ပြည်သူဦးဆောင် ဖွံ့ဖြိုးအောင် ကုသိုလ်မနှေး ရေပေးရေး

Type
1

 

မောင်ရေခဲ(ကျေးလက်)

တစ်လောက ဆောင်းပါးတစ်ပုဒ်မှ အစ်ကိုတစ်ယောက်ရေးတဲ့  အကြောင်းလေး စိတ်ဝင်စားလို့မှတ်မိနေတာလေး ပြန်လည်မျှဝေချင်လို့ပါ။ ရေးတဲ့အကြောင်းက အခြားမဟုတ်ပါ။  ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆိုင်တဲ့ စီမံကိန်းလေးတစ်ခုအကြောင်းပါ။ ခေါင်းစဉ်က ရေမီတာသုံး ကျေးရွာလေးများတဲ့၊  စိတ်ဝင်စားစရာ ကောင်းတာက စီမံကိန်းလို့သာ ပြောတာ၊  အမှန်တကယ်  လုပ်သွားတာက အဲဒီဒေသ၊ အဲဒီကျေးရွာတွေမှာ နေထိုင်နေကြတဲ့ ပြည်သူတွေ။ အဲဒါကြောင့်လည်း စိတ်ဝင်စားလို့ ဖတ်မိရင်း မှတ်မှတ်ရရ စိတ်ထဲစွဲနေတာပါ။ 

 


ဆောင်းပါးပါအကြောင်းက  မြန်မာနိုင်ငံအတွင်း ရေရှားတဲ့ကျေးရွာတွေအတွက်  ၂၄ နာရီ အိမ်တိုင် ရာရောက် ရေရနိုင်မည့်စနစ်လေးအကောင်အထည် ဖော်ကြတဲ့အကြောင်း၊    ရေးထားတာလေးက-ကြိုက်သလောက်သုံး၊ ကျသလောက်ရှင်း၊ ၂၄ နာရီ ၇ ရက် ရေရရှိရေးလို့  အားလုံးနားလည်ထားကြတဲ့ ရေပေးရေးလုပ်ငန်းလေးထွက်ပေါ်လာဖို့   အစပျိုး ခဲ့တဲ့ နိုင်ငံရဲ့ အပူပိုင်းဇုန်မှာပါတဲ့  မကွေးတိုင်းဒေသ ကြီး   မြိုင်မြို့နယ်က  ကနီလို့  အမည်ရတဲ့ ရွာလေး တစ်ရွာ၊   အဲဒီရွာမှာ    ကျေးရွာလူထုက  ကိုယ်ထူ ကိုယ်ထဦးဆောင်ပြီး    အိမ်တိုင်းစေ့  ရေရအောင် လုပ်နိုင်ခဲ့တယ်။  ရွာချက်မြှုပ်စေတနာရှင်တစ်ဦးက မတည်ငွေအများစုကို       ထည့်ဝင်လှူဒါန်းပြီး အိမ်ထောင်စုအလိုက် အချိုးကျ ထည့်ဝင်ငွေပေါင်းလို့ အိမ်တိုင်ရာရောက်  ပိုက်လိုင်းစနစ်မှာ   ရေမီတာ တပ်ဆင်ပြီး    ရေပေးဝေခဲ့တယ်။      ကျေးရွာရေ ကော်မတီကို ဖွဲ့ပြီး     ရေဖိုးကို  မီတာယူနစ်အလိုက် ကောက်ခံလို့    ရေတွင်း၊   ရေစင်၊  ရေပိုက်လိုင်းနဲ့ လုပ်ငန်းလည်ပတ်စရိတ်တွေအတွက်  ပြန်သုံးစွဲနိုင် တဲ့အပြင်  ပိုတဲ့ငွေကို ရန်ပုံငွေထားရှိပြီး  ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့   လမ်းပြင်၊    တံတား ဆောက်၊ စာသင်ကျောင်းပြင်၊ စာသင်ကျောင်းတိုးချဲ့ စတဲ့လုပ်ငန်းတွေမှာ   ပြန်သုံးခဲ့လို့ အဲဒီရွာလေးက ပတ်ဝန်းကျင်ရွာတွေထက်    အများကြီး    ဖွံ့ဖြိုး တိုးတက်နေပြီဆိုတဲ့ အကြောင်းလေးပါ။

