နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၁၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံမှာကြားရာ၌ “မိမိတို့အနေဖြင့် ပြည်သူ့လုံခြုံရေးဆောင်ရွက်ရန်အတွက် ပြည်သူများ ပူးပေါင်းဆောင်ရွက်လာအောင် ပြည်သူနှင့် ကောင်းမွန်သောဆက်ဆံရေးရှိရန်လိုကြောင်း၊ လုံခြုံရေးအား တိုက်ရိုက် တာဝန်ယူရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပေါ့ပေါ့ဆဆဆောင်ရွက်ခြင်း မရှိအောင် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုပြီး သတိဖြင့် တာဝန် ထမ်းဆောင်ရန်လိုကြောင်း” ပြောကြားခဲ့သည်။
ရန်ကုန်မြို့သည် နိုင်ငံအတွင်း လူဦးရေအများဆုံးမြို့ကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ ဂုဏ်ဒြပ်နှင့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အဓိကလှစ်ဟဖော်ပြနိုင်သော မြို့ကြီးဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့ကြီးအား စည်းကမ်းရှိသောမြို့ကြီးဖြစ်ရေး၊ မြို့ပြသာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံမှုရှိစေရေးတို့နှင့်ပတ်သက်၍ အရေးကြီးသည့် အထူးလိုအပ်ချက်များအား နိုင်ငံတော်ဝန်ကြီးချုပ်က အလေး အနက်ထား မှာကြားလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်ဝန်ကြီးချုပ် ရန်ကုန်မြို့အတွင်း လှည့်လည်စစ်ဆေးမှာကြားချက်များနှင့်ပတ်သက်၍ အထက် ဖော်ပြပါ ပြည်သူလုံခြုံရေးနှင့်လုံခြုံရေးတပ်ဖွဲ့များနှင့်စပ်လျဉ်းသည့် မှာကြားချက် ကို အထူးအလေးထားလိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပေ သည်။
လုံခြုံရေးသည် နိုင်ငံအတွက် အထူးအရေးကြီးသည့်ကိစ္စဖြစ်ပြီး ပြည်သူများ အတွက်လည်း အထူးအရေးပါသည့်ကိစ္စဖြစ်ပေသည်။ ပြည်သူများ၏ အဓိကလိုအပ် ချက်မှာ လုံခြုံစိတ်ချရသောလူမှုဘဝတွင် စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေး ဖြစ်သဖြင့် ပြည်သူ့လုံခြုံရေးကို အထူးဦးစားပေးဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်သည်။ ယနေ့အချိန်အခါတွင် အကြမ်းဖက်အဖျက်သမားများက ရန်ကုန်မြို့ကြီး အပါအဝင် မြို့ရွာများ၏လုံခြုံရေးကို ခြိမ်းခြောက်နှောင့်ယှက်လျက်ရှိပြီး အကြမ်း ဖက်အဖျက်သမားများ၏ လက်ချက်အမျိုးမျိုးကြောင့် ပြည်သူများမှာ မလုံခြုံသော ဘဝများတွင် နေထိုင်ရသကဲ့သို့ စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်ခဲ့ကြရသည်။ လက်ရှိ တွင် မြို့ပြရပ်ရွာများလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး အတော်အတန်တည်ငြိမ် သည့် အခြေအနေကောင်းတစ်ခုသို့ ရောက်ရှိလာပြီဆိုသော်လည်း လုံခြုံရေးသတိ အမြဲရှိပြီး အားလုံးလုံခြုံစိတ်ချသောဘဝသို့ ရောက်ရှိအောင် ကြိုးပမ်းအားထုတ် ကြရမည်ဖြစ်သည်။
မြို့ရွာများလုံခြုံရေး၊ ပြည်သူများလုံခြုံရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာ တွင် ပြည်သူများ၏ပူးပေါင်းပါဝင်မှုမှာ အရေးပါသည့်အချက်၊ အောင်မြင်မှုရနိုင်သော အချက်ဖြစ်သည်ကို မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းဖြစ်စဉ်များတွင် မြင်တွေ့ရမည် ဖြစ်သည်။ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် အကြမ်းဖက်အဖျက်သမား များအား ဖယ်ရှားနိုင်ခဲ့သည့်အပြင် မြို့ရွာများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိရောက် အောင်ဆောင်ရွက်နိုင်သည့် သက်သေသာဓကများရှိခဲ့သည်။ ပြည်သူများဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏လုံခြုံရေးကို ဆောင်ရွက်ရာတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့် ချစ်ခင်ရင်းနှီးသောဆက်ဆံရေး၊ ကောင်းမွန် သောဆက်ဆံရေးရှိရန် လိုအပ်သည်။ ယင်းအချက်ကို နိုင်ငံတော်ဝန်ကြီးချုပ်က အသိပေးထောက်ပြထားသဖြင့် သက်ဆိုင်သူများအနေဖြင့် သတိပြုလိုက်နာကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်သည်။
မိမိတို့၏လုပ်ငန်းများ၊ ရည်မှန်းချက်များအား အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူများ အကြား ယုံကြည်မှုကို အထူးတည်ဆောက်ကြရန်လိုအပ်သည်။ ယုံကြည်မှု တည်ဆောက်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် “ဥစ္စာရင်လို ဥစ္စာရင်ခဲ”အနေဖြင့် ပြည်သူများအကျိုးကို ဦးစားပေးဆောင်ရွက်ခြင်း၊ အနစ်နာ ခံကာ သယ်ပိုးဆောင်ရွက်ပေးခြင်း၊ ပြည်သူများနှင့် ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင် ထိတွေ့ဆက်ဆံခြင်း စသည်တို့ကို အလေးထားသတိပြုဆောင်ရွက်ကြရမည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်ကြရာ၌ အကြမ်းဖက်အဖျက်သမားများ၏ အန္တရာယ်မှာ အမြစ်မပြတ်သေးသဖြင့် လုံခြုံရေးသတိ အမြဲရှိကြရန်လိုအပ်သည်။ လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့် လူမှုပတ်ဝန်းကျင်တွင် ပြည်သူများအား ကောင်းမွန်စွာဆက်ဆံရန် လိုသော်လည်း အကြမ်းဖက်အဖျက်သမားများကို အထူးသတိထားနေရမည်ဖြစ် သည်။ အချို့ကိစ္စများတွင် ပေါ့ပေါ့ဆဆနေထိုင်မိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါ အန္တရာယ်ကျရောက်ခဲ့သည်ကို ဆင်ခြင်မိရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူ့လုံခြုံရေး ဆောင်ရွက်ရန်အတွက် ပြည်သူများ ပူးပေါင်း ပါဝင်ဆောင်ရွက်လာအောင် ပြည်သူနှင့် ကောင်းမွန်သောဆက်ဆံရေးရှိရန် လိုသည့် နိုင်ငံတော်ဝန်ကြီးချုပ် မှာကြားထားသော လမ်းညွှန်ချက်အတိုင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပြည်သူများ နှင့် ထိတွေ့ဆက်ဆံရေးကိစ္စရပ်များတွင် လုံခြုံရေးကို အထူးဂရုစိုက်ပြီး စိတ်ကောင်း စေတနာထား၍ စိတ်ရှည်စွာဖြင့် ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။