
အယ်ဒီတာ့အာဘော်
===============
ကမ္ဘာပေါ်ရှိ အခြေခံပြည်သူအားလုံးတို့သည် စား၊ ဝတ်၊ နေရေး လိုအပ်ချက် အတွက် နိစ္စဓူဝ နေ့စဉ်ရုန်းကန်လှုပ်ရှားနေကြရသည်။ အခြေခံပြည်သူများ အနေဖြင့် စားရေးနှင့် ဝတ်ရေးကို သင့်သလိုဖန်တီးနိုင်သော်လည်း နေရေး အတွက်မူ ခက်ခက်ခဲခဲ စီမံကြရသည်။ နေစရာသည် တန်ဖိုးကြီးသည့်အရာ ဖြစ်၍ ဝင်ငွေနည်းပြည်သူများအဖို့ နေရေးအတွက် ရတက်မအေးဖြစ်ကြရသည်။
နေရေးလိုအပ်ချက်သည် ယခုကာလမှဖြစ်သည်မဟုတ်၊ ရှေးယခင် ကတည်းက ဖြေရှင်းပေးနေရသော ပြဿနာဖြစ်သည်။ လူဦးရေတစ်ဟုန်ထိုး များပြားနေသော ရန်ကုန်မြို့သမိုင်းကိုကြည့်လျှင် သာကေတ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်ဟူ၍ မြို့ကွက် များဖန်တီးကာ နေရေးပြဿနာကို ဖြေရှင်းပေးခဲ့သည်။ ထို့အပြင် သုဝဏ္ဏ၊ ရန်ကင်း စသည့်ပြည်သူ့အငှားအိမ်ရာစနစ်ကို အကောင်အထည်ဖော်ပြီး ဝင်ငွေနည်းပြည်သူများ၊ ဝန်ထမ်းများကို သက်သာသောနှုန်းထားဖြင့် နေထိုင်ခွင့်ပြုခဲ့သည်။ ပါလီမန်ဒီမိုကရေစီခေတ်တွင် အိမ်ခန်းပေါင်း ၉၀၀၀ ကျော်၊ ဆိုရှယ်လစ်ခေတ်တွင် အိမ်ခန်းပေါင်း ၁၁၀၀၀ ကျော်နှင့် ဒီမိုကရေစီ အစိုးရလက်ထက်တွင် အိမ်ခန်းပေါင်း ၁၄၀၀၀ ကျော် ဖန်တီးပေးခဲ့သော်လည်း လူဦးရေတိုးတက်များပြားလာသည်နှင့်အမျှ အိမ်ရာလိုအပ်ချက်များ မြင့်တက်နေဆဲဖြစ်သည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းအရ မြို့ပြနေလူဦးရေ ၁၅ သန်းသည် ဝင်ငွေနည်းပြည်သူများဖြစ်ပြီး အများစုမှာ နေရေးအတွက် အခက်အခဲရှိနေသူများဖြစ်ကြသည်။ ထိုအရေးကို ဖြေရှင်းပေးနိုင်ရန်နှင့် လက်ရှိကြုံတွေ့နေရသော လူမှုစီးပွားအခက်အခဲများကို ကျော်လွှားနိုင်ရန် အတွက် နိုင်ငံတော်အစိုးရသည် ၂၀၂၀ ပြည့်နှစ်တွင် အိမ်ရာစီမံကိန်းတစ်ခုကို စတင်ဖော်ဆောင်ပေးခဲ့သည်။ ပြည်သူများ၏ လူမှုစီးပွားဘဝကို ကာကွယ်ရန် နှင့် ဆောက်လုပ်ရေးကဏ္ဍမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် လူဦးရေများသော ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့တော်ကြီးများတွင် ပြည်သူ့အငှားအိမ်ရာ ယူနစ် ၁၀၀၀၀ ကို ဆောက်လုပ် ဖြည့်ဆည်းပေးရန် စီမံဆောင်ရွက်နေပြီဖြစ်သည်။
အဆိုပါစီမံကိန်းကို ပုဂ္ဂလိကကုမ္ပဏီအသင်းအဖွဲ့များက ဦးစွာငွေကြေး အရင်းအနှီးစိုက်ထုတ်တည်ဆောက်ပြီး နိုင်ငံတော်အစိုးရ၏ ပိုလျှံလာမည့် ဘတ်ဂျက်ထဲမှ ပြန်လည်ပေးချေသည့်စနစ်ဖြင့် အကောင်အထည်ဖော်သွား မည်ဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် နေအိမ်အခန်း ၆၃၀၀ တည်ဆောက်သွားမည်ဖြစ်ပြီး နေပြည်တော်တွင် နေအိမ်အခန်းပေါင်း ၇၀၀ နှင့် မန္တလေးတိုင်းဒေသကြီးတွင် နေအိမ်အခန်းပေါင်း ၃၀၀၀ ကို အကောင် အထည်ဖော်သွားမည်ဖြစ်သည်။
ပြည်သူ့အငှားအိမ်ရာများကို အကောင်အထည်ဖော် တည်ဆောက် ပေးရာ၌ ရေ၊ မီး၊ လမ်း၊ အခြေခံအဆောက်အအုံများ ပြည့်စုံစေရန်အပြင် အိမ်ရာနေသူများအတွက် လူမှုရေးလိုအပ်ချက်များဖြစ်သည့် ဈေး၊ ကျောင်း၊ ဆေးခန်း၊ အားကစားကွင်းနှင့် ပန်းခြံ စသည့်လိုအပ်သည်များကို ဖြည့်ဆည်း ပေးသွားမည်ဖြစ်၍ ဖွံ့ဖြိုးတိုးတက်သည့် မြို့သစ်များဖြစ်လာနိုင်သည်။ မျက်မှောက်ကာလတွင်မူ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရာ စားဝတ်နေရေး လိုအပ်ချက်များ ပိုမိုကျပ်တည်းခက်ခဲလာကြသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော ဂယက်ရိုက်ခတ်မှု သည် အခြေခံပြည်သူများ၏ စားဝတ်နေရေးလိုအပ်ချက်များကို ရေရှည် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် ကိုဗစ်လွန်ကာလကို နိုင်ငံတော်အစိုးရက ရေရှည်မြော်တွေး၍ လူမှုစီးပွားမြင့်မားတိုးတက်ရေး အစီအမံများကို ချမှတ်ဆောင်ရွက်ရာ၌ အခြေခံပြည်သူများ လူမှုစီးပွား လိုအပ်ချက်များတွင် အဓိကကျပြီး အရေးပါသည့် နေရေးဖြည့်ဆည်းပေးမှု ဖြစ်သော ပြည်သူ့အငှားအိမ်ရာစီမံကိန်းအောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ ယခုစတင်အကောင်အထည်ဖော်သော ပြည်သူ့အငှားအိမ်ရာ စီမံကိန်းသည် အခြေခံပြည်သူများအတွက် အဓိကလိုအပ်သည့် နေရေးကိစ္စ ကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်သာမက ထိုအိမ်ရာစီမံကိန်းများ စနစ်တကျ အောင်မြင်စွာအကောင်အထည်ပေါ်လာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်လာမည့် မြို့ပြအိမ်ရာအသစ်များကိုတည်မှီ၍ အခြေခံပြည်သူများ၏ လူမှုစီးပွားဘဝ များ မြင့်မားတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း။ ။