ပြည်သူ့အတွက် တရားမျှတမှု

Type
7

 

 

သန့်ဇင်(ပြည်ထောင်စုရှေ့နေချုပ်ရုံး)

 

လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်လောက်ကတည်းက အတွေးအခေါ်ပညာရှင် အရစ္စတိုတယ်က တရားဥပဒေစိုးမိုးရေး သို့မဟုတ် တရားဥပဒေဖြင့် အုပ်ချုပ်ခြင်းနဲ့ လူတစ်စု၊ လူတစ်ဖွဲ့က အုပ်ချုပ်ခြင်းတို့ကို ခွဲခြားသိမြင်ခဲ့ပါတယ်။ Rule of Law is better than any individual. “လူတစ်စု၊ လူတစ်ဖွဲ့က အုပ်ချုပ်ခြင်းထက် ဥပဒေဖြင့်အုပ်ချုပ်ခြင်းက သာလွန်ကောင်းမွန်တယ်” ဆိုပြီး သူ့ရဲ့အတွေးအခေါ်နဲ့ တရားဥပဒေစိုးမိုးရေးသဘောတရားကို အလင်းပြခဲ့ပါတယ်။

ဒီမိုကရေစီစနစ်ကို ကူးပြောင်းကျင့်သုံးရာမှာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုများ ထိရောက်အောင်မြင်ရေးဟာ အရေးကြီးပါတယ်။ တရား ဥပဒေစိုးမိုးမှုရှိမှသာ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ သာတူညီမျှမှုတို့ကို ရရှိစေ မှာဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကဏ္ဍအားလုံးနဲ့ သက်ဆိုင်နေတာကြောင့် တရားဥပဒေစိုးမိုး ရေးကို အကောင်အထည်ဖော်ရာမှာ ကဏ္ဍပေါင်းစုံမှ သက်ဆိုင်သူများအားလုံးပါဝင်ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း ပြည်ထောင်စုအစိုးရက တရားမျှတမှုကဏ္ဍနဲ့ သက်ဆိုင်တဲ့ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တရားမျှတမှုကဏ္ဍမှာ ပါဝင်ကူညီပံ့ပိုးဆောင်ရွက်နေကြတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအကြား လုပ်ငန်းများထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး “တရား ဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့” The Union Coordination Body for Rule of Law Centres and Justice Sector Affairs (UCB) ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါတယ်။ အဲဒီပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ တရားလွှတ်တော်ရှေ့နေများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအပါအဝင် အဖွဲ့ဝင် ၁၇ ဦးနဲ့ ဖွဲ့စည်းထားပြီး ပြည်ထောင်စုရှေ့နေချုပ်က အဖွဲ့ရဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။

နောက်ခံသမိုင်းကြောင်း

၂၀၁၃ ခုနှစ်မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ ဥရောပသမဂ္ဂတို့ပူးပေါင်းပြီး “တရားဥပဒေစိုးမိုးရေးလုပ်ငန်းနှင့် ရှေ့အလားအလာ” ခေါင်းစဉ်နဲ့ဆွေးနွေးပွဲတစ်ရပ်ကို အစပျိုးကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲဟာ တရားဥပဒေစိုးမိုး ရေး ပိုမိုထိရောက်ကောင်းမွန်လာစေရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက မဟာဗျူဟာစီမံကိန်းများရေးဆွဲအကောင်အထည်ဖော်နိုင်ရေး၊ ထိရောက်တဲ့ ဥပဒေအထောက်အကူပြုယန္တရား ဖြစ်ထွန်းလာရေးတို့အတွက် တွန်းအားတစ်ရပ် ဖြစ်ခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ယခင်ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်က ယင်းရဲ့ရည်မှန်းချက်များနဲ့အညီ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နဲ့ပူးပေါင်းဆောင်ရွက်ပြီး တရားဥပဒေစိုးမိုးရေးစင်တာများ (Rule of Law Centres) ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ UNDP ဟာ တရားဥပဒေ စိုးမိုးရေးစင်တာများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနဲ့ မြစ်ကြီးနားတို့မှာ ဖွင့်လှစ်ပြီး အများပြည်သူကို ဥပဒေအသိပညာပေးမှုများ ပံ့ပိုးဆောင်ရွက် ခဲ့ပါတယ်။ အဲဒါအပြင် ဥရောပသမဂ္ဂရဲ့ ရန်ပုံငွေနဲ့ British Council ရဲ့ My Justice Program ဟာ ရန်ကုန်၊ မော်လမြိုင်၊ တောင်ငူ၊ ဘားအံ၊ တောင်ကြီး၊ မန္တလေးမြို့တွေမှာ My Justice Center တွေကို တည်ထောင်ပြီး ပြစ်မှုနဲ့ စွပ်စွဲခံရတဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေကို ဥပဒေဆိုင်ရာအထောက်အကူများ ပံ့ပိုးပေးခဲ့ပါတယ်။

