ပြည်သူများ စည်းလုံးညီညွတ် စည်းကမ်းရှိသည်ကို လက်တွေ့ပြနိုင်

အယ်ဒီတာ့အာဘော်

=============

 

ပြည်သူများ စည်းလုံးညီညွတ် စည်းကမ်းရှိသည်ကို လက်တွေ့ပြနိုင်

 

=========================================

 

 

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အရှိန်အဟုန်မကျသေးဘဲ မြင့်တက်နေဆဲဖြစ်သည်ကို မြင်တွေ့ကြားသိရမည်ဖြစ်သည်။ တစ်ကမ္ဘာလုံး တွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ သန်းပေါင်း ၂၀ ကျော်ရှိလာပြီး သေဆုံးသူ တစ်သန်းနီးပါးသို့ ချဉ်းကပ်လာသည်ကို တွေ့ရပါသည်။ ကမ္ဘာ့နိုင်ငံများ အနေဖြင့် ဗိုင်းရပ်စ်ပိုးကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန် ကြိုးစားအားထုတ်နေကြရာ၌ ပြည်သူများ စည်းလုံးညီညွတ်မှု၊ စည်းကမ်းလိုက်နာမှုတို့အပေါ် မူတည်၍ ရောဂါအနည်းအများ ဖြစ်ပေါ်မှုကို မြင်တွေ့နိုင်ပါသည်။

 

နိုင်ငံတကာသုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ လူနာများတွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိသူ ၄၀ ရာခိုင်နှုန်းခန့်၊ မပြင်းထန်သော ရောဂါလက္ခဏာရှိသူ ၄၀ ရာခိုင်နှုန်းခန့်၊ ဆေးရုံတက်ရောက် ကုသမှုခံယူရန် လိုအပ်သူ ၁၅ ရာခိုင်နှုန်းခန့်နှင့် ရောဂါပြင်းထန်သူ ငါးရာခိုင်နှုန်းခန့်ရှိသည်ဟု သိရပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၃၇၀ ကျော်ရှိပြီး ၎င်းတို့အနက် ၆၁ ရာခိုင်နှုန်းခန့်တွင် ရောဂါ လက္ခဏာပြသခြင်းမရှိမှု၊ ကိုဗစ်-၁၉ လူနာအားလုံး၏ ၅၅ ရာခိုင်နှုန်းသည် ပြည်ပနိုင်ငံများမှ ကူးစက်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်လာမှု၊ လက်ရှိအချိန် တွင် လူနာအများစုမှာ ပြည်ပမှဝင်ရောက်လာသူများဖြစ်မှု၊ ကိုဗစ်-၁၉ လူနာ ၃၇၀ ဝန်းကျင်အနက် အထူးကြပ်မတ်ကုသမှုခံယူရသူ ၂၀ နှင့် အသက်ရှူအထောက်အကူပြုစက်အသုံးပြုခဲ့ရသူ ငါးဦးသာရှိသည်ကို တွေ့ရှိ ရပါသည်။

 

ဆိုခဲ့သည့်အတိုင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူများမှာ ပြည်ပနိုင်ငံများမှ ရောက်ရှိလာကြသူများသာ အများဆုံးဖြစ်သည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ပြည်ပမှ ရောဂါပိုးတွေ့ရှိသူများအား စနစ်တကျကုသမှုပေးကာ ရောဂါပျံ့နှံ့မှုမရှိစေရေး လုံခြုံစိတ်ချမှုရှိအောင် ဆောင်ရွက်ပေးနေသည်။ မြန်မာနိုင်ငံတွင် ယခုအချိန်၌ သံသယလူနာ၊ အသွားအလာကန့်သတ်ထားရှိ သူများနှင့် ကိုဗစ်-၁၉ လူနာများနှင့် ထိတွေ့မှုရှိခဲ့သူများ၏ ဓာတ်ခွဲနမူနာ စုစုပေါင်း၏ သုည ဒသမ ၂၈ ရာခိုင်နှုန်းတွင်သာ ရောဂါပိုးတွေ့ရှိခဲ့သည်။ ရောဂါပိုးကိုရှာဖွေရာ၌ ဓာတ်ခွဲစစ်ဆေးမှုအရေအတွက်ကို တိုးမြှင့်ရှာဖွေ သော်လည်း ရောဂါပိုးတွေ့ရှိသူ မြင့်တက်မှုမရှိဘဲ တည်ငြိမ်နေမှု၊ လက်ရှိ အခြေအနေတွင် သံသယလက္ခဏာ လူနာအရေအတွက် ကျဆင်းလာမှု၊ အသွားအလာကန့်သတ်ထားရှိရာနေရာ အရေအတွက်နှင့် လူဦးရေကျဆင်း လာမှုတို့သည် မြန်မာနိုင်ငံအတွက် ကောင်းမွန်သည့်အနေအထားများ ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ဓနဥစ္စာချို့တဲ့သောနိုင်ငံဖြစ်သည်။ စိန်ခေါ်မှုများ၊ ပြဿနာများ၊ ပဋိပက္ခများ ထူပြောသောနိုင်ငံဖြစ်သည်။ နိုင်ငံမချမ်းသာသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း မမြင့်မားသောနိုင်ငံဖြစ်သည်။ စည်းလုံးညီညွတ်မှု အားနည်းသည့်နိုင်ငံဖြစ်သည်ဟု ဆိုချင်ဆိုနိုင်သည်။ ထိုကဲ့သို့ အဘက်ဘက်တွင် အားနည်းနေသောနိုင်ငံဖြစ်သော်လည်း တစ်တိုင်းပြည်လုံးအရေးနှင့် ကြုံလာလျှင် စည်းလုံးညီညွတ်သော နိုင်ငံ ဖြစ်လာသည်ကို သမိုင်းကြောင်းဖြစ်စဉ်များ၌ မြင်တွေ့ရမည်ဖြစ်သည်။ ယခုလည်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်အချိန်မှ ယနေ့အချိန်ကာလ အထိ နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ထက်သန်နိုးကြားတက်ကြွ မှု၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ အသိစိတ်ဓာတ်ရှိရှိ လိုက်နာဆောင်ရွက်မှု တို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကောင်းမွန်စွာ ရင်ဆိုင်တုံ့ပြန်နိုင်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် နိုင်ငံငယ်သော်လည်း၊ အင်အားနည်း သော်လည်း၊ စိတ်ဝမ်းကွဲသော်လည်း ပြည်သူပြည်သားအားလုံး၏ ကျန်းမာရေးအတွက် အခြေအနေမဆိုးရွားအောင်၊ အကောင်းဆုံးအနေအထား ရောက်အောင် လက်တွေ့လုပ်ဆောင်ပြသနိုင်ခဲ့ပေသည်။ မြန်မာနိုင်ငံတွင် အချင်းချင်းမစည်းလုံးဘဲ ပဋိပက္ခများနှင့် ရင်ဆိုင်နေရသည်ဟု အပြစ်ဆိုနိုင် သော်လည်း ကိုဗစ်-၁၉ ရောဂါကဲ့သို့ တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် စိန်ခေါ်မှု များအား လက်တွေ့ရင်ဆိုင်လာရချိန်၌ မြန်မာပြည်သူပြည်သားများ စည်းလုံးညီညွတ်သည်၊ စည်းကမ်းလိုက်နာကြသည်ကို အထင်အရှား မြင်တွေ့နိုင်မည် ဖြစ်ပါကြောင်း။ ။