အယ်ဒီတာ့အာဘော်
===========
ပြည်သူလူထုစောင့်ရှောက်မှု ပိုမိုမြှင့်တင်
====================
ကလေးသူငယ်များနှင့် အမျိုးသမီးများမှာ အားနည်းသူများဟု ဆိုရမည် ဖြစ်သည်။ အားနည်းသောကလေးသူငယ်များနှင့် အမျိုးသမီးများမှာ အကြမ်းဖက်ခံရနိုင်ခြေများသော အုပ်စုများအဖြစ် တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် ကလေးသူငယ်များနှင့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန် ဥပဒေများပြဋ္ဌာန်းပြီး ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးကြ ရမည်ဖြစ်သည်။
မြန်မာနိုင်ငံလူဦးရေ၏ ၅၁ ဒသမ ၈၁ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်သည်။ အဆိုပါအမျိုးသမီးထုကြီး ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်ခံရမှုမှ အကာအကွယ်ပေးရေးတို့ကို ဆောင်ရွက်ခြင်းသည် နိုင်ငံသားအားလုံးကို ကိုယ်စားပြုအကာအကွယ်ပေးခြင်းပင်ဖြစ်သည်။ မျက်မှောက်ကာလတွင် ဒီမိုကရေစီစနစ်ကို ရှင်သန်ခိုင်မာအောင် ဖော်ဆောင်နေသည်ဖြစ်၍ ကျား/မ တန်းတူအခွင့်အရေးများ၊ အားနည်းသူကို ဖေးကူလက်တွဲ ကာကွယ် စောင့်ရှောက်ပေးရေးအစီအမံများကို ဦးစားပေးဆောင်ရွက်နေသော အချိန် အခါဖြစ်သည်။
အမျိုးသမီးနှင့် ကလေးသူငယ်များတွင် အိမ်တွင်းအကြမ်းဖက်ခံရမှု၊ အဓမ္မစေခိုင်းမှု၊ လူကုန်ကူးမှု စသည့်ဖိနှိပ်မှုအမျိုးမျိုးတို့ကို ခံနေကြရဆဲ ဖြစ်သည်။ အမျိုးသမီးနှင့် ကလေးသူငယ်အချို့သည် မှုခင်းကြီးကြီးမားမား ဖြစ်ရသည်မှလွဲ၍ ဘဝအခြေအနေအရ အမှောင်ထဲတွင် ဇွတ်တိုးနေရသူများ ရှိသလို အရှက်အကြောက်တရားကြောင့်လည်းကောင်း၊ အလုပ်အရှုပ်မခံနိုင်၊ မတတ်နိုင်သည့် အခြေအနေကြောင့်လည်းကောင်း၊ အသိအမြင်ဗဟုသုတ နည်းပါး၍ အကူအညီတောင်းခံရနိုင်သည်ကို မသိနားမလည်၍လည်းကောင်း အဖိနှိပ်ခံနိမ့်ကျသည့် ဘဝသံသရာတွင်လည်နေရသည်။
လက်ရှိကာလတွင် ယခင်နှင့်မတူ များစွာပြောင်းလဲနေသည်ကို သတိ ပြုမိရမည်ဖြစ်သည်။ အမျိုးသမီးအခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက် ပေးရေးအား များစွာဦးစားပေးဆောင်ရွက်နေသည်ကို တွေ့ရသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရန် ပြည်သူလူထု ဗဟိုပြုပြီး အမှန်တကယ်အကျိုးဖြစ်စေမည့် လုပ်ငန်းများဖော်ဆောင်လျက် ရှိရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုများဖြင့် နှစ်စဉ်လက်တွေ့လုပ်ကိုင်ပြသလျက်ရှိသည်။