 


နည်းပညာထောက်ပံ့ပေး


အဲဒီရွာကို  စံနမူနာယူပြီး ကျေးလက်ဦးစီးနဲ့ယူနီဆက်ပူးပေါင်းလို့  အဲဒီလို  ဆောင်ရွက်ချင်တဲ့ ကျေးရွာတွေကို   ရန်ပုံငွေလျာထားပေးရုံသာမက လိုအပ်တဲ့  ရေတင်ပန့်တွေ၊  ပိုက်တွေနဲ့ နည်းပညာ ထောက်ပံ့ပေးပြီး ကျေးရွာမှ စုပေါင်းထည့်ဝင်မှုနဲ့ ဆောင်ရွက်စေခဲ့တာ   တစ်စတစ်စနဲ့   အခုဆိုရင်  နိုင်ငံအဝန်း     ကျေးရွာပေါင်းသုံးထောင်ကျော်မှာ အိမ်သွယ်ရေတိုင်စနစ်ကို  အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးလို့     အိမ်တိုင် ရာရောက်   ရေရရှိသုံးစွဲနေနိုင်ကြောင်း   သိရှိရတဲ့ အတွက်  အားရကျေနပ်မိသလို   ကျေးလက်နေ ပြည်သူတွေအတွက်လည်း  မုဒိတာပွားနေမိတယ်။

 


ဒီလိုကျေးရွာတွေမှာ   ရေမီတာတပ်အိမ်သွယ် ရေတိုင်စနစ်တွေ အကောင်အထည်ပေါ်စေဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့  မဟုတ်ခဲ့ပါ။     ကျေးရွာမှ ငွေကြေးနဲ့ လုပ်အားထည့်ဝင်မှု အကန့်အသတ်ရှိတဲ့ အပြင် တစ်နိုင်တစ်ပိုင်  အိမ်သုံးမဟုတ်ဘဲ တစ်ရွာ လုံးသုံးစွဲနိုင်ဖို့   ရေအရင်းအမြစ်   ရွေးချယ်တာနဲ့ ရေတင်၊       ရေဖြန့်ဝေတာစတဲ့      နေရာတွေမှာ နည်းပညာပိုင်း လိုအပ်ချက်များစွာ ရှိပါသေးတယ်။ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးတဲ့ နောက်မှာ လည်း   ရေပေးရေးစနစ်တစ်ခုလုံးကို    ထိန်းသိမ်း လည်ပတ်ဖို့အတွက်  ရန်ပုံငွေစုဆောင်းဖို့၊ ထိန်းသိမ်း ဖို့နဲ့  ဝန်ထမ်းခန့်ထားဖို့ စတဲ့  စီမံခန့်ခွဲရေးလုပ်ငန်း များ    ဆောင်ရွက်နိုင်ဖို့လိုပါတယ်။   ဒီတာဝန်တွေ ထမ်းဆောင်နိုင်ဖို့နဲ့       စနစ်တကျရေပေးဝေနိုင်ဖို့ ကျေးရွာရေကော်မတီဖွဲ့စည်းပေးတာနဲ့ စွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းများပေးခြင်းသည်လည်း အရေးကြီးတဲ့အပိုင်းမှာ ပါဝင်နေပါတယ်။

 


