ပြည်သူများ ပူးပေါင်းပါဝင်မှုအားဖြင့် အကြမ်းဖက်အဖျက်ရန်များ ဖြိုခွင်းချေမှုန်း

 

အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြသော အကြမ်းဖက်သမားများ၊ ၎င်းတို့ ခိုအောင်းလှုပ်ရှားလျက်ရှိသည့်  နေရာများ၊    လက်နက်၊  ခဲယမ်း မီးကျောက်သိုလှောင်ထားမှုများ စသည်တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက်ရှိရာ အကြမ်းဖက်မှုများကို မလိုလား သည့် ပြည်သူများ၏ သတင်းပေးမှု၊ ပူးပေါင်းပါဝင်မှုတို့ကြောင့် ထိထိ ရောက်ရောက် ဖော်ထုတ်နိုင်လျက်ရှိသည်။ ယခုရက်ပိုင်းအတွင်း အကြမ်းဖက်အဖွဲ့အစည်း NUG ၏ စေခိုင်းချက်အရ အကြမ်းဖက် လုပ်ငန်းများကို ဆောင်ရွက်နေသည့် NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော်ကို ဖမ်းဆီးမိခဲ့ခြင်းနှင့်အတူ ၎င်း၏ထွက်ဆိုချက် များအရ ဆက်စပ်တရားခံများနှင့် လက်နက်/ခဲယမ်းများစွာတို့ကိုပါ အုံနှင့်ကျင်းနှင့် ထပ်မံဖမ်းဆီးရမိလျက်ရှိသည်ကို တွေ့ရသည်။

 


ရန်ကုန်မြို့တွင်းမှာပင် ခိုအောင်းနေထိုင်ကာ ပြည်သူများအတွင်း အကြောက်တရား သွတ်သွင်းရန် ရည်ရွယ်ချက်ဖြင့် အရပ်ဘက် ပစ်မှတ်များကို ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို လုပ်ကြံသတ်ဖြတ်ခြင်းတို့ ကို ပြုလုပ်ရန်အတွက် အကြမ်းဖက်အုပ်စုငယ်များကို ခိုအောင်းရန် နေရာများ ငှားရမ်းပေးခြင်း၊ လက်နက်ခဲယမ်းများ ထုတ်ပေးခြင်းတို့ ကို     ဆောင်ရွက်နေသည့်    မောင်ကျော်(ခ) ဖြိုးဇေယျာသော်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းကြောင့် နောက်ထပ် မီးကုန်ယမ်းကုန် အကြမ်းဖက်တိုက်ခိုက်ရေး အကြံအစည်များပါ ပျက်ယွင်းသွားခဲ့ပြီ ဖြစ်သည်။ ဖမ်းဆီးရမိခဲ့သည့် လူ၊ လက်နက်၊ ခဲယမ်းအရေအတွက်များ က များပြားသလောက် မူးယစ်ဆေးဝါးများကိုပါ သိမ်းဆည်းရမိခဲ့ရာ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိဘဲ ၎င်းတို့၏ အကြမ်းဖက်ရည်မှန်းချက် များသာ အောင်မြင်ခဲ့မည်ဆိုပါက ကြောက်ခမန်းလိလိဖြစ်ရပ်ဆိုး များ ဖြစ်ပေါ်လာမည်ဖြစ်သည်။

 


ယခုအခါ   နိုင်ငံအတွင်းရှိ    ဒေသအချို့တွင်   NUG၊ CRPH အကြမ်းဖက်အဖွဲ့အစည်းနှင့် တိုက်ရိုက်ဆက်စပ်နေသည့် အကြမ်း ဖက် PDF အဖွဲ့များအပြင် နာမည်မျိုးစုံခံကာ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်နေသည့်  အုပ်စုကွဲများစွာတို့တွင် နောက်ကွယ်မှ ငွေကြေး ကိစ္စများ၊    မူးယစ်ဆေးဝါးကိစ္စများပါ   ရှုပ်ထွေးလျက်ရှိကြောင်း  ကြားသိရသည်။ တစ်ခါတစ်ရံတွင် လူမှုရေးအရှုပ်အထွေးများပါ ပေါ်ထွက်လာလေ့ရှိသည်ကိုလည်း တွေ့ရသည်။ ဒီမိုကရေစီရေး၊ တော်လှန်ရေးဟူ၍   အကြောင်းပြကာ   အလှူငွေ၊  ရန်ပုံငွေများ ကောက်ခံစုဆောင်းခြင်း၊ ကိုယ်ကျိုးသုံးစွဲခြင်းတို့ကြောင့် ထွက်ပေါ် လာသည့်ဝေဖန်မှု၊  ငြင်းခုံမှုများ၊  ခင်ပွန်းနှင့်သားကို  ထားရစ်ပြီး  တောခိုသွားခဲ့ရာမှ သိမ်းပိုက်ခံလိုက်ရသည့် အမျိုးသမီး၏ မချိတင်ကဲ ဝမ်းနည်းစကားသံများ၊ ငွေကြေးထောက်ပံ့မှု၊ လက်နက်၊ ခဲယမ်း  ထောက်ပံ့မှုတို့နှင့်  စပ်လျဉ်း၍  မကျေမနပ်ဆဲဆိုသံများ စသည်တို့ပါ လူမှုကွန်ရက်များတွင် ပေါ်ထွက်လာသည်ကိုလည်း တွေ့ရသည်။ လက်နက်ဆွဲကိုင် တိုက်ခိုက်ခြင်း၊ အကြမ်းဖက်အဖျက် လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့နှင့်အတူ လူမှုအနိဋ္ဌာရုံများ ခံစားနေကြရခြင်းလည်း ဖြစ်သည်။ 

 


အကြမ်းဖက်အဖွဲ့အစည်းများတွင် ၎င်းတို့၏ အဆွယ်အပွားများ၊ လက်နက်၊ ခဲယမ်း ငွေကြေးရိက္ခာစုဆောင်းသူများ၊ ထောက်ပံ့သူများ၊ ဝပ်ကျင်းနေရာပေးသူများ၊      ထောက်ခံအားပေးသူများလည်း တစ်နွယ်ငင်တစ်စင်ပါ ဆိုသလိုရှိသည်။ အကြမ်းဖက်မှုတွင် ပါဝင်သမျှ၊ ဆက်စပ်သမျှတို့မှာ ဥပဒေအရ အရေးယူခံကြရမှာဖြစ်သည်။ အကြမ်း ဖက်မှုများ လျော့နည်းပပျောက်ကင်းစင်သည်နှင့်အမျှ ပြည်သူတို့၏ လူမှုဘဝများ လုံခြုံအေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုတို့ ကောင်းမွန် တိုးတက်လာနိုင်မည်ဖြစ်သည့်အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ အကြမ်းဖက်သမားများ ဖော်ထုတ်ဖမ်းဆီးရေးတွင် ပြည်သူများက ဆက်လက်ပူးပေါင်းပါဝင်ကြရန်နှင့် အကြမ်းဖက်အုပ်စုများက ထပ်မံ ပြုလုပ်လာမည့်  အကြမ်းဖက်တိုက်ခိုက်  သတ်ဖြတ်ဖျက်ဆီးမှုများ ကို  သတိပြုကာကွယ်တားဆီးနိုင်ကြရန်   တိုက်တွန်းနှိုးဆော်အပ် ပါကြောင်း။        ။