ယခုအခါ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေကို ရေးဆွဲထားပြီး အမြန်ဆုံး အတည်ပြုပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံ၌ မကြာမီပေါ်ပေါက်လာမည့် ဥပဒေပြုရေး မဏ္ဍိုင်သစ်တွင် အမျိုးသမီးပြည်သူ့ကိုယ်စားလှယ် ၁၇ ရာခိုင်နှုန်းကျော် ပါဝင်လာသဖြင့် အနာဂတ်တွင် အမျိုးသမီးများအား အကာအကွယ်ပေးမည့် ဥပဒေများ ပိုမိုအားကောင်းလာနိုင်ခြင်း၊ အမျိုးသမီးများအား အကာအကွယ် ပေးမည့် ကိုယ်စားပြုအသံများပိုမိုကြားသိရနိုင်ခြင်းတို့ကြောင့် အမျိုးသမီး များ၏ အခွင့်အရေးများကို ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ လူ့ဘောင်လောကတွင် အမှုအမျိုးမျိုးပွေနေရသဖြင့် အားနည်းသူများ အပေါ်တွင် အကြမ်းဖက်မှုအမျိုးမျိုးတို့ ဖြစ်ပေါ်နေမည်ဖြစ်ရာ ပြည်သူများ အနေဖြင့် အကြမ်းဖက်မှုဖြစ်ပေါ်လာလျှင် မည်သို့အကာအကွယ်ယူရမည်၊ မည်သို့ဆောင်ရွက်ရမည် စသည့်အသိအမြင်ဗဟုသုတများရှိဖို့ လိုအပ်ပါသည်။
ဒီမိုကရေစီခေတ်ကာလတွင် ပွင့်လင်းမြင်သာမှုနှင့် လူ့အခွင့်အရေး ရရှိမှုတို့ အားကောင်းလာပြီဖြစ်ရာ တစ်စုံတစ်ရာကြုံတွေ့လာပါက အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်တတ်ဖို့ လိုအပ်ပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများရှိပါက သတင်းပို့တိုင်ကြားနိုင်ရေးအတွက် ၂၄ နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်ကတည်းက ထူထောင်ထားရှိပြီး အကြမ်းဖက် ခံရသူများကို တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများ စီစဉ်ပေးခြင်း၊ အခြားသောဝန်ဆောင်မှုများရရှိရေး ညွှန်းပို့ချိတ်ဆက်ပေးခြင်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိသည်။
အကြမ်းဖက်ခံရသည့် အမျိုးသမီးများအနေဖြင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ မုံရွာမြို့နှင့် ကယားပြည်နယ်တို့တွင် ဖွင့်လှစ်ထားရှိသည့် One Stop Women Support Center များတွင် အကူအညီရယူ၍ ယာယီ စောင့်ရှောက်ပေးမှုများကို ရယူနိုင်ပေသည်။ လက်ရှိကာလတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေဆဲဖြစ်၍ အိမ်တွင်းအကြမ်းဖက်မှုများရှိနိုင်ရာ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ရှာဖွေတားဆီးကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရန် ဝန်ကြီးဌာနက နှိုးဆော်ထားသည်။ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အမျိုးသမီးများသာမက ပြည်သူများပါ စိတ်ဖိစီးမှုများ လျော့ကျစေရေးနှင့် စိတ်ပိုင်းဆိုင်ရာမြှင့်တင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Hot Line များ ထားရှိပြီး အခမဲ့ဝန်ဆောင်မှုပေးနေသည်။
သို့ဖြစ်ရာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု ကို တည်ဆောက်နေသော ကာလတွင် ကျား/မရေးရာအခြေပြုသည့် ကာကွယ်စောင့်ရှောက်မှုပေးရေးဆိုင်ရာတို့ကို အလေးထားဆောင်ရွက် ပေးနေသည်ဖြစ်ရာ အမျိုးသမီးများ၊ ကလေးသူငယ်များသာမက ပြည်သူ အားလုံး သာတူညီမျှ ကာကွယ်စောင့်ရှောက်ရေး၊ အခွင့်အရေးရရှိရေးတို့ကို အပြည့်အဝရရှိနိုင်ရေးအတွက် အားလုံးပူးပေါင်းလက်တွဲ၍ ပိုမိုမြှင့်တင်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။ ။