ပြည်သူအများအားထားရာ ပြည်သူ့ဆေးရုံကြီးများ

Type

 

ခင်သန်းမြင့်

 

“ရှင်တို့က ကျွန်မတို့ကို အားမကိုးဘူးပေါ့”
“အားကိုးပါတယ် ဆရာမရယ်”
“ဒီလူနာကို အရင်က ကျွန်မတို့ဆေးရုံမှာပဲ ကုပေးခဲ့တာလေ။  ဘယ်လိုဖြစ်လို့  အပြင်ဆေးရုံရောက်သွားတာတုန်း။  ပိုက်ဆံတွေ တော်တော်ပေါတယ်ပေါ့”
“မပေါပါဘူး ဆရာမရယ်။  ချေးငှားပြီးတက်ရတာပါ။ အခုဒီဆေးရုံ မှာပဲ ပြန်တက်ချင်လို့ပါ”
“ကဲ၊ ကဲ။ ဆေးရုံတက်ဖို့ ကျွန်မ ဆေးစာရေးပေးလိုက်မယ်နော်”
လူနာရှင်မိဘနှစ်ပါး၏  မျက်နှာများကား  ဝင်းလက်သွားသည်။ သူတိုကား ကျောက်ကပ်ဝေဒနာရှင် သမီးငယ်ကို ဆေးဝါးကုသရန် မကွေးမြို့ ရွာနီးချုပ်စပ်ကျေးရွာတစ်ရွာမှ  လာရောက်ခဲ့ကြသူများ ဖြစ်သည်။ ရန်ကုန်မြို့ရှိ ဆွေမျိုးနီးစပ် ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တတည်းခိုပြီး ပြင်ပအထူးကုဆေးရုံတစ်ရုံတွင် ဆေးရုံတက်ရောက် ကုသရာမှ   နှစ်ပတ်ခန့်ကြာတော့  ငွေကြေးမတတ်နိုင်တော့၍  ယခု ခုတင်(၅၀၀)    အထူးကုဆေးရုံကြီးသို့    တစ်ကျော့ပြန်ပြသခြင်း ဖြစ်ကြောင်း သိရသည်။ သို့ဖြင့်   ဆေးရုံက သူတို့ကို  ပြန်လက်မခံ မှာကို စိုးရိမ်ကြောင့်ကြနေရာမှ တာဝန်ကျဆရာဝန်မ၏ ရယ်ရယ် မောမော၊ နောက်နောက်ပြောင်ပြောင်၊ လှိုက်လှဲပျူငှာစွာ လက်ခံပေးမှု ကြောင့် စိတ်သက်သာရာ ရသွားခဲ့ကြလေသည်။
အနယ်နယ်အရပ်ရပ်မှ ဝေဒနာရှင်ပြည်သူအများ
သူတို့နည်းတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုတင်(၅၀၀)အထူးကု ဆေးရုံကြီးအပါအဝင်   ရန်ကုန်မြို့ရှိ  ပြည်သူ့ဆေးရုံကြီးများသို့ အနယ်နယ်အရပ်ရပ်မှ ဝေဒနာရှင်ပြည်သူအများအပြား လာရောက် ဆေးဝါးကုသလျက်ရှိကြသည်။
ကျွန်မ၏  ညီမဖြစ်သူကတော့   မူလက  ဆီးချိုရောဂါဝေဒနာကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြသရာမှ ထပ်ဆောင်းကျောက်ကပ် ဝေဒနာဖြစ်ပြန်၍ ယခုရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာ လမ်းရှိ ခုတင်(၅၀၀)   အထူးကုဆေးရုံကြီး  ဆီးနှင့်ကျောက်ကပ် အထူးကုပြင်ပလူနာဌာနတွင်  ဆက်လက်ပြသနေရခြင်းဖြစ်သည်။ မူလက   တစ်ပတ်တစ်ခါ၊  နောက်ပိုင်း နှစ်ပတ်တစ်ခါ၊  ယခုတော့ တစ်လတစ်ခါသွားရောက်ပြသနေရပြီး ကျောက်ကပ်အားကောင်းလာ စေရန်   တစ်လတစ်ကြိမ်   ဆေးသွင်းနေရသည်။ ရက်ချိန်းစေ့၍ သူဆေးရုံသွားပြတိုင်း ကျွန်မက အကူအဖော်အဖြစ် လိုက်ပါရစမြဲ။
  ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုတင် (၅၀၀) အထူးကုဆေးရုံကြီး ကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊   ကုသရေးဦးစီးဌာန၏  အနီးကပ်ကြီးကြပ်ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံသား   ဘာသာရပ်ဆိုင်ရာ   ပါမောက္ခ/ဌာနမှူးများက ဦးဆောင်၍ တာဝန်ခံဆရာဝန်ကြီးများ၊ သူနာပြုများ ပူးပေါင်းပါဝင် သည့် ဆေးအဖွဲ့သည် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများကို ၂၀၁၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့်နှစ် ဇူလိုင် ၆ ရက်က ဆိုလျှင်   ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု    ၅၇ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထို့အတူ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း  ၃၅ ကြိမ်မြောက် အသည်းအစားထိုး   ခွဲစိတ်ကုသမှုကို  အောင်မြင်စွာ   ဆောင်ရွက်ခဲ့ ကြောင်း  သိရသည်။   အသည်းအစားထိုးကုသမှုများကို   ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်ကြီး၌ ၂၀၀၄ ခုနှစ်မှ စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ရာ ယခုကဲ့သို့ ပြည်တွင်း၌ အသည်းအစားထိုး ခွဲစိတ်ကုသ မှုများ ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူများအတွက် လိုအပ်သောကုသ မှုကို  လက်လှမ်းမီရရှိစေကာ   ပြည်ပသို့ သွားရောက်ကုသရမည့် ကုန်ကျစရိတ်များ သက်သာစေခဲ့သည်။
အထူးကုပြင်ပလူနာဌာနများ
ခုတင်(၅၀၀)  အထူးကုဆေးရုံကြီးတွင်  အဆုတ်နှင့် ရင်ခေါင်း၊ အရိုးအကြောအဆစ်၊ အကြောအဆစ်နှင့် ကိုယ်လက်အင်္ဂါပြန်လည် သန်စွမ်းရေး၊   အသည်း၊  ဆီးနှင့်ကျောက်ကပ်ရောဂါတို့အတွက် အထူးကုပြင်ပလူနာဌာနများကိုလည်း သူ့ရက်နှင့်၊ သူ့အချိန်စာရင်း အတိုင်း    ဖွင့်လှစ်ကုသပေးလျက်ရှိသည်။   ကျွန်မရောက်တိုင်း ဝေဒနာရှင်ပြည်သူများ ပြတ်သည်ဟူ၍မရှိပေ။
တာဝန်ကျဆရာဝန်များက            ဝေဒနာရှင်လူနာများ၏ ဆေးမှတ်တမ်းများ၊ ဆေးစစ်ချက်နှင့် ရောဂါဝေဒနာများကို ဂရုတစိုက် ကြည့်ရှုစစ်ဆေး  လမ်းညွှန်ကုသပေးလျက်ရှိသလို   ဝေဒနာရှင်များ၊ လူနာရှင်များကလည်း ဆရာဝန်များ၏ လမ်းညွှန်ကုသပေးမှုများအပေါ် တလေးတစား လိုက်နာကြသည်။ ဆရာဝန်များနှင့် ပြောဆိုဆက်ဆံ ရာတွင်လည်း သူတို့၏  ရောဂါဝေဒနာများကို  ပျောက်ကင်းအောင် ကုသပေးနေသည့် အသက်သခင်ကျေးဇူးရှင်များပေမို့ တရိုတသေ ရှိကြသည်ကို တွေ့မြင်ရပေသည်။