စနစ်တကျတူးဖော်


နိုင်ငံတော်အဆင့်က    အစိုးရအဆက်ဆက် ကျေးလက်နေပြည်သူတွေအတွက် ရေရရှိရေးလုပ်ငန်း တွေ၊  စီမံကိန်းတွေ    စဉ်ဆက်မပြတ်  အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြတာ    တွေ့နေ  မြင်နေခဲ့ကြတာပါ။    ဒါပေမယ့်  တစ်စတစ်စ   ဖွံ့ဖြိုး တိုးတက်လာမှုနဲ့အတူ     လူနေမှုအဆင့်အတန်း တိုးတက်လာတာနဲ့အမျှ   လူတွေရဲ့ အခြေခံလိုအပ် ချက်ဖြစ်တဲ့ ရေရရှိရေး၊ မီးလင်းရေးစတဲ့ ကဏ္ဍတွေ မှာ ကမ္ဘာနဲ့အညီ  ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက် ပေးဖို့ လိုအပ်လာပါတယ်။ တစ်နည်းဆိုရရင်  လူသား တွေရဲ့  အခြေခံလိုအပ်ချက်တွေ ပြည့်မီအောင်ဖြည့် ဆည်းပေးဖို့ဆိုတဲ့  ကမ္ဘာလုံးဆိုင်ရာ  ရည်မှန်းချက် တွေ တစ်နှစ်ထက်တစ်နှစ်တိုးမြှင့်လာခဲ့ကြပါတယ်။ ဥပမာပြရရင်   အရင်က   ကုလသမဂ္ဂရဲ့   ထောင်စုနှစ် မျှော်မှန်းချက်သည်   မြို့ပြနဲ့  ကျေးလက်နေပြည်သူ တွေအတွက် Improved Service  ဆိုတဲ့  တိုးတက် ကောင်းမွန်သော    သောက်သုံးရေအရင်းအမြစ်မှ ရေရရှိရေး   ဖြစ်တဲ့အတွက်    ကျေးလက်ရေရရှိရေး စနစ်တွေဖြစ်တဲ့  စက်ရေတွင်း၊ မိုးရေလှောင်ကန်နဲ့ စိမ့်စမ်းရေသွယ်လုပ်ငန်းတွေကို စနစ်တကျ တူးဖော် ဆောင်ရွက်ပေးခဲ့ကြတယ်။ 

 


မကြာသေးခင်နှစ်များကစပြီး  ဖွံ့ဖြိုးရေးရည်မှန်း ချက်ကို    ကမ္ဘာလုံးဆိုင်ရာ    (SDG-Sustainable Development Goal)    စဉ်ဆက်မပြတ်    ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်ဆိုတဲ့    ရည်မှန်းချက် အောက်မှာ     ကျေးလက်နဲ့     မြို့ပြသောက်သုံးရေ ဝန်ဆောင်မှုအတွက်    Surface water Source, အဆင့်   (၅)ဆင့်ခွဲခြားသတ်မှတ်ပြီး     တစ်ဆင့်ပြီး တစ်ဆင့်        မြှင့်တင်ဆောင်ရွက်ပေးသွားနိုင်ဖို့ ဦးတည်ဆောင်ရွက်လာတာတွေ့ရတယ်။  အမြင့်ဆုံး အဆင့်ဖြစ်တဲ့ Safely Managed Service ဝန်ဆောင် မှုမှာဆိုရင်     ပြည်သူများအတွက်    သောက်သုံး ရေဝန်ဆောင်မှုအား လုံခြုံစိတ်ချ၍  ဘေးကင်းသောသောက်သုံးရေဝန်ဆောင်မှုဖြစ်သည်အထိ  အဆင့် မြှင့်တင်ဆောင်ရွက်သွားဖို့ ရည်မှန်းထားလို့   ပိုးမွှား၊ ဗက်တီးရီးယားနဲ့   အာဆင်းနစ်၊  ဖလူအိုရိုက်စတဲ့ ကျန်းမာရေးကို    ထိခိုက်စေတဲ့ဓာတ်တွေ  မပါဝင်တဲ့ သန့်ရှင်းတဲ့သောက်သုံးရေ ဝန်ဆောင်မှုကို ပြည်သူ တွေရဲ့ အိမ်ခြံဝင်း (သို့) နေအိမ်ထဲအရောက်  ပေးဝေ သွားဖို့အထိ ရည်ရွယ်ပါတယ်။

 


