ပြည်သူများ၏ဆန္ဒ မမှိတ်မသုန်အကောင်အထည်ဖော်

“ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအရ အချင်းချင်းသဘောကွဲလွဲမှုများ ရှိနိုင်သော်လည်း အများစု၏ဆန္ဒသဘောထားကိုလည်း ထည့်သွင်းစဉ်းစား၍ ဆင်ခြင်ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေးလျှောက်လှမ်းမှုတွင် အဆင်ပြေချောမွေ့စေရန် အတွက်   မိမိတို့က   ဝိုင်းဝန်းဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း”    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် များအား ဒီဇင်ဘာ ၅ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။


နိုင်ငံတော်ဝန်ကြီးချုပ်၏ပြောကြားချက်သည်   မြန်မာနိုင်ငံ    နိုင်ငံရေးနှင့် ပတ်သက်သည့် ပကတိအရှိအမှန်တရားဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ကို ဖော်ဆောင်လျက်ရှိရာတွင် နိုင်ငံရေးလမ်းစဉ် တည့်မတ်ခိုင်မာမှန်ကန်ရေးအတွက် တပ်မတော်က အမျိုးသားနိုင်ငံရေးတာဝန်အရ ထိန်းကျောင်းတည့်မတ်ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံသူ နိုင်ငံသားများကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် နိုင်ငံ၏ဖြစ်ပေါ်လာသည့် အခြေအနေများအရ စစ်မှန်သောဒီမိုကရေစီဖြစ်ပေါ်လာစေရန် နိုင်ငံတော်ကို ခေတ္တတာဝန်ယူဆောင်ရွက် နေခြင်းဖြစ်သည်။


နိုင်ငံတော်အနေဖြင့် စစ်မှန်သောဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံ သည့် ပြည်ထောင်စုကို လျှောက်လှမ်းနေသည်။ ယင်းသည် ပြည်သူများရွေးချယ် ထားသည့် လမ်းကြောင်းဖြစ်သဖြင့် လမ်းကြောင်းမသွေဖည်အောင် ဆောင်ရွက် နေသည်။ နိုင်ငံတော်၏   နိုင်ငံရေးတာဝန်ကို   ဝင်ရောက်တာဝန်ယူခဲ့ခြင်းသည် တပ်မတော်က ဖန်တီးခဲ့ခြင်းမဟုတ်ပေ။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး၊ နိုင်ငံရေးတွင် ရိုးသားမှုရှိစေရေးနှင့် နိုင်ငံရေးအရ လက်စားချေခြင်းများ မပြုလုပ်စေရေးအတွက် တပ်မတော်အနေဖြင့် အမြဲမပြတ် တိုက်တွန်းပြောကြားခဲ့ သည်ကို တွေ့ရမည်ဖြစ်သည်။ 


ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲစနစ်တွင်     အနိုင်ရပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်များက သမ္မတရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း တို့ကို ဆောင်ရွက်ကြရသည်။ သမ္မတမှတစ်ဆင့် တရားသူကြီးများနှင့် အာဏာပိုင် အဖွဲ့အစည်းအသီးသီးကို ခန့်အပ်ဆောင်ရွက်ရသဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တရားမျှတမှုရှိရေးသည် အလွန်အရေးကြီးသောအချက်ဖြစ်သည်။ သို့သော် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် မသမာမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်အနေ ဖြင့် နိုင်ငံတော်၏တာဝန်များကို မလွှဲမရှောင်သာဘဲ ထိန်းသိမ်းတာဝန်ယူခဲ့ရသည်။ ထိုသို့ နိုင်ငံတော်တာဝန်ကို ရယူဆောင်ရွက်သောအခါ အာဏာလက်လွှတ်လိုက်ရ သည့် နိုင်ငံရေးသမားအများစုက တိုင်းပြည်အလုံးစုံပျက်စီးစေရန် ပြုလုပ်လာကြ သည်ကို တွေ့ရမည်ဖြစ်သည်။


အာဏာရရှိရေးအတွက် တိုင်းပြည်ပျက်စီးရေးကို မည်သို့ပင်ပြုလုပ်သည်ဖြစ်စေ တပ်မတော်သည်   နိုင်ငံတော်နှင့်    တိုင်းရင်းသားပြည်သူများအား    ကာကွယ် စောင့်ရှောက်ပေးလျက်ရှိသည်။ ပြည်သူများ ရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီ စနစ်လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံသည့်ပြည်ထောင်စုကို   တည်ဆောက်ရာတွင်   အဖွဲ့အစည်းအားလုံးနှင့် တိုင်းရင်းသားပြည်သူများ၏ ပါဝင်ကူညီမှုလိုအပ်သည်။ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြပါက နိုင်ငံတော်သည် မျှော်မှန်းထားသည့်အတိုင်း အကောင်းဆုံး အခြေအနေကို အမြန်ဆုံးရောက်ရှိလာမည်ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် တွင် မတူကွဲပြားသောတိုင်းရင်းသားပြည်သူများ ကာလရှည်ကြာ အေးချမ်းစွာ နေထိုင်ခဲ့ကြသူများဖြစ်၍ ပြည်ထောင်စုအကျိုးအတွက် တူညီသောစိတ်ထားများ ထားရှိကြရန်လိုသည်။


ဘာသာတရားကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံဖြစ်၍ အချင်းချင်းမေတ္တာ တရားဖြင့် ရိုင်းပင်းကူညီကြဖို့လိုအပ်သည်။ ဘာသာတရားနှင့်ပတ်သက်၍ အစွန်း ရောက်စိတ်ဓာတ်များ၊ နိုင်ငံရေးနှင့်ပတ်သက်သည့် အစွန်းရောက်စိတ်ဓာတ်များ ရှောင်ရှားကြရန်လိုအပ်သည်။ အစွန်းရောက်စိတ်ဓာတ်များကို မွေးမြူပြီး ပြည်သူ များအား မျှဝေပေးပါက တိုင်းပြည်ပျက်စီးရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိ သွားနိုင်သည်။ တိုင်းပြည်ပျက်စီးရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိမသွားစေရန် တပ်မတော်အနေဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန် တာဝန်ရှိပေသည်။  အစဉ်အလာကြီးမားသောတပ်မတော်သည်   လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ၊ လွတ်လပ်ရေးရရှိပြီးသောကာလများမှ   ယနေ့ထက်တိုင်အောင်    တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။   ရှေးအဖို့တွင်လည်း    နိုင်ငံတော်နှင့် နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ယုံကြည်ထားသည်။


မြန်မာနိုင်ငံသည် ပြည်သူများ၏ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တည့်မတ်မှန်ကန်စွာ ဆက်လက်လျှောက်လှမ်းနေပြီဖြစ်သည်။ လွတ်လပ်ပြီးတရား မျှတသည့် စစ်မှန်သောပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်လာအောင် တပ်မတော် အနေဖြင့် အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။  သို့ဖြစ်ရာ   တိုင်းရင်းသား ပြည်သူများ၏ဆန္ဒဖြစ်သည့်  တည်ငြိမ်အေးချမ်းသောနိုင်ငံဖြစ်ရေး၊ စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ပေါ်ပေါက်ရေး၊   ဖက်ဒရယ်ပြည်ထောင်စု    ဖြစ်ပေါ်လာရေး အတွက် နိုင်ငံတော်အစိုးရနှင့်အတူ တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။           ။