မေတ္တာနဲ့ ဦးဆောင်ပြီးတော့ ပြုလုပ်ရတဲ့အလုပ်
ကျွန်မသည် ထိုထိုမြင်ကွင်းများကိုမြင်လေတိုင်း ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောဖော်ညွှန်ပြ ဆိုဆုံးမတော်မူခဲ့သော “အခုလို ဆေးရုံတို့ ဆေးခန်းတို့ဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုးတွေ ရောက်လာတတ်တာတုန်းဆိုတော့ ရောဂါစွဲကပ်လို့ ထိုရောဂါအတွက် စိတ်သောကရောက်တဲ့ပုဂ္ဂိုလ်တွေ ရောက်လာကြ တာ၊ ဆရာဝန် ဆရာမနဲ့တွေ့လိုက်တဲ့အခါ ရောဂါအကြောင်း ကျကျ နန ရှင်းပြလိုက်ရုံပဲ ရောဂါဟာ တစ်ဝက်လောက်သက်သာသွားတယ်။ ‘ဘယ်ဆေးသောက်ရင် စားရင် ပျောက်ပါတယ်၊ မပူပါနဲ့၊ ဘယ်လို နေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ မသိသေးတာတွေကိုသိအောင် လမ်းညွှန်မှုပေးတယ်’ဆိုလို့ရှိရင် ဒါက ကိုယ့်အတွက် မေတ္တာမနောကံ၊ မေတ္တာ ဝစီကံ၊ မေတ္တာကာယကံတွေ ဖြစ်တာပဲ။ မေတ္တာ ပုဗ္ဗင်္ဂမံ ဝေဇ္ဇ သိပ္ပံ။ ဝေဇ္ဇ သိပ္ပံ - ဆေးပညာအတတ် ဟာ၊ မေတ္တာပုဗ္ဗင်္ဂမံ - မေတ္တာနဲ့ ဦးဆောင်ပြီးတော့ ပြုလုပ်ရတဲ့အလုပ် ကိစ္စဖြစ်တယ်။ ဒါကြောင့် မေတ္တာထားမယ်ဆိုလို့ရှိရင် အင်မတန်မှ တန်ဖိုးရှိတဲ့လုပ်ငန်းကြီးပဲ။  မြင့်မြတ်တဲ့အလုပ်ပဲ”
“ဆရာဇီဝက ပညာသင်မလို့ လုပ်တဲ့အခါမှာ ‘ဘယ်ပညာ ငါသင်ရ ကောင်းမလဲ’လို့ စဉ်းစားတယ်။ ပညာရပ်တွေ အများကြီး သူစဉ်းစားမိ တဲ့အထဲမှာ မကျန်းမမာတဲ့ပုဂ္ဂိုလ်တွေကို ကျန်းမာအောင် ကုစားပေး တဲ့ ဆေးသမားတို့ရဲ့ အတတ်ပညာဟာ မကျန်းမာတဲ့သူကို ကျန်းမာ အောင် လုပ်ပေးတာဖြစ်သောကြောင့် အလုပ်ကိုက မေတ္တာထားတဲ့ အလုပ်ဖြစ်သွားတယ်။ ဒါကြောင့်မို့လို့ ‘ဒီအလုပ်လောက် မွန်မြတ်တာ မရှိဘူး’လို့ဆိုပြီး ဆေးပညာအလုပ်ကို ရွေးချယ်တာလေ။
အဲဒီတော့ ကိုယ်လုပ်နေတဲ့လုပ်ငန်းဟာ အင်မတန်မှ မြင့်မြတ်တဲ့ အလုပ်ဖြစ်တယ်ဆိုတာ ရှေးဦးစွာ ခံယူထားပြီး မြင့်မြတ်တဲ့အလုပ်ကို မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့ အကောင်အထည်ဖော်ရမယ်။ ‘တို့ဟာ နေ့စဉ် နဲ့အမျှ ကုသိုလ်ရတဲ့လုပ်ငန်းကြီးတစ်ခုလုပ်နေရတယ်’ လို့ ဝမ်းသာ ရတယ်။ တချို့က ပြောကောင်းပြောလိမ့်မယ်။ ဒါက business လုပ်ငန်း ပဲ၊ ပိုက်ဆံရလို့လုပ်တာလို့။   ပိုက်ဆံရလို့   လုပ်တယ်လို့ဆိုပေမယ့် စိတ်ဓာတ်မြင့်မြတ်ရင်   (ကိုယ်မျှော်ကိုးတာက  ငွေကြေးဓနမဟုတ်ဘဲ နဲ့နော်)      တစ်ဖက်သားရဲ့    ရောဂါဝေဒနာ   ပျောက်ကင်းရေးကို အာရုံစိုက်နေတဲ့အချိန်မှာ  ဖြစ်တဲ့စိတ်ကို  ကုသိုလ်စိတ်လို့ ခေါ်တာပဲ။ အဲဒီကုသိုလ်စိတ်ကို ကိုယ်အရယူဖို့လိုတယ်။
ရောဂါပျောက်စေချင်တဲ့စိတ်က မေတ္တာဓာတ်ပဲပေါ့။ အေး၊ သမား တို့အတတ်ဟာ မေတ္တာအခြေခံပြီးတော့ လုပ်ရတာဖြစ်သောကြောင့် အဲဒီမေတ္တာအခြေခံတဲ့စိတ်ဓာတ်နဲ့ လုပ်ကြမယ်ဆိုလို့ရှိရင် အင်မတန်မှ ကုသိုလ်ရပါတယ်။ ကုသိုလ်ရအောင် စိတ်ထဲမှာနှလုံးသွင်းဖို့ပဲ အရေး ကြီးပါတယ်”စသည်ဖြင့် “နှစ်ဦးမေတ္တာလူတိုင်းမှာ” တရားဒေသနာ တော်ကို ကြည်ညိုအမှတ်ရမိသည်။
 ဆေးရုံများ အဆင့်မြှင့်တင်မှုနှင့်အတူ
လိုအပ်သည်များ ဖြည့်တင်းဆောင်ရွက်
နိုင်ငံတော်အစိုးရကလည်း   ယခုဘဏ္ဍာနှစ်အတွင်း ဆေးရုံများအဆင့်မြှင့်တင်မှုနှင့်အတူ လိုအပ်သည့် ဆေးရုံသုံးစက်ကိရိယာများ ဖြည့်တင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇူလိုင် ၃၁ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၄)တွင်  ယာယီသမ္မတ(တာဝန်)   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျန်းမာရေးကဏ္ဍမြှင့်တင် မှုနှင့်ပတ်သက်၍    “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း ယခုထက် ပိုမိုမြင့်မားလာ စေရေး ယခုဘဏ္ဍာနှစ်အတွင်း မြို့နယ်ဆေးရုံနှင့်အထက်ဆေးရုံများ ကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊   လိုအပ်သည့်  ဆေးရုံသုံး စက်ကိရိယာများဖြည့်တင်းရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ ယခုနှစ် အတွင်း   ဆေးရုံသုံးပစ္စည်းကိရိယာများ  ဝယ်ယူဖြည့်တင်းခြင်းနှင့် ဆေးရုံများ     တိုးချဲ့ဆောက်လုပ်ခြင်းအတွက်  သီးသန့်ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၂၂ သန်းနှင့် ကျပ်ငွေ ၁၁၆ ဒသမ ၈ ဘီလီယံကို အသုံးပြုသွားမည်ဖြစ်ကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်ပြီး လစ်လပ်သွားခဲ့သည့် ကျန်းမာရေး ဝန်ထမ်းနေရာများကို  ပြည့်မီစွာ  ပြန်လည်ခန့်အပ်နိုင်ရန်အတွက် “ဆေးရုံတိုင်း ဆရာဝန်ရှိရမည်”ဆိုသည့် မူကို ချမှတ်ပြီး မိမိတို့အစိုးရ အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးဝါဒမှိုင်း ကြောင့် တာဝန်မှလုပ်ငန်းခွင်စွန့်ခွာသွားသည့် ကျန်းမာရေးဝန်ထမ်း များ၏  နေရာများတွင်   ပြန်လည်အစားထိုးခန့်အပ်ပေးနိုင်ရန် အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် ယနေ့အချိန်တွင် နိုင်ငံတစ်ဝန်း ဆေးပေးခန်း ၇၂၇၈ ခုနှင့် ဆေးရုံပေါင်း ၇၅၇ ရုံတွင် ကျန်းမာရေး ဝန်ထမ်း ၆၈၂၅၈ ဦးနှင့် ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက် မှုပေးလျက်ရှိကြောင်း၊ လူသားတိုင်း၏ကျန်းမာရေးဆိုင်ရာ အခြေခံ ရပိုင်ခွင့်များကို ပြည့်ဝစွာရရှိရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
ပြည်သူ့ဆေးရုံ၊ ဆေးခန်းများကို အားကိုးအားထားပြုနေကြရသည့် အများပြည်သူများအတွက် အားတက်ဝမ်းမြောက်စရာ သတင်းကောင်း တစ်ရပ်ပါပေ။
ကျွန်မကတော့ ကျွန်မညီမကဲ့သို့ ခုတင်(၅၀၀)အထူးကုဆေးရုံ ကြီးတွင် တစ်လတစ်ကြိမ် ဆေးလာသွင်းလေ့ရှိသည့် အောင်လံမြို့က ပါးဖောင်းဖောင်းလေးနှင့် ကျောက်ကပ်ဝေဒနာရှင် ညီမငယ်လေး၏ ရီဝေငေးမောနေသော မျက်ဝန်းများကို အမှတ်ရနေမိသည်။
ကျွန်မညီမ ပထမဆုံးအကြိမ်ဆေးရုံတွင်ဆေးသွင်းစဉ်က မစိုးရိမ် ဖို့၊ မကြောက်ဖို့၊ သူ့အနေဖြင့် ဆေးသွင်းပြီးမှ ကျန်းမာရေးပိုကောင်း လာမှု၊    အဖောအရောင်  ပျောက်ကင်းသွားမှုများအပါအဝင် အားပေး စကားပြောကြားခဲ့သူ      သနပ်ပင်မြို့က    ဦးလေးကြီးကတော့ ဆေးပတ်အကြိမ်ရေ   ပြည့်သွားခဲ့ပြီဖြစ်၍   ယခုတစ်ကြိမ်မှာတော့ မတွေ့ရတော့။
ထို့အတူ   မကွေးမြို့   ရွာနီးချုပ်စပ်ကျေးရွာမှ  တစ်ကျော့ပြန် ဆေးရုံလာတက်ခဲ့သည့် သမီးငယ်လေးကိုလည်း ယခုအခေါက် ဆေးရုံ မှာ မတွေ့ရတော့။ သက်သာပျောက်ကင်းသွား၍   ဆေးရုံမှ ပြန်ဆင်း သွားသည်ဟု သတင်းစကားကြားသိရသည်။
ကျွန်မအဖို့မူ တစ်လတစ်ကြိမ် ခုတင်(၅၀၀) အထူးကုဆေးရုံကြီးသို့ ရောက်လေတိုင်း ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးပီပီ သံဝေဂဉာဏ်လည်း ပွားများရသလို ဝေဒနာရှင်များအတွက်လည်း မေတ္တာ၊ ကရုဏာပွားများ ရပါ၏။ ထို့အတူ ဝေဒနာရှင်များ၊ လူနာစောင့်များအတွက် အခါ အားလျော်စွာ  ထမင်း၊  ဟင်းများ လာရောက်လှူဒါန်းပေးကြသည့် စေတနာရှင်၊ အလှူရှင်များ၏ မွန်မြတ်သော အလှူဒါနအတွက်လည်း မုဒိတာပွားရပါ၏။
သတ္တဝါတွေ  ကျန်းမာချမ်းသာကြပါစေ။       ။