ရေသန့်စင်စနစ်တွေ ဆောင်ရွက်ပေးဖို့လိုအပ်


ဒီရည်မှန်းချက်အရဆိုရင်  မူလဆောင်ရွက်ပေး နေတဲ့ စက်ရေတွင်းများ တူးဖော်ခြင်း၊ လက်တူးတွင်း၊ ရေကန်များတည်ဆောက်ခြင်းနှင့်  တောင်ပေါ်ဒေသ တွေမှ   သဘာဝအလျောက်   ထွက်ရှိနေတဲ့  စိမ့်စမ်း များမှ ကျေးရွာသို့ရေသွယ်ယူပေးခြင်းစတဲ့  အခြေခံ ရေပေးရေး(Basic Water Supply) လုပ်ငန်းစနစ် များမှ ထွက်ရှိလာတဲ့ရေကို    အိမ်တိုင်ရာရောက် ဖြန့်ဝေနိုင်ရေး ရေမီတာတပ်အိမ်သွယ်ရေတိုင်စနစ် များ ဆောင်ရွက်ပေးဖို့   လိုအပ်လာသလို မြေအောက် ရေ တူးဖော်ရန် ခက်ခဲလို့  မြေပေါ်ရေအရင်းအမြစ် တွေဖြစ်တဲ့ မြစ်ချောင်းအင်းအိုင်များနဲ့ မိုးရေကိုသာ အားထားသုံးစွဲရတဲ့ မြစ်ဝကျွန်းပေါ်နဲ့  ကမ်းရိုးတန်း ဒေသတွေအတွက်      သဘာဝရေအရင်းမြစ်ကို သောက်သုံးနိုင်သည်အထိ  သန့်စင်ပေးဖို့ ရေသန့်စင် စနစ်တွေ ဆောင်ရွက်ပေးဖို့ လိုအပ်လာပါတယ်။ 

 


ထိုကဲ့သို့ရေပေးရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း တွေ မြန်မာနိုင်ငံမှာ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့အတွက် ကြီးမားတဲ့  စိန်ခေါ်မှု တစ်ခု ရှိလို့နေပါတယ်။  အဲဒါကတော့ ပြည်သူလူထု ရဲ့ ပူးပေါင်းပါဝင်မှုပဲ ဖြစ်ပါတယ်။ ရှင်းအောင်ဆိုရရင် ရေပေးရေးစနစ်တွေ  အဆင့်မြှင့်တင်တာ၊ အိမ်တိုင် ရာရောက် ရေပိုက်လိုင်းစနစ်တွေ တပ်ဆင်တာတွေ၊ ရေသန့်စင်စနစ်တွေ      ဆောင်ရွက်ကြပြီဆိုရင် ကျေးရွာလူထုရဲ့    ပူးပေါင်းပါဝင်မှုက    လုပ်ငန်း ဆောင်ရွက်ချိန်မှာ     လုပ်အားထည့်ဝင်တာမှအစ လည်ပတ်ထိန်းသိမ်းရေးနဲ့  အဆိုပါလုပ်ငန်း  ပုံမှန် လည်ပတ်နိုင်ဖို့   ရေခွန်ရေခကောက်ခံခြင်းမှသည် ကိုယ်ပိုင်ကဲ့သို့သဘောထားပြီး  ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်းအဆုံး  အရေးကြီးတဲ့အခန်းကဏ္ဍ တွေချည်းပါပဲ။   အဆိုပါ   တာဝန်များထဲမှ တစ်ခုခု အားနည်းသွားပြီ၊ ပျက်ကွက်သွားပြီဆိုရင် ရေပေး ရေးလုပ်ငန်းအပေါ်  အနည်းနဲ့အများ  သက်ရောက် မှုရှိလာတာပါပဲ။ အဆိုးဆုံးအဆင့်ကတော့ ရေပေး ရေးစနစ်ပျက်စီးတာ၊  ရပ်ဆိုင်းတာ၊ ရေရှည်မတည် တံ့နိုင်တော့တာစတဲ့   ရလဒ်တွေ ထွက်လာတာပေါ့ လေ။

 


ဒါကြောင့်မို့လည်း  ကျေးလက်ဦးစီးက ရေပေးရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မြို့နယ်အလိုက်   ဆောင်ရွက်လိုတဲ့ ကျေးရွာတွေကို ဦးစွာ   ရွေးချယ်ပြီး      ရေပေးရေးလုပ်ငန်းတွေကို ငွေအား၊     လုပ်အားထည့်ဝင်  ဆောင်ရွက်လိုက်ပါ တယ်။      ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေကို စိတ်ဝင်တစား ဆောင်ရွက်ပါ့မယ်ဆိုတဲ့ ကျေးရွာတွေ ကို စံပြအနေနဲ့  အကောင်အထည်ဖော် ဆောင်ရွက် စေပြီးမှ အောင်မြင်မှုကို အခြားနီးစပ်ရာမြို့နယ်တွင်း ကျေးရွာများအား  လာရောက်လေ့လာစေပါတယ်။ လေ့လာရေးခရီးစဉ်လေးတွေ     စီစဉ်ပေးပါတယ်။ စည်းလုံးညီညွတ်မှုနဲ့     တာဝန်ယူဆောင်ရွက်တဲ့ ကျေးရွာတွေရဲ့အောင်မြင်မှုကို မျက်ဝါးထင်ထင် တွေ့မြင်ရပြီး   နှစ်ခြိုက်အားကျလို့   မိမိတို့ကျေးရွာ မှာ      အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ ကျေးရွာအုပ်စု ထောက်ခံချက်နဲ့  မြို့နယ်ကျေးလက် ဦးစီးဌာနထံ လျှောက်ထားလို့ရပါတယ်။ 

 


လျှောက်ထားရာမှာ  ပူးတွဲတင်ပြရမှာတွေက ကျေးရွာရဲ့   အခြေခံအချက်အလက်၊    သန့်ရှင်း တဲ့   သောက်သုံးရေရရှိရေး        ဆောင်ရွက်ထားမှု၊ ကျေးရွာက    ထည့်ဝင်နိုင်မယ့်လုပ်ငန်း၊     ဖွဲ့စည်း ထားတဲ့ရေကော်မတီ၊ ကျေးရွာက လက်ရှိအသုံးပြု နေတဲ့    သောက်သုံးရေအခြေအနေ   ဖော်ပြတဲ့ ဓာတ်ပုံနဲ့  ကျေးရွာမြေပုံစတဲ့  အချက်တွေ  ဖြစ်ပါ တယ်။   သက်ဆိုင်ရာ  မြို့နယ်ကျေးလက်ဦးစီးဌာန အင်ဂျင်နီယာများမှ  ကွင်းဆင်းတိုင်းတာတွက်ချက် ပြီး  ဆောင်ရွက်ရမည့်    ရေပေးရေးစနစ်နဲ့   ကုန်ကျ စရိတ်ထွက်လာရင်   ကျေးရွာမှထည့်ဝင်တာဝန်ယူနိုင်မည့်အပိုင်းကို   ဆွေးနွေးညှိနှိုင်း၍   အဆိုပြု လိုက်ရုံပါပဲ။ 
အရေးကြီးဆုံးအချက်ကတော့      လုပ်ငန်း အကောင်အထည်ဖော်       ဆောင်ရွက်ပြီးရင်တော့ ပြုပြင်လည်ပတ်      ထိန်းသိမ်းခြင်းတာဝန်ကို မလွဲမသွေ ယူပေးဖို့ပါပဲ။   ဒါ့အပြင်    ကျေးရွာနဲ့ တစ်ဆက်တစ်စပ်တည်းရှိနေတဲ့    အိမ်ထောင်စု တိုင်းကို ရေမီတာတပ်ဆင်ပြီး ရေပေးဝေဖို့၊ အများသုံး  နေရာတွေဖြစ်တဲ့  ကျေးရွာစာသင်ကျောင်း၊ ကျေးရွာ ဆေးပေးခန်းနဲ့  ဘာသာရေးဆိုင်ရာနေရာတွေကို ရေပေးဝေဖို့ဆိုတဲ့     အချက်တွေလည်း   ပါဝင် တယ်။ 

 


အဲဒီလို ရေပေးရေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်မှာ ပြည်သူပါဝင်လာဖို့ မရှိမဖြစ် အရေးကြီးလို့လည်း ကျေးလက်ဦးစီးက   ဆောင်ရွက်တဲ့   ရေပေးရေး လုပ်ငန်းတိုင်းကို  တည်ဆောက်ပြီးတာနဲ့  ကျေးရွာ ရေကော်မတီဖွဲ့စည်းပြီး  လွှဲပြောင်းတာဝန်ပေးအပ် ပါတယ်။      ရေကော်မတီဖွဲ့စည်းရာမှာလည်း ကော်မတီတွင် မည်သူတို့ပါဝင်သင့်သည်၊ ကော်မတီ တစ်ခု  ထပ်မံဖွဲ့စည်းရန်  လို/ မလို စသည်တို့ကို ကျေးရွာသူ/ကျေးရွာသားများ   ဝိုင်းဝန်းဆွေးနွေးစေ ပါတယ်။ အောက်ဖော်ပြပါပုဂ္ဂိုလ်များ ပါဝင်လာ အောင် တိုက်တွန်းပါတယ် -


