Type

မင်းခန့်
====
မကြာခင်ရက်ပိုင်းကပဲ စာရေးသူအနေနဲ့ “မဲမသမာ မှုဖြစ်ခဲ့သည့် ငြင်းမရနိုင်သောအချက်များ” ဆိုတဲ့ ဆောင်းပါးကို အစိုးရထုတ်သတင်းစာများမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဒီလိုရေးလိုက်တော့ ဆောင်းပါးကို စိတ်ဝင်စားတဲ့သူတွေက လူမှု ကွန်ရက် (facebook)ပေါ်မှာ ပြန်လည်မျှဝေကြပြီး ဆွေးနွေးဝေဖန်သုံးသပ်လာကြတာကို တွေ့ရပါ တယ်။ ဒီလိုဆွေးနွေးဝေဖန် သုံးသပ်ပေးကြတဲ့သူတွေ ကိုလည်း စာရေးသူအနေနဲ့ အထူးကျေးဇူးတင်ရှိ ကြောင်း ပြောပါရစေ။ ဒီလိုဆွေးနွေးကြတဲ့နေရာမှာ ရရှိလာတဲ့ အကျိုးကျေးဇူးက ဒီ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ မဲမသမာမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရင်ထဲမှာရှိနေတဲ့ မတင်မကျဖြစ်နေတဲ့ မေးခွန်းတွေ၊ စိတ်ခံစားချက်တွေ၊ ဆွေးနွေးချက်တွေ ပေါ်ထွက်လာတာပါပဲ။ ဒါက အင်မတန်မှ ကောင်းမွန် တဲ့အချက်ပါ။ စာရေးသူအနေနဲ့ ပြည်သူတွေရဲ့ မတင်မကျဖြစ်နေတဲ့ ခံစားချက်တွေ၊ မေးခွန်းတွေကို မိမိတတ်စွမ်းသမျှ ပြန်လည်ရှင်းလင်းတင်ပြဖို့ အခွင့် အရေးရရှိလာပါတယ်။ ဒါကြောင့်လည်း ဒီဆောင်းပါး လေး ထပ်မံပေါ်ထွက်လာရတယ်ဆိုပါတော့ဗျာ။
တပ်မတော်က ဘာကြောင့်အာဏာထိန်းရသလဲ
မြန်မာနိုင်ငံမှာ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံ ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူအများ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိရှိလိုတဲ့မေးခွန်း ကတော့ တပ်မတော်က ဘာကြောင့်အာဏာထိန်း ရသလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ရိုးရိုးရှင်းရှင်းနဲ့ ခပ်တိုတိုဖြေရမယ်ဆိုရင်တော့ တစ်ပါတီအာဏာရှင်စနစ် ပြန်မဖြစ်ရလေအောင် ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီစနစ်မယိုင်လဲ ရအောင် မည်သို့မျှလက်ခံလို့မရတဲ့ အခြေအနေ အထိဖြစ်ခဲ့ရတဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ မဲလိမ်မဲခိုးမှုတွေကြောင့် အခြေခံဥပဒေအရ တပ်မတော်က အာဏာထိန်းရခြင်းဖြစ်တယ်လို့ ဖြေရမှာပါ။ဒါကြောင့်လည်း“မဲမသမာမှုဖြစ်ခဲ့သည့် ငြင်းမရနိုင်သော အချက်များ”ဆိုတဲ့ ယခင်ဆောင်းပါး မှာ စာရေးသူအနေနဲ့ NLD အစိုးရ၊ ပါတီနဲ့၊ ယခင် UEC တို့ ပူးပေါင်းပြီး ဘယ်လိုမဲမသမာမှုတွေ ဆောင်ရွက်ခဲ့ကြတယ်ဆိုတာကို သုံးသပ်ဆွေးနွေး ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး ပြည်သူ လူထုကြီးသိချင်နေကြတဲ့ နောက်ထပ် မေးခွန်း တစ်ခုက ယာယီသမ္မတက အရေးပေါ်အခြေအနေ ကြေညာတာ ဥပဒေနဲ့ ညီသလားဆိုတဲ့ မေးခွန်းပါပဲ။ ညီပါတယ်ဆိုတဲ့အဖြေကို နားလည်ဖို့ အခြေခံ ဥပဒေကို သဘောပေါက်ဖို့ အနည်းငယ်လိုအပ်လာပါ တယ်။ အမှန်တော့ NLD အနေနဲ့ အစိုးရစတက်လာ ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပြဋ္ဌာန်းခဲ့တဲ့ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ” ကို ပြဋ္ဌာန်းကတည်းက အခြေခံဥပဒေကို လက်တစ်လုံးခြားလုပ်ဖို့ စတင်ခဲ့တာလို့ ပြောလို့ ရတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သူ့ အတွက် ပြဋ္ဌာန်းထားတဲ့ဥပဒေကို ချိုးဖောက်ပြီး အတိုင်ပင်ခံဥပဒေက ခွင့်ပြုထားတာထက်ပိုပြီး သမ္မတတစ်ဦးကဲ့သို့ ဝင်ရောက်ဆုံးဖြတ်လုပ်ကိုင်နေ တဲ့ကိစ္စတွေ၊ လုပ်ဆောင်ချက်တွေ များစွာရှိခဲ့တယ်။ သမ္မတအထက်မှာနေမယ်လို့လည်း သူကိုယ်တိုင် ကမ္ဘာသိထုတ်ဖော် ပြောခဲ့တာပါ။ အဲဒီတော့ အခြေခံ ဥပဒေပုဒ်မ ၁၆ “နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံ တော်၏ အုပ်ချုပ်ရေးအကြီးအကဲသည် သမ္မတဖြစ် သည်။” ဆိုတာကို အလိုလိုပျက်ယွင်းပြီးသား၊ ချိုးဖောက်ပြီးသား ဖြစ်နေခဲ့တာပါ။ သမ္မတကြီးအနေ နဲ့လည်း သူဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားတွေကို ကျေပွန်စွာထမ်းဆောင်နိုင်ခြင်း မရှိခဲ့တာကြောင့် အခြေခံဥပဒေ ပုဒ်မ ၇၁ (က) ၂/၄/၅ မှာ ပြဋ္ဌာန်း ထားတဲ့ ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်တွေကို မလိုက်နာ တာ၊ သမ္မတတစ်ယောက်ရဲ့ အရည်အချင်းပျက်ယွင်း တာ၊ ဥပဒေအရပေးထားတဲ့ တာဝန်တွေကို မထမ်း ဆောင်နိုင်တာမျိုးတွေ ဖြစ်ခဲ့တာပေါ့။
ဗြောင်ကျကျဝင်ရောက် ဆောင်ရွက်ခဲ့
နောက်တစ်ချက်ကတော့ အများသိပြီးဖြစ်တဲ့ နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီလုပ်ငန်းတွေမှာ ဗြောင်ကျကျဝင်ရောက် ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေပါ။ အခြေခံဥပဒေပုဒ်မ ၆၄ နဲ့ ၂၃၂ (ဋ) တွေမှာ နိုင်ငံတော်သမ္မတတွေ၊ ပြည်ထောင်စုဝန်ကြီးတွေဟာ ပါတီလုပ်ငန်းတွေ ဝင်ရောက်ဆောင်ရွက်ခွင့်မရှိဘူးဆိုတာ အတိအလင်း ပြဋ္ဌာန်းထားပြီးသားပါ။ ဒီလိုတွေပြဋ္ဌာန်းထားရ တာက မြန်မာနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီခေတ်မှာ ရှိခဲ့ဖူးတဲ့ ပါတီနိုင်ငံရေး လွန်ကဲမှုတွေ၊ အစိုးရရဲ့ အခွင့်အာဏာကိုသုံးပြီး မိမိပါတီရဲ့ အကျိုးစီးပွားကို ဆောင်ရွက်တာတွေ မဖြစ်ရအောင် အမျိုးသားနိုင်ငံ ရေးနဲ့ ပါတီနိုင်ငံရေးကို စည်းခြားပေးထားတာ ဖြစ်ပါတယ်။ ဒါတွေကို သိသိလျက်နဲ့ ချိုးဖောက်ပြီး COVID-19 ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားနေတဲ့ကာလ ကြီးမှာ မဲဆွယ်တဲ့ကိစ္စတွေ ဆောင်ရွက်ခဲ့လို့လည်း ရဲအရေးပိုင်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ တရားစွဲဆိုခံရတာတွေ ဖြစ်လာ ခဲ့တာပေါ့။
ဒီလိုမျိုးတွေဖြစ်လာတော့ အခြေခံဥပဒေပုဒ်မ ၇၃ (က) မှာ တစ်စုံတစ်ခုသောအကြောင်းကြောင့် သမ္မတနေရာလစ်လပ်သွားရင် လွှတ်တော်ကနေ ဒုတိယမဲအများဆုံးနဲ့ ရွေးချယ်ထားတဲ့ ဒုတိယ သမ္မတတစ်ဦးက ယာယီသမ္မတအဖြစ် ထမ်းဆောင် ရမယ်ဆိုတာ ပြဋ္ဌာန်းထားပါတယ်။ ဒီပုဒ်မမှာ ရည်ညွှန်းတဲ့ တစ်စုံတစ်ခုသောအကြောင်းကြောင့် ဆိုတာက ရှေ့မှာဖော်ပြခဲ့တဲ့ သမ္မတတစ်ယောက်ရဲ့ အရည်အချင်းပျက်ယွင်းတဲ့ကိစ္စတွေ၊ တာဝန် ပျက်ကွက်မှုတွေ၊ အခြေခံဥပဒေ ချိုးဖောက်မှုတွေနဲ့၊ ရဲအရေးပိုင်တဲ့ ကိစ္စရပ်တွေ အကျုံးဝင်သွားတာပေါ့။ ဒါကြောင့် ယာယီသမ္မတကနေ အရေးပေါ်အခြေ အနေကြေညာတာ အခြေခံဥပဒေနဲ့ ညီညွတ်ပါ တယ်။
နောက်ထပ်မေးခွန်းတစ်ခုက တပ်မတော်က မဲစာရင်းတွေဝင်စစ်လို့ရလားဆိုတဲ့ ကိစ္စပါ။ စစ်လို့ရ တာပေါ့။ တပ်မတော်မှမဟုတ်ပါဘူး၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၁၅ (ခ) အရ နိုင်ငံသားတစ်ဦးချင်းစီမှာ ဒီမဲစာရင်းကို မိတ္တူ ကူးယူခွင့် ရှိပါတယ်။ မိတ္တူကူးတယ်ဆိုမှတော့ ဒီမဲစာရင်းကို စစ်ဆေးချင်လို့ စေ့စေ့စပ်စပ် လေ့လာ ဖို့အတွက် အထောက်အထားလိုချင်လို့ပေါ့ဗျာ။ ဆိုလိုတာက မဲစာရင်းဆိုတာက ပြည်သူလူထုရဲ့ အချက်အလက်တွေ၊ မဲပေးပိုင်ခွင့်ရှိသူအားလုံးနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေဖြစ်ပါတယ်။ အများ ပိုင်အချက်အလက်တွေဖြစ်ပါတယ်။ မဲပေးပိုင်ခွင့်ရှိ တဲ့ တပ်မတော်သားတွေအားလုံးက ပြည်သူများနဲ့ တစ်ပြေးညီ သက်ဆိုင်ရာ မဲရုံတွေမှာ မဲပေးခဲ့ကြတာ ပါ။ ဒါက လူတစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းတိုင်းရဲ့ လွတ်လပ်ပိုင်ခွင့်ပဲ။ အခြေခံဥပဒေအရ တပ်မတော် က အမျိုးသားနိုင်ငံရေးအရ ဒီမိုကရေစီလမ်းကြောင်း မယိမ်းယိုင်အောင် ဝင်ရောက်ထိန်းကျောင်းနိုင်တဲ့ အခွင့်အရေးလည်း ရှိနေတာဖြစ်ပါတယ်။ တပ်မတော်မှမဟုတ်ပါဘူး၊ စိတ်ဝင်စားတဲ့ မည်သည့် အဖွဲ့အစည်းမဆို ဒီမဲစာရင်းတွေကို စစ်ဆေးကြည့် လို့ရတာပါပဲ။ သုတေသနပြုကြည့်လို့ ရတာပါပဲ။ ဒါကြောင့် တပ်မတော်အနေနဲ့ စစ်ဆေးတွေ့ရှိချက် တွေကိုသာ ထုတ်ပြန်ကြေညာပြီး တာဝန်ရှိတဲ့ UEC က ဖြေရှင်းပေးဖို့၊ အရေးယူဆောင်ရွက်ဖို့ တောင်းဆို ခဲ့တာ တွေ့ရမှာပါ။ ကိုယ်ကမှန်နေရင် ဘာကြောင့် အစစ်ဆေးမခံနိုင်သလဲဆိုတဲ့ မေးခွန်းမေးလာရင် တော့ ယခင် UEC အကျပ်ရိုက်မယ်ထင်တယ်။
ဘယ်လိုမဲမသမာမှု မဲခိုးမှုတွေလုပ်ခဲ့တယ်ဆိုတာ
တချို့ကတော့ ဒီလောက်ကြာနေပြီ အခု UEC စစ်နေတာတွေက အခုထိ မပြီးနိုင်သေးဘူးလား၊ အပြီးသတ်ထုတ်ပြန်ချက် မထုတ်နိုင်သေးဘူးလား၊ တာဝန်ရှိသူတွေကို ဘယ်လိုအရေးယူမှာလဲလို့ မေးကြပါတယ်။ ဒီမေးခွန်းတွေကတော့ ယခု UEC နဲ့သာ တိုက်ရိုက်သက်ဆိုင်မယ်ထင်ပါတယ်။ စာရေးသူလေ့လာမိသလောက် ရွေးကောက်ပွဲ လုပ်နိုင်ခဲ့တဲ့ မြို့နယ်ပေါင်း ၃၁၅ မြို့နယ်မှာ ၃၀၉ မြို့နယ်က စစ်ဆေးပြီးသွားပါပြီ။ ကျန်ရှိတဲ့ မြို့နယ် တွေ စစ်ဆေးပြီးရင်တော့ အချက်အလက် ခိုင်ခိုင် လုံလုံနဲ့ ဘယ်လိုမဲမသမာမှု မဲခိုးမှုတွေလုပ်ခဲ့တယ် ဆိုတာကို
အထောက်အထားတွေနဲ့ ရှင်းလင်းမှုတွေ ထွက်လာ မယ်လို့ထင်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာက စာရင်းဇယားတွေထက် ဘယ်လိုပုံစံနဲ့ မဲမသမာမှု တွေလုပ်ဖို့ ကြိုတင်ပြင်ဆင်ခဲ့တယ်၊ ဘယ်လို အထောက်အထားတွေ တွေ့ရတယ်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဘယ်လိုဝင်ရောက် ပတ်သက်ခဲ့ တယ်ဆိုတာတွေကို အထောက်အထားတွေနဲ့တကွ ချပြနိုင်ဖို့ အရေးကြီးမယ်ထင်ပါတယ်။ ဥပမာ ဒီမှာ တော့ မဲလက်မှတ်လက်ခံဖြတ်ပိုင်း၊ ဒီမှာတော့ ကျန်ရှိနေတဲ့မဲလက်မှတ်တွေ၊ ဒီမှာတော့ ပိုနေတဲ့ မဲစာရွက်တွေ၊ ဒါကြောင့် ဘယ်လောက် ပျောက်ဆုံး နေတယ်ဆိုတာမျိုးတွေပါ။ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်တွေက