွဲမှ ထွက်ပေါ် လာသည့် အစိုးရကို နိုင်ငံတော်တာဝန်များလွှဲအပ်ခြင်းတို့မှာ တစ်ဆက်တစ်စပ်တည်းပင်ဖြစ်ရာ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း သည် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းနိုင်ရန်အတွက် အရေးပါသည့် အဓိကလုပ်ငန်းကြီး တစ်ရပ်ဖြစ်သည်။ လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက် များ မှန်ကန်စွာရရှိခြင်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ များလူမှုစီးပွားဘဝမြင့်မားရေးတို့ကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများတွင် ပြည်သူတစ်ရပ်လုံး တက်ကြွစွာပူးပေါင်းပါဝင် ခြင်း၊ စာရင်းကောက်သူများ မေးမြန်းသည့်မေးခွန်းများကို မှန်ကန်ပြည့်စုံစွာ ဖြေဆိုခြင်းဖြင့် နိုင်ငံသူနိုင်ငံသားတို့ တာဝန် ကျေပွန်နိုင်ကြပါစေကြောင်း။ ။
Remark Type