    l    ရပ်ရေးရွာရေးနှင့်   ပရဟိတလုပ်ငန်းများ တွင် စိတ်ဝင်စားသူများ၊
    l    လက်ရှိဖြန့်ဝေပေးနေသော  ရေပေးရေး စနစ်အကြောင်းကို   နားလည်သိရှိနေသူ များ၊
    l    ရေပေးရေးဆိုင်ရာ     လုပ်ငန်းများတွင် တာဝန်ခံ ဆုံးဖြတ်ပေးလေ့ ရှိသူများ၊
    l    ဖြန့်ဖြူးပေးနေသောရေအရည်အသွေးကို ထိခိုက်စေနိုင်မည့်/  အန္တရာယ်ကျရောက် နိုင်စရာ  အလားအလာများကို  ဖော်ထုတ် နိုင်သူများ၊
အဲဒီလိုလူတွေနဲ့    ဖွဲ့စည်းထားပြီး    လွှဲပြောင်း လက်ခံ တာဝန်ယူဆောင်ရွက်မည့်  ရေကော်မတီကို ရေပေးရေးလုပ်ငန်း လည်ပတ်နေစေဖို့  ရေခွန် ရေခ ကောက်ခံတာကအစ၊  ပြုပြင်ထိန်းသိမ်းလည်ပတ် သုံးစွဲတာအပါအဝင်၊    ဘယ်လို   ဘေးအန္တရာယ် ကင်းရှင်းအောင်၊ သန့်ရှင်းအောင်  ဆောင်ရွက်ရမယ် အဆုံး  သင်တန်းများပို့ချပေးတဲ့အပြင်   လက်စွဲ စာအုပ်များပြုစုထားပြီးဖြစ်လို့     ကော်မတီတွေ အနေနဲ့လည်း  လက်ခံပြီးနောက် မိမိတို့  ကျေးရွာ ရေပေးရေးလုပ်ငန်းကို အခက်အခဲမရှိ လည်ပတ် ထိန်းသိမ်းနိုင်ကြမှာ၊  ထိန်းသိမ်းနိုင်နေကြတာဖြစ်ပါ တယ်။

 


ရေရှည်တည်တံ့ရန် ဆောင်ရွက်ထားရှိမှုများ


ပြည်သူလူထုအခြေပြု    ရေမီတာတပ်ပိုက်လိုင်း ရေပေးရေးစနစ်နှင့်      ရေသန့်စင်စနစ်များတွင် ပြည်သူလူထု၏  ပူးပေါင်းပါဝင်မှုသည်  အလွန်ပင် အရေးကြီးပါတယ်။   အိမ်သွယ်ရေတိုင်စနစ်တွင် ရေသုံးစွဲသူတိုင်း  ရေမီတာ တပ်ဆင်သုံးစွဲခြင်းနှင့်ရေသန့်စင်စနစ်တွင်      သန့်စင်ပြီး     ရေပမာဏ အလိုက် ရေဖိုးပေးရမည်ဖြစ်ပါတယ်။   ရေတစ်ယူနစ် (၂၂၀ ဂါလန်) တန်ဖိုးကို ရေကော်မတီမှ ကျေးလက် နေပြည်သူများ၏ သဘောတူညီချက်ဖြင့် ဆုံးဖြတ် ပါတယ်။  သုံးစွဲသည့်  ရေပမာဏ (ရေမီတာ)  များကို အဖွဲ့တစ်ဖွဲ့မှ ဖတ်ပါတယ်။ အိမ်ထောင်စုတစ်ခုချင်း သုံးစွဲယူနစ်များကို ရေဖိုးရေခ ကောက်ခံသည့်အဖွဲ့သို့ ပေးအပ်ပါပါတယ်။    ရေဖိုး ရေခများကို   လစဉ် (သို့မဟုတ်) ၁၅ ရက်တစ်ကြိမ် ပုံမှန် ကောက်ခံသည့် အချိန်တွင် ပေးဆောင်ကြရပါတယ်။ ရေဖိုးကောက်ခံ ရရှိငွေများကို ငွေကိုင်ထံသို့ စာရင်းနှင့်တကွ အပ်နှံ ရပါတယ်။ ငွေကိုင်မှ ငွေထိန်းထံသို့ ထပ်မံလွှဲပြောင်း ပေးပါတယ်။ အသေးစား ပြင်ဆင်ထိန်းသိမ်းခြင်း၊ ရေဖိုးကောက်ခံ ရရှိငွေများထဲမှ ဖွံ့ဖြိုးရေးလုပ်ငန်း များ သုံးစွဲခြင်းစသည်တို့ကို     ကော်မတီ၏ ဆုံးဖြတ် ချက်ဖြင့်    ဆောင်ရွက်ကြရပါတယ်။   အကြီးစား ပြင်ဆင်ထိန်းသိမ်းခြင်းများအတွက် သက်ဆိုင်ရာ ဌာနများထံ     တင်ပြဆောင်ရွက်ကြရပါတယ်။ အရှုံးပေါ်နေသော  ရေပေးရေးစနစ်များ ရှိနေသည်ဟု ကြားသိရခြင်းမရှိသေးပါ။