အဲဒီလို Justice Center တွေ ပေါ်ပေါက်လာတဲ့အခါ နိုင်ငံတော်အစိုးရဟာ တရားမျှတမှုကဏ္ဍနဲ့ သက်ဆိုင်တဲ့အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တရားမျှတမှု ကဏ္ဍမှာ ပံ့ပိုးဆောင်ရွက်ပေးနေကြတဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ အကြား လုပ်ငန်းများ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး “တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့” ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ခြင်း ဖြစ်ပါတယ်။

ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ရဲ့ လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် များမှာလည်း ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများ (SCB) ကို ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီလိုပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နဲ့ အဖွဲ့ခွဲများက မိမိတို့ရဲ့ လုပ်ငန်းတာဝန် များကို စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် လုပ်ငန်းစဉ်နဲ့ မဟာဗျူဟာတို့ လိုအပ်တာကြောင့် ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့ရဲ့ မဟာဗျူဟာတစ်ရပ် ရေးဆွဲချမှတ်နိုင်ရေးအတွက် သက်ဆိုင်တဲ့ ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်အသီးသီးတို့ရဲ့ အကြံပြုချက်များကို ရယူနိုင်ဖို့ “တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး” ညီလာခံတစ်ရပ်ကို ၂၀၁၈ ခုနှစ် မတ်လ ၇-၈ ရက်နေ့တို့မှာ နေပြည်တော်ရှိ ကွန်ဗင်းရှင်းစင်တာ (၂) မှာ ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါတယ်။

ပြည်သူ့အတွက်တရားမျှတမှု

ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဟာ အဲဒီညီလာခံကရရှိတဲ့ ရလဒ်များ၊ အကြံပြု ချက်များကိုအခြေခံပြီး ပြည်သူ့အတွက်တရားမျှတမှု မဟာဗျူဟာစီမံကိန်း (၂၀၁၉ - ၂၀၂၃) ကို ရေးဆွဲနိုင်ခဲ့ပါတယ်။ အဲဒီမဟာဗျူဟာစီမံကိန်းကို မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Myanmar Sustainable Development Plan) ရဲ့ရည်မှန်းချက်များ၊ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများ ပေါင်းစပ်ညှိနှိုင်းရေးယူနစ် (Development Assistance Coordination Unit) ရဲ့ ပေါင်းစပ်ညှိနှိုင်းရေးမူဘောင်များနဲ့အညီလည်း ရေးဆွဲထားခြင်းဖြစ်ပါတယ်။

စံလုပ်ထုံးလုပ်နည်းများ

ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နဲ့ အဖွဲ့ခွဲများက တရားမျှတမှုအတွက် ပေါင်းစပ် ညှိနှိုင်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာမှာ လုပ်ငန်းမူဘောင်များနဲ့ လုပ်ထုံးလုပ်နည်းများကို တိကျရှင်းလင်းစွာ ချမှတ်ထားခြင်းမရှိပါက လုပ်ငန်း ဆောင်ရွက်ရာမှာ အခက်အခဲများ ကြုံတွေ့ရနိုင်တာကြောင့် ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့နဲ့ အဖွဲ့ခွဲများရဲ့လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်း များ (SOP) ကိုလည်း ရေးဆွဲခဲ့ကြပါတယ်။ စံလုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုခဲ့တာကြောင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နဲ့အဖွဲ့ခွဲဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ ဌာန၊ အဖွဲ့အစည်းများ၊ လွှတ်တော်များထံ ဖြန့်ဝေခဲ့ပါတယ်။ ယင်းစံလုပ်ထုံး လုပ်နည်းများကို အကျဉ်းချုံးတင်ပြလိုပါတယ်။

စံလုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းထား

တရားမျှတမှုမရှိခြင်းကြောင့် နစ်နာဆုံးရှုံးမှုဖြစ်တယ်လို့ ယူဆသူဟာ အဖွဲ့ သို့မဟုတ် အဖွဲ့ခွဲသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှမှတ်ပုံတင်စာနဲ့ဖြစ်စေ၊ ပြည်တွင်းပြည်ပ အမြန်ချောပို့စနစ်နဲ့ဖြစ်စေ တိုင်ကြားနိုင်တယ်။ သို့ရာတွင် အဖွဲ့ သို့မဟုတ် အဖွဲ့ခွဲသို့ တိုင်ကြားစာနဲ့ တိုင်ကြားခြင်းမပြုပေမယ့် အဖွဲ့ သို့မဟုတ် အဖွဲ့ခွဲများဟာ တရားမျှတမှုမရှိကြောင်း သို့မဟုတ် အမှန်တကယ် ပေါင်းစပ်ညှိနှိုင်းဖို့ သိသာထင်ရှားတဲ့ ကိစ္စရပ်မျိုးမှာ အစည်းအဝေး ဆုံးဖြတ် ချက်နဲ့ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနဲ့ ပေါင်းစပ်ညှိနှိုင်းမှု ပြုလုပ်နိုင်တယ်လို့ စံလုပ်ထုံးလုပ်နည်းများမှာ ပြဋ္ဌာန်းထားပါတယ်။

တိုင်ကြားစာမှာတော့ တိုင်ကြားသူရဲ့အမည်၊ အမြဲတမ်းနေရပ်လိပ်စာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ သို့မဟုတ် အခြားသက်သေခံကတ်ပြား တစ်ခုခု၊ ဆက်သွယ်ရန် လိပ်စာအပြည့်အစုံနဲ့ ဖုန်းနံပါတ်တို့ ပါရှိရပါမယ်။ အဲဒါအပြင် တိုင်ကြားသူဟာ မည်ကဲ့သို့တရားမျှတမှုမရရှိကြောင်း၊ နစ်နာဆုံးရှုံး ကြောင်း ပြည့်စုံစွာဖော်ပြချက်၊ လိုအပ်ပါက မှတ်တမ်းတင်ဓာတ်ပုံ၊ အသံဖိုင်၊ ဗီဒီယိုဖိုင်နှင့် အထောက်အထား မိတ္တူများလည်း ပါရှိရမှာဖြစ်ပါတယ်။

တိုင်ကြားစာများကို လက်ခံရရှိတဲ့အဖွဲ့ သို့မဟုတ် အဖွဲ့ခွဲဟာ တိုင်ကြားစာ ပါ အကြောင်းအရာကို အစည်းအဝေးမှာ တင်ပြဆွေးနွေးပြီး မည်ကဲ့သို့ ဆောင်ရွက်မည်ကို ဆုံးဖြတ်မှာဖြစ်ပါတယ်။

တိုင်ကြားစာပါ အကြောင်းအရာနဲ့ စပ်လျဉ်းပြီး ဥပဒေအထောက်အကူပြုရန် လိုအပ်ပါက သက်ဆိုင်ရာ ဥပဒေအထောက်အကူပြုအဖွဲ့နဲ့ ဆက်သွယ်ခြင်း၊ တိုင်ကြားစာပါအကြောင်းအရာဟာ တည်ဆဲဥပဒေအရ ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ကြောင်း ပေါ်ပေါက်ပါက အဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ခွဲခေါင်းဆောင်ရဲ့ သဘောတူညီချက်နဲ့ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် တည်ဆဲဥပဒေများနဲ့အညီ ဆောင်ရွက်ရန် တိုင်ကြားသူအား အသိပေးပြောကြားခြင်းတို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ကွင်းဆင်းလေ့လာစိစစ်ရန်လိုအပ်ပါက ကွင်းဆင်းလေ့လာစိစစ်ရေးအဖွဲ့ ကို အဖွဲ့ဝင်သုံးဦးနဲ့ဖွဲ့စည်းပြီး အဲဒီကွင်းဆင်းလေ့လာစိစစ်ရေးအဖွဲ့က အခင်း ဖြစ်ပွားရာဒေသသို့ ကွင်းဆင်းပြီး ကွင်းဆင်းလေ့လာစိစစ်တဲ့ကိစ္စနဲ့ ပတ်သက်ဆက်စပ်သူများကို တွေ့ဆုံမေးမြန်းခြင်း၊ တိုင်ကြားချက်နဲ့ စပ်လျဉ်း တဲ့ အထောက်အထားများမှန်ကန်မှု ရှိ မရှိ စိစစ်ကြည့်ရှုမှတ်တမ်းတင်ခြင်း၊ အထောက်အထားအသစ်များ တွေ့ရှိပါက စိစစ်လက်ခံမှတ်တမ်းတင်ခြင်း တို့ ဆောင်ရွက်မှာဖြစ်ပါတယ်။

အဖွဲ့ သို့မဟုတ် အဖွဲ့ခွဲဟာ ကွင်းဆင်းလေ့လာစိစစ်ရေးအဖွဲ့ရဲ့ စိစစ် တွေ့ရှိချက်အရ တိုင်ကြားတဲ့ အကြောင်းအရာဟာ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းသို့ အကြောင်းကြားခြင်း သို့မဟုတ် တည်ဆဲဥပဒေများနဲ့အညီ ဆောင်ရွက်ရန် တိုင်ကြားသူအား အသိပေးခြင်းတို့ ပြုလုပ်မှာဖြစ်ပါတယ်။

အဖွဲ့ သို့မဟုတ် အဖွဲ့ခွဲများရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ တိုင်ကြား စာပါကိစ္စအား သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းမှ တာဝန် ရှိသူကို အဖွဲ့ သို့မဟုတ် အဖွဲ့ခွဲသို့ ဖိတ်ကြားဆွေးနွေးခြင်း သို့မဟုတ် စာနဲ့ အကြောင်းကြားစာပေးပို့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှာဖြစ်ပါတယ်။

အဖွဲ့ သို့မဟုတ် အဖွဲ့ခွဲဟာ ကွင်းဆင်းလေ့လာစိစစ်ရေးအဖွဲ့ရဲ့သုံးသပ်တင်ပြချက်အပေါ်စိစစ်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းမှ တာဝန်ရှိသူ ကို ဖိတ်ကြားကာ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခြင်း သို့မဟုတ် သက်ဆိုင်ရာ အစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းသို့ စာဖြင့် အကြောင်းကြားခြင်းပြုမှာ ဖြစ်ပါတယ်။

အဖွဲ့ သို့မဟုတ် အဖွဲ့ခွဲက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများသို့ ပေးပို့မည့် ပေါင်းစပ်ညှိနှိုင်းရန် အကြောင်းကြားစာမှာ နစ်နာမှုဖြစ်ပေါ်နေသော အကြောင်းအရင်း၊ ကွင်းဆင်းလေ့လာစိစစ်မှု ရှိပါက ကွင်းဆင်းလေ့လာစိစစ်ရေး အဖွဲ့ရဲ့ တွေ့ရှိချက်နှင့် သုံးသပ်ချက်များ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း က ဆောင်ရွက်ပေးသင့်တဲ့ ပေါင်းစပ်ညှိနှိုင်းပေးရမယ့် အကြောင်းအရာ၊ အကြောင်းပြန်ကြားပေးစေလိုတဲ့ သတ်မှတ်ကာလတို့ ပါဝင်မှာဖြစ်ပါတယ်။

သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းဟာ လိုအပ်သလိုဆောင်ရွက်ပြီး အဖွဲ့ သို့မဟုတ် အဖွဲ့ခွဲသို့ ပြန်ကြားရမှာဖြစ်ပါတယ်။

အဖွဲ့ခွဲဟာ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းထံမှ ပြန်ကြားချက်ကို သတ်မှတ်ကာလအတွင်း လက်ခံရရှိခြင်းမရှိပါက ထပ်မံညှိနှိုင်းအကြောင်းကြား ရမှာဖြစ်ပြီး ထပ်မံအကြောင်းကြားပေမယ့် ပြန်ကြားခြင်းမရှိပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြညှိနှိုင်းဆောင်ရွက် မှာ ဖြစ်ပါတယ်။