လက်ရေးမူနဲ့ ရေးပေးထားတဲ့ ခန့်အပ်ရမယ့် ရွေးကော်အဖွဲ့စာရင်းမူရင်းတွေ၊ NLD အသာရအောင် ထုတ်ပြန်ထားတဲ့ ထုတ်ပြန် ချက်မူရင်းတွေကို ချပြဖို့လိုလိမ့်မယ် ထင်ပါတယ်။ သမိုင်းမှတ်တမ်းကျန်ဖို့နဲ့ နောက်လာမယ့် ရွေးကောက် ပွဲတွေအတွက် သင်ခန်းစာယူနိုင်အောင်အတွက် ဖော်ထုတ်သုံးသပ်ချက်တွေကို ရှင်းလင်းမြင်သာတဲ့ မှတ်တမ်းများနဲ့ ထုတ်ပြန်မယ်လို့ ထင်ပါတယ်။
အရေးယူဆောင်ရွက်မှုတွေ
မဲစာရင်းတွေဖောင်းပွနေတဲ့ကိစ္စနဲ့ NLD အစိုးရအနေနဲ့ ယခင် UEC ရဲ့ လုပ်ငန်းကိစ္စတွေမှာ ဝင်ရောက် စွက်ဖက်နေတယ်ဆိုတာကတော့ မေးခွန်းထုတ်နေစရာကို မလိုတော့ပါဘူး။ အချို့နေရာတွေမှာ NLD ဝန်ကြီးချုပ်တွေအစီအစဉ်နဲ့ ခန့်အပ်ခဲ့တဲ့ ရွေးကော်အဖွဲ့တွေနဲ့ ရပ်/ကျေးဥက္ကဋ္ဌ တွေပေါင်းပြီး အခြားပါတီထောက်ခံသူတွေကို မဲစာရင်းထဲမပါအောင် ဆောင်ရွက်ခဲ့တဲ့ အဖြစ်အပျက် တွေပါရှိတယ်လို့ သိနေရပါတယ်။ ဒီလိုပြစ်မှုကျူးလွန်ခဲ့သူတွေကိုတော့ သက်ဆိုင်ရာဥပဒေတွေအရ အရေးယူဆောင်ရွက်မှုတွေ မြင်တွေ့ရလိမ့်မယ်လို့ ထင်ပါတယ်။
နောက်ထပ်မေးခွန်းတစ်ခုကတော့ တပ်မတော် က ၎င်းရဲ့မိတ်ဖက်ပါတီ USDP မနိုင်လို့ မဲစာရင်း တွေဝင်စစ်တာလားဆိုတဲ့ မေးခွန်းပါ။ စာရေးသူ အမြင်အရ တပ်မတော်က NLD အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်လို့ ဖြစ်ခဲ့တဲ့ ပြဿနာဆိုရင် USDP အစိုးရလက်ထက်မှာ ကျင်းပ ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေနဲ့ ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲမှာထဲက မဲစာရင်းဝင်စစ်တဲ့ ကိစ္စတွေ လုပ်ခဲ့မှာပေါ့။ ဒီရွေးကောက်ပွဲများဟာ NLD က သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ရွေးကောက်ပွဲ တွေ ဖြစ်ပါတယ်။ သို့သော်လည်း ဒီရွေးကောက်ပွဲ တွေက သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲက ရရှိလာ တဲ့ မဲရလဒ်ဖြစ်တယ်။ ပြည်သူ့ဆန္ဒ အမှန်ထင်ဟပ် နေတယ်။ သက်ဆိုင်ရာရွေးကော်ကလည်း အငြင်း ပွားမှုတွေကို နိုင်နိုင်နင်းနင်း ဥပဒေနဲ့အညီ ဖြေရှင်း ပေးနိုင်ခဲ့တဲ့အတွက် တပ်မတော်အနေနဲ့ ဒီရွေးကောက်ပွဲတွေနဲ့ပတ်သက်ပြီး မဲစာရင်း စစ်ဆေးစရာ၊ ကန့်ကွက်စရာ၊ မေးခွန်းထုတ်စရာ အခြေအနေမရှိပါဘူး။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ ကျမှသာ မဲဖောင်းပွနေမှုတွေ၊ မတရားမှုတွေ၊ မဲလိမ် မဲခိုးမှုတွေက မဖုံးနိုင်မဖိနိုင်ပေါ်ပေါက်ခဲ့လို့ NLD မဟုတ်တဲ့ အခြားသော နိုင်ငံရေးပါတီတွေက တပ်မတော်ကို မဲစာရင်းတွေ ဝင်ရောက်စစ်ဆေးပေး ဖို့ တောင်းဆိုခဲ့ကြတာပါ။ ပါတီနိုင်ငံရေး အငြင်းပွား မှုတွေကနေ စတင်ခဲ့တာပါ။ ဒါကြောင့် တပ်မတော် အနေနဲ့ မဲစာရင်းတွေကို ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ အငြင်းပွားဖွယ်ရာ စာရင်းတွေကို တွေ့ရှိနေခဲ့ပေမယ့် ဦးလှသိန်း ဦးဆောင်တဲ့ ရွေးကော်က မှန်မှန်ကန်ကန်နဲ့ တရား နည်းလမ်းတကျ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ရင် နိုင်ငံ တော်ရဲ့ အရေးပေါ်အခြေအနေအထိကို ရောက်ရှိ လာခဲ့စရာ အကြောင်းကိုမရှိပါဘူး။
ဖုံးဖိလို့မရတဲ့အခြေအနေ
နိဂုံးချုပ်ရရင်တော့ NLD အနေနဲ့ မဲပြဿနာကို ၎င်းအစိုးရ တာဝန်ယူနေတဲ့အချိန်မှာ အဖွဲ့စုံနဲ့ စစ်ဆေးပြီး ဖြေရှင်းခဲ့မယ်ဆိုရင်လည်း အခုတွေ့ နေရတဲ့ မဲမသမာမှုတွေက ပေါ်ပေါက်လာမယ့် ကိစ္စရပ်တွေပါပဲ။ ဖုံးဖိထားလို့ မီးရှို့ဖျောက်ဖျက်ပစ် လိုက်လို့ရတဲ့ ကိစ္စမျိုးတွေမဟုတ်ပါဘူး။ တကယ်လို့ NLD အစိုးရ၊ ပါတီနဲ့ ယခင် UEC အနေနဲ့ မဲမသမာ မှုမလုပ်ခဲ့ဘူးဆိုရင် မိမိတို့မှန်ကန်ကြောင်း သက်သေပြနိုင်ပြီး စွပ်စွဲသူတွေကိုတောင် နိုင်ငံရေး အရ ထိုးနှက်လို့ရနိုင်တာ မဟုတ်ဘူးလား။ သို့သော် လည်း မဲမသမာမှုက ဖုံးဖိလို့မရတဲ့အခြေအနေဖြစ် တာကြောင့် မဖြေရှင်းခဲ့ဘူးလို့ပဲ ဆိုရတော့မှာပါ။ မိမိပါတီရဲ့ခေါင်းဆောင်နဲ့ ပါတီပုံရိပ်ကို အထိခိုက် မခံဘဲ ဘူးခံငြင်းသွားတယ်လို့ပဲ သုံးသပ်ရပါတယ်။ သို့သော်လည်း ယခုလို ပြည်သူလူထုကို လိမ်လည် လှည့်ဖြားပြီး လမ်းပေါ်ဆွဲထုတ်၊ မဲမသမာမှုတွေကို ဖုံးဖိပြီး အာဏာကို ဖြတ်လမ်းနည်းနဲ့ပြန်ယူဖို့ ကြိုးစားနေတာကတော့ မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စရပ်တွေပါ။ နိုင်ငံနဲ့ ပြည်သူရဲ့ ကောင်းကျိုးထက် ပါတီကောင်းကျိုး၊ ပါတီခေါင်းဆောင်ရဲ့ ကောင်းကျိုး ကိုပဲ ကြည့်ခဲ့တယ်လို့ဆိုရတော့မှာ ဖြစ်ပါတယ်။ စာရေးသူရဲ့ ဖြေဆိုချက်တွေကနေ သုံးသပ်ဆင်ခြင် စရာတွေရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရွှင်လန်း ချမ်းမြေ့ကြပါစေ။ ။
- Log in to post comments