သမိုင်းဝင်လူ့ယဉ်ကျေးမှုတို့ မစတင်မီကပင် ရှေးဦးလူတို့နှင့် အတူ တေးသီချင်းသီဆိုမှုနှင့် တီးမှုတ်မှုဂီတတို့ ရှိနှင့်ပြီးဖြစ် သည်ဟူ၍ ပညာရှင်များက ယူဆကြသည်။ ကာလနှင့် ဒေသ အလိုက် လူသားတို့၏ ယဉ်ကျေးမှုများ တစ်ဆင့်ပြီးတစ်ဆင့် မြင့်သည်ထက်မြင့်လာသောအခါ နိုင်ငံအလိုက်၊ လူမျိုးအလိုက် ကွဲပြားခြားနားသည့် ဂီတများစွာပေါ်ထွန်းလာသည်။ မည်သည့် ဂီတပင်ဖြစ်စေ တူညီသည့်အချက်မှာ သီဆိုသူ၊ နားဆင်သူတို့၏ စိတ်နှလုံးကို ရသခံစားမှုဖြစ်ပေါ်စေနိုင်ခြင်းနှင့် လွှမ်းမိုးနိုင်စွမ်း ရှိခြင်းပင်ဖြစ်သည်။
တေးသီချင်းဂီတတို့ကြောင့် ချစ်ခင်ခြင်း၊ ရယ်မောရခြင်း၊ စာနာသနားခြင်း၊ ကြမ်းတမ်းခက်ထန်ခြင်း၊ ရဲရင့်ခြင်း၊ ကြောက်ရွံ့ ခြင်း၊ ရွံရှာစက်ဆုပ်ခြင်း၊ အေးချမ်းကြည်နူးခြင်း၊ အံ့ဩခြင်း ဟူသော ရသတစ်မျိုးမျိုးတို့ကို ခံစားကြရပြီး စိတ်နှလုံးမှ ခံစား ချက်များက အပြုအမူများဖြစ်ပေါ်လာစေသည်။ တေးသီချင်း သီဆိုသူများနှင့် ဂီတအနုပညာရှင်များသည်လည်း မိမိတို့၏ တေးသီချင်းဂီတစွမ်းပကားဖြင့် နိုင်ငံနှင့် ပြည်သူလူထု အကျိုး သယ်ပိုးနိုင်စွမ်းရှိသူများဖြစ်သည်။ မြန်မာနိုင်ငံ နယ်ချဲ့ လက်အောက်မှ လွတ်လပ်ရေးရရန် ကြိုးပမ်းသည့် ကာလ တစ်လျှောက် အမျိုးသားရေးလှုပ်ရှားမှုများတွင် ဂီတအနုပညာရှင် များလည်း တစ်တပ်တစ်အားပါဝင်၍ သမိုင်းပေးတာဝန်ကျေပွန် ခဲ့ကြသည်။ သူ့ကျွန်ဘဝတွင် ခေါင်းငုံ့မနေဘဲ စိတ်အားတက်ကြွ လာစေရန်၊ ဇာတိသွေးဇာတိမာန်တို့ ထက်သန်လာစေရန်၊ အချုပ် အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံနှင့် လူမျိုးများအဖြစ် ရောက်ရှိအောင် ရုန်းကန်ကြိုးပမ်းကြရန် မြန်မာပြည်သူလူထုကို ဂီတအနုပညာဖြင့် နှိုးဆော်လမ်းပြတိုက်တွန်းခဲ့ကြသည်။
၁၉၃၆ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ မြင်းခြံမြို့၌ကျင်းပသည့် ဒုတိယအကြိမ်မြောက် ဒို့ဗမာအစည်းအရုံးညီလာခံတွင် ဝိုင်အမ် ဘီ ဆရာတင် ရေးသားသည့် “ဒို့ဗမာ” သီချင်းကို အမျိုးသား သီချင်းအဖြစ် သတ်မှတ်ခဲ့ရာ ထိုသီချင်းသံပြိုင်အပိုဒ်မှ စာသား အချို့မှာ နိုင်ငံတော်သီချင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။ ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက ဇွန်လ ၂၇ ရက်နေ့ကို “မြန်မာ့ဂီတနေ့” အဖြစ် သတ်မှတ်ခဲ့ရာ ယခု နှစ်တွင် ၁၁ နှစ်မြောက်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံသည် နိုင်ငံရေးအပြောင်း အလဲကာလ လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက် သတ်ဖြတ် ဖျက်ဆီးမှုများ ဖြစ်ပေါ်နေခြင်းနှင့်အတူ ပြည်ပနိုင်ငံ အချို့၏ နောက်ကွယ်မှ ဝင်ရောက်စွက်ဖက်မှုတို့ကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာထိပါးမှုမဖြစ်စေရန် ကာကွယ် နေရသည့်အချိန်ဖြစ်သည်။ ယခုကဲ့သို့သောအချိန်တွင် ပြည်သူ တို့၏ လိုလားတောင့်တမှုမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝများ ကောင်းမွန်ရေးသည် အဓိကဖြစ်သည်။
ပြီးခဲ့သည့်ကာလအတွင်း ရုပ်ရှင်၊ ဂီတအနုပညာရှင်များ၊ လူမှုကွန်ရက်များတွင် ထင်ရှားကျော်ကြားသူများအပါအဝင် ပြည်သူလူထုအပေါ် တစ်နည်းနည်းဖြင့် လွှမ်းမိုးနိုင်သူများအနက် အချို့တို့မှာ ပါတီနိုင်ငံရေးအတွက် အသုံးချမှုကို ခံခဲ့ကြရသည်။ အနုပညာသည် နိုင်ငံနှင့်ပြည်သူအတွက် ဖြစ်ရမည့်အစား မျက်စိ လည်လမ်းမှားကာ ပါတီနိုင်ငံရေးနှင့် ဒွေးရောယှက်တင်ဖြစ်ခဲ့ ကြပြီး နိုင်ငံရေးအပြောင်းအလဲများနှင့် ပဋိပက္ခများကြားတွင် လမ်းပျောက်ခဲ့ကြသည်။ ဇွန် ၁ ရက်က ဂီတလောကဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ဂီတအလွှာပေါင်းစုံမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး ရာတွင် “ ပါတီနိုင်ငံရေးပတ်သက်မှုများကြောင့် အနုပညာ လောကကြီးတစ်ခုလုံး ယုတ်လျော့ပြီး ပြိုကျလုနီးပါး ဖြစ်ခဲ့ ကြောင်း၊ အနုပညာရှင်များသည် ပြည်သူများပျော်ရွှင်စေရန်၊ ငိုနေသောပြည်သူများ ပြုံးပျော်လာစေရန် တစ်နည်းအားဖြင့် အနုပညာရှင်များသည် ပြည်သူ့အတွက် ဖျော်ဖြေပေးချိန် ရောက်ရှိနေပြီဟု မြင်ပါကြောင်း” ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် သမိုင်းပေးတာဝန် ကျေပွန်ခဲ့သော ဂီတအနုပညာရှင်များ အထင်အရှားရှိခဲ့ပြီးဖြစ်ရာ မိမိတို့မျိုးဆက်များသည်လည်း ခေတ်သမိုင်းကပေးလာသည့် တာဝန်များကို ဂီတအနုပညာဖြင့် ကျေပွန်စွာ ထမ်းဆောင်ကာ နိုင်ငံနှင့် ပြည်သူအကျိုး သယ်ပိုးနိုင်ကြပါစေကြောင်း။ ။