 


အများဝိုင်းဝန်းဆောင်ရွက်ရမည်


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သော ကျေးလက်ရေပေးရေး လုပ်ငန်း သာမက ကျေးလက်မီးလင်းရေး၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း  (VDP-Village Development Plan) စီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာဖွံ့ဖြိုးရေးလည်ပတ်ရန်ပုံငွေစီမံကိန်းစသည့်    စီမံကိန်းများ အပြင်     ကျေးရွာဖွံ့ဖြိုးရေးနှင့်  စွန့်ပစ်အမှိုက်စီမံခန့်ခွဲရေးလုပ်ငန်းများတွင်ပါ  ကျေးလက်ပြည်သူ များ၏ ပူးပေါင်းဆောင်ရွက်မှုအားကို  အခြေတည် ထားခြင်းဖြစ်သည့်အပြင်   ရေရှည်တည်တံ့နေရန် အတွက်   အဓိကသော့ချက်မှာ စီမံချက်အစမှသည် ထိန်းသိမ်းလည်ပတ်သုံးစွဲသည်အထိ   ပြည်သူများ ကိုယ်တိုင်တက်ကြွစွာ  ပါဝင်ကြခြင်း၊ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်း၊   ပြည်သူများ ကိုယ်တိုင် စီမံခန့်ခွဲခြင်း၊    ဝင်ငွေထွက်ငွေများကို  အသေးစိတ် မှတ်တမ်းတင်ထားရှိခြင်း၊  ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြနိုင်ခြင်း၊ ရေရရှိရေး၊  မီးလင်းရေး၊ အမှိုက် စွန့်ပစ်ရေးစသည့်  အခြေခံလူနေမှုကိစ္စများအတွက် ပူပန်စရာမလိုသဖြင့်     အခြားဝင်ငွေရရှိနိုင်သောလုပ်ငန်းများ/ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်   ပိုမိုအာရုံ စိုက်လုပ်နိုင်ခြင်းစသည့်           အကျိုးကျေးဇူးများ ရရှိကြပါတယ်။  ဖော်ပြလေ့မရှိသော  အကျိုးရလဒ် မှာ “ကျေးရွာသူ/ကျေးရွာသားများအားလုံး   အကျိုး ခံစားခွင့်ရရှိရန်အတွက်     အများစုပေါင်းတိုင်ပင် ဆွေးနွေးရမည်၊     အများဝိုင်းဝန်းဆောင်ရွက်ရမည်၊   အများဝိုင်းဝန်းထိန်းသိမ်းရမည်” ဆိုသည့်   အချက်ပင် ဖြစ်ပါတယ်။  မြန်မာ့ယဉ်ကျေးမှု ရှေးထုံးစဉ်လာနှင့် အညီ ရေအကျိုး ၁၀ ပါး    ပြည့်စေသည့်  ကုသိုလ် ထူးအား ရစေသည့်အပြင် မိမိတို့ ရပ်ရွာအကျိုးအား ထိရောက်စွာအကျိုးပြုစေသည့်ကျေးလက်ရေပေးရေးလုပ်ငန်းများတွင်   ဦးဆောင်ပါဝင်ဆောင်ရွက် လျက်ရှိသော ကျေးရွာရေကော်မတီဝင်များနှင့် ကျေးလက်နေပြည်သူများအား    ဤဆောင်းပါး လေးဖြင့် အသိအမှတ်ပြု ကျေးဇူးမှတ်တမ်းတင်၍ဂုဏ်ပြုလိုက်ရပါတယ်။       ။