မျက်မှောက်ကာလကမ္ဘာ့အစီအစဉ် (World Order) ၏ အစမှာ ဒုတိယကမ္ဘာစစ်ဖြစ်သည်။ မဟာမိတ်နိုင်ငံများနှင့် ဝင်ရိုးတန်းနိုင်ငံများအကြား ကမ္ဘာ့ဒေသအသီးသီးတို့တွင် ဖြစ်ပွားခဲ့သည့် ဒုတိယကမ္ဘာစစ်ကြီးသည် ထိုစဉ်က နယ်ချဲ့ နိုင်ငံကြီးများ၏ လက်အောက်တွင် ကျရောက်နေခဲ့သည့် အိန္ဒိယ၊ မြန်မာတို့အပါအဝင် ကိုလိုနီနိုင်ငံများ၏ အမြင်အရ နယ်ချဲ့သမားအချင်းချင်း စားကျက်လုကြခြင်းသာဖြစ် သည်။ သို့ရာတွင် အတ္တလန္တိတ်ချာတာ ထွက်ပေါ်လာသည့် အခါ ကိုလိုနီလက်အောက်ခံနိုင်ငံများကို လွတ်လပ်ရေး ပေးရန် ပါရှိခဲ့သည့်အလျောက် မဟာမိတ်နိုင်ငံများကို ထိုစဉ်က ကျွန်နိုင်ငံဘဝ ကျရောက်နေခဲ့ရသည့် နိုင်ငံများက ထောက်ခံခဲ့ကြသည်။
မြန်မာနိုင်ငံအဖို့မူ “အတ္တလန္တိတ်ချာတာသည် အိန္ဒိယ၊ မြန်မာတို့နှင့် မဆိုင်” ဟူသော အင်္ဂလန်နန်းရင်းဝန် ချာချီ၏ စကားအရ နိုင်ငံလွတ်လပ်ရေးအတွက် တောင်းယူ၍ မရလျှင် တိုက်ယူရန်ပြင်ဆင်ရသည်။ အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးကို ရင်ဆိုင်နိုင်ရန်အတွက် ပြည်တွင်းအင်အားဖြစ်သော စည်းလုံးညီညွတ်မှုကို တည်ဆောက်ခဲ့ရသည်။ ၁၉၄၆ ခုနှစ် ရွှေတိဂုံအလယ်ပစ္စယံ လူထုအစည်းအဝေးတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်ုပ်တို့၏ ကံကြမ္မာကို ကျွန်ုပ် တို့ ဖန်တီးဖို့အရေးသည် ကျွန်ုပ်တို့၏ လက်တွင်းမှာပင်ရှိ၏။ ကျွန်ုပ်တို့အင်အားကို ကျွန်ုပ်တို့ယုံကြည်လျှင် ကောင်းကင် တမွတ် ကြယ်ကိုပင် ဆွတ်နိုင်ကြပေမည်။ ကြယ်ကိုပင် ဆွတ်နိုင်ကြလျှင် ကမ္ဘာမြေပေါ်မှာ အဘယ်ကြောင့် လွတ်လပ်ရေးအောင်ပန်းကို မဆွတ်နိုင်ဘဲ ရှိအံ့နည်း။ ကျွန်ုပ်တို့သည် ညီညွတ်စွာ ကျွန်ုပ်တို့၏ ကာယဗလ၊ ဉာဏ ဗလ၊ သတ္တိဗျတ္တိနှင့် ကျွန်ုပ်တို့၏ ရာဇဝင်တွင် စာတင်နိုင်မည့် လွတ်လပ်ရေး အောင်မြင်မှုအတွက် ဆက်လက်ကြိုးပမ်း ကြမည်” ဟူ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကို နှိုးဆော်ခဲ့သည်။
နယ်ချဲ့လက်အောက်တွင် သွေးခွဲအုပ်ချုပ်ခံခဲ့ရသည့် မြန်မာနိုင်ငံသည် ပြည်မနှင့် တောင်တန်းဒေသများအကြား ဥပဒေမတူ၊ အခွင့်အရေးမတူ၊ ဖွံ့ဖြိုးမှုမတူ၊ အုပ်ချုပ်မှု ပရိယာယ်များ၊ နည်းလမ်းမျိုးစုံဖြင့် သွေးခွဲသပ်လျှိုမှုများ၊ သံသယနှင့် လူမျိုးရေး အမုန်းတရားမျိုးစေ့များကို နယ်ချဲ့ သမားက နှစ်ပေါင်းများစွာ စနစ်တကျပြုလုပ်သွားခဲ့သည်။ နိုင်ငံကို အတူတကွ လက်တွဲတည်ဆောက်ခဲ့ကြသည့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရပြီးသည့်နောက် နိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သော်လည်း နှစ်ပေါင်းများစွာ သွေးခွဲ အုပ်ချုပ်ခဲ့မှု၏ ဒဏ်ရာဒဏ်ချက်များက အကင်းမသေ။ သံသယကင်းကင်းနှင့် စည်းလုံးညီညွတ်ရေးအတွက် ယနေ့တိုင် ကြိုးပမ်းနေရသည်မှာ နှစ်ပေါင်း ၇၅ နှစ်ပင် ပြည့်တော့မည်ဖြစ်သည်။
လွတ်လပ်ရေးသက်တမ်း (၇၅) နှစ်သို့ ရောက်ရှိလာပြီ ဖြစ်သည့် မိမိတို့နိုင်ငံမှ တောင်ပေါ်မြေပြန့် လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထုအားလုံး လွတ်လပ်ရေး၏ အရသာကို တင်းပြည့်ကျပ်ပြည့်ခံစား နိုင်ရန်မှာ နေရာဒေသအားလုံး အေးချမ်းသာယာရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။ ယင်းလိုအပ်ချက် နှစ်ရပ် ကို ဖြည့်ဆည်းနိုင်ရန်အတွက် အခြေခံအကျဆုံးလိုအပ် ချက်မှာ တစ်နိုင်ငံလုံး စည်းလုံးညီညွတ်ရေးပင်ဖြစ်ရာ တိုင်းရင်းသားပြည်သူလူထုကြီး၏ စွမ်းပကားဖြင့် စည်းလုံး ညီညွတ်ရေးကို တညီတညွတ် တည်ဆောက်နိုင်ကြ ပါစေကြောင်း။ ။