ပြည်သူယုံကြည်အားကိုး တရားဥပဒေစိုးမိုး

အယ်ဒီတာ့အာဘော်

============

 

ပြည်သူယုံကြည်အားကိုး တရားဥပဒေစိုးမိုး

========================

 

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်သောနိုင်ငံ ဖြစ်သည်။ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် အချုပ် အခြာအာဏာ ခက်မသုံးဖြာတို့ တည့်မတ်မှန်ကန်ခိုင်မာစွာဖြင့် အပြန်အလှန် ထိန်းကျောင်းမှုအောက်တွင် ပြည်သူများ လုံခြုံစိတ်ချပြီး အေးချမ်းစွာ နေထိုင် နိုင်ရေး ဆောင်ရွက်ပေးနေသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလအခြေခံတရားများကို အခြေခံကာ တည်ဆောက်ထားသည့် နိုင်ငံဖြစ်သည်။ ထိုအခြေခံတရား အခွင့်အရေးများကို ပြည်သူများ အညီအမျှရရှိ ခံစားကြရမည်ဖြစ်သည်။ အခြေခံအခွင့်အရေးများကို တိုင်းရင်းသားပြည်သူအားလုံး အညီအမျှတန်းတူ ရရှိမှသာ အေးချမ်းသာယာဝပြောသော ပြည်ထောင်စုနိုင်ငံအဖြစ် ရေရှည် ရပ်တည်နိုင်မည်ဖြစ်သည်။

 

နိုင်ငံတော်တွင် တရားဥပဒေစိုးမိုးရေးသည် မရှိမဖြစ်လိုအပ်သည်။ တရားဥပဒေစိုးမိုးရေးအတွက် အဓိကအချက်သည် တရားစီရင်ရေးအာဏာ ဖြစ်သည်။ နိုင်ငံတော်တွင် တရားစီရင်ရေးအာဏာကို အပ်နှင်းခြင်း ခံထားရသည့် တရားရုံးများ၊ တရားသူကြီးများအနေဖြင့် ပြည်သူများအကြား ကြုံတွေ့နေရသည့် မှုခင်းများကို တရားစီရင်ရေးလမ်းကြောင်းပေါ်မှ ဥပဒေ နှင့်အညီ မှန်မှန်ကန်ကန်နှင့် အဂတိတရားများ မလိုက်စားဘဲ ဖြေရှင်းပေးနိုင် မှသာလျှင် ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို အပြည့်အဝရရှိမည်ဟု ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့တွင် ပြည်ထောင်စုတရားသူကြီးချုပ်က ပြောကြားခဲ့သည်။

 

ပြည်သူများ လုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင်ရပ်တည်နိုင်ရန်အတွက် အဓိကကျသည့် တရားစီရင်ရေးစနစ်အပေါ် ယုံကြည်ကိုးစားမှုတိုးတက်လာရန် တရားရုံးများ၏ ဂုဏ်သိက္ခာသည် အရေးကြီးသည်။ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရန်အတွက် လွတ်လပ်မှု၊ သာတူညီမျှမှု၊ စွမ်းဆောင်ရည်နှင့် လုံ့လဝီရိယရှိမှု၊ သမာသမတ်ကျမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ ဂုဏ်သိက္ခာရှိမှု စသည့်တရားစီရင်ရေးကျင့်ဝတ်များကို လေးစားလိုက်နာရမည်ဖြစ်သလို တရားစီရင်ရေးနှင့်ဆက်စပ်လျက်ရှိသည့် တရားစွဲအဖွဲ့အစည်းများ၊ ဥပဒေ အရာရှိများ၊ ရှေ့နေရှေ့ရပ်များမှာ အရေးကြီးပြီး ကျင့်ဝတ်များနှင့်အညီ စောင့်ထိန်းလိုက်နာကြရသည်။

 

နိုင်ငံတော်တွင် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသဖြင့် တရားရေးကဏ္ဍနှင့်အတူ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကဏ္ဍများကလည်း ဟန်ချက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်သည်။ သို့မှသာ တရားဥပဒေ စိုးမိုးမှုကို အပြည့်အဝရရှိမည်ဖြစ်ပြီး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဟူသော လောကပါလတရားများ ထွန်းကားလာမည်ဖြစ်သည်။ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နေသော အခါတွင် တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရန်နှင့် နိုင်ငံသားများ၏ မူလ အခွင့်အရေးများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက်သာမက ချိုးဖောက်ခံရဖွယ်ရှိသည့် ကိစ္စများအတွက် ထိရောက်သည့် သက်သာခွင့်နှင့် အကာအကွယ်များ ပေးနိုင်ရေးသည် လွန်စွာအရေးကြီးပါသည်။ ထို့ကြောင့် လွတ်လပ်ပြီး၊ သမာသမတ်ကျပြီး တာဝန်ခံမှုရှိသည့် တရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်။

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက် လာရေးအတွက် ငြိမ်းချမ်းသာယာပြီး အားလုံးပါဝင်သည့် လူ့အသိုက်အဝန်း များဖြစ်လာစေရေး၊ လူမှုအဖွဲ့အစည်းများအား မြှင့်တင်ရေး၊ တရားမျှတမှုကို လက်လှမ်းမီနိုင်စွာ ဖော်ဆောင်နိုင်ရေးနှင့် အဆင့်တိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိရေးစသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံလုပ်ငန်းစဉ်များအား နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွားကိုရှေးရှု၍ အားလုံးပါဝင်လုပ်ဆောင်သွားကြရမည် ဖြစ်သည်။

 

တရားရေးဆိုင်ရာ ကျင့်ဝတ်များကို လေးစားလိုက်နာစောင့်ထိန်းခြင်း ဖြင့် တရားစီရင်ရေးကဏ္ဍနှင့် ဆက်စပ်ပါဝင်သူအားလုံးအနေဖြင့် တရားစီရင် ရေးအပေါ် ပိုမိုနားလည်လာပြီး လိုအပ်သော ပါဝင်ပံ့ပိုးမှုများပြုခြင်းဖြင့် တရားစီရင်ရေးအပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု၊ နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတို့ကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီ အထောက်အကူပြုမှုတို့ကို ရရှိမည်ဖြစ်သည်။ တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိသောအခါ နိုင်ငံအတွင်း အေးချမ်းသာယာဝပြောပြီး ပြည်သူ များ စိတ်နှလုံးအေးချမ်းမှုကို ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ပြည်သူလူထု လုံခြုံစိတ်ချမှုရှိရေး၊ ပြည်သူလူထု စိတ်အေးချမ်းသာမှုရှိရေး၊ ပြည်သူလူထု နိုင်ငံတော်ကို ယုံကြည်ကိုးစား အားထားနိုင်ရေးအတွက် နိုင်ငံအတွင်း အလေးထားဆောင်ရွက်ရမည့် တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် တရားရေးကဏ္ဍနှင့်အတူ သက်ဆိုင်ရာ အဖွဲ့အစည်းများ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည် ပါကြောင်း။ ။