အဖွဲ့ခွဲရဲ့ တင်ပြချက်အပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့က သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းသို့ကြီးကြပ်ဆောင်ရွက် ရန်၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နဲ့ စစ်ဆေးရန် ညွှန်ကြားထားရှိမှုအပေါ် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းက လိုက်နာဆောင်ရွက်ဖို့ အားနည်း ကြောင်း တွေ့ရှိရပါက အဖွဲ့ခွဲဟာ အဖွဲ့ထံတင်ပြရမှာ ဖြစ်ပါတယ်။

အဖွဲ့ဟာ အဖွဲ့ခွဲက တင်ပြလာတဲ့ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းထံ မှ ပေါင်းစပ်ညှိနှိုင်းခြင်း သို့မဟုတ် အကြောင်းပြန်ကြားခြင်းမရှိတဲ့ ကိစ္စရပ် များအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြဆောင်ရွက်ရမှာဖြစ်ပါတယ်။

အဖွဲ့ သို့မဟုတ် အဖွဲ့ခွဲဟာ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းက ဆောင်ရွက်ထားရှိမှု ပြန်ကြားချက်အပေါ် စိစစ်သုံးသပ်ပြီး လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းထံ လိုအပ်ချက်များ ဖော်ပြကာ ထပ်မံ ညှိနှိုင်းအကြောင်းကြားခြင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းက ဆောင်ရွက်ချက်ပြန်ကြားတဲ့အခါ အသိပေးရန် လိုအပ်တဲ့ ဆောင်ရွက်ချက်ကို

တိုင်ကြားသူထံအဖွဲ့ သို့မဟုတ် အဖွဲ့ခွဲ အနေနဲ့ အသိပေးအကြောင်းကြားမှာ ဖြစ်ပါတယ်။

အထက်ပါတင်ပြခဲ့တဲ့အချက်တွေကတော့ တရားဥပဒေစိုးမိုးရေးဌာနနဲ့တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နဲ့ အဖွဲ့ခွဲတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများ (SOP) မှ သိသင့်တဲ့ အချက်များကို အကျဉ်းချုပ်ကောက်နုတ်တင်ပြချက်များ ဖြစ်ပါတယ်။

တရားမျှတမှုရရှိရေးဆိုရာမှာ တရားရုံးမှာရင်ဆိုင်နေရတဲ့ အမှုအခင်း ကိစ္စတစ်မျိုးတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ အစိုးရဌာန၊ အဖွဲ့အစည်းများက ဆောင်ရွက်တဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်ချက်များလည်း ပါဝင် ပါတယ်။

အစိုးရဌာန၊ အဖွဲ့အစည်းများကလည်း တရားဥပဒေစိုးမိုးရေးဌာနနဲ့ တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ရဲ့ရည်ရွယ်ချက်နဲ့ စံလုပ်ထုံးလုပ်နည်းများကို နားလည်သဘောပေါက်ပြီး အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ကာ ပြည်သူများ တရားမျှတမှုရရှိစေရန် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ တရားမျှတမှုကို လက်လှမ်းမီစေရေး တို့ဟာ နိုင်ငံတော်အစိုးရရဲ့ မျှော်မှန်းချက်တစ်ရပ်ဖြစ်သလို ပြည်သူများရဲ့ မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ အဲဒီမျှော်မှန်းချက်၊ မျှော်လင့်ချက်တို့ ပြည့်ဝစေရေးအတွက် တရားဥပဒေစိုးမိုးရေးဌာနနဲ့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နဲ့အဖွဲ့ခွဲများရဲ့ ဆောင်ရွက်ချက်များဟာ နိုင်ငံတော်က ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်စေပါတယ်။

ပြည်သူတွေအနေနဲ့လည်း ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နဲ့ အဖွဲ့ခွဲများရဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိပြီး တရားမျှတမှုမရှိခြင်းကြောင့် နစ်နာ ဆုံးရှုံးမှုဖြစ်ရတယ်လို့ ယူဆရတဲ့အခါ၊ တွေ့ကြုံရတဲ့အခါ တရားမျှတမှု ရရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးဌာနနဲ့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နဲ့ အဖွဲ့ခွဲများထံ တင်ပြဆောင်ရွက် နိုင်ရန် အဖွဲ့နဲ့ အဖွဲ့ခွဲများရဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြလိုက်ရ ပါတယ်။ ။