ပြည်ထောင်စု၏ပန်းတိုင်သို့ ရှေးရှုတက်လှမ်း

အယ်ဒီတာ့အာဘော်

============

 

ပြည်ထောင်စု၏ပန်းတိုင်သို့ ရှေးရှုတက်လှမ်း

============================

 

 

မြန်မာနိုင်ငံ၌ အရေးတကြီးလိုအပ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေးရရှိရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲများသည် အထူးအရေးကြီး ပါသည်။ အရေးတကြီးလိုအပ်နေသော ထိုအရေးကိစ္စများသည် နိုင်ငံရေး ပြဿနာများဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် စားပွဲဝိုင်းများ တွင် အောင်မြင်စွာအဖြေရှာကြမည် ဖြစ်သည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာနိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် အဓိကကျသည့် အဖွဲ့အစည်းဖြစ်သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ UPDJC အစည်းအဝေး (၁၄) ကြိမ် ကျင်းပနိုင်ခဲ့ပြီး ဆွေးနွေးပွဲများတွင် မတူကွဲပြားသည့် သဘောထား များဖြင့် ငြင်းခုံဆွေးနွေးခဲ့ကြသည်။ မတူကွဲပြားကြသော်လည်း တစ်ဦးနှင့် တစ်ဦး အခင်အမင်မပျက်၊ ရင်းနှီးမှုမပျက် လုပ်ဖော်ကိုင်ဖက်အဖြစ် ငြိမ်းချမ်း ရေးအတွက် နားလည်မှုရှိရှိဖော်ဆောင်ခဲ့ကြသည်။ မတူကွဲပြားသည့်မိတ်ဆွေ အဖြစ်နှင့် ပြည်ထောင်စုတစ်ခုလုံးအကျိုးအတွက် မျှော်မှန်းဆောင်ရွက် နေကြသည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးတစ်ခု အတွက်သာမဟုတ်၊ ငြိမ်းချမ်းရေးသက်သက်လည်းမဟုတ်၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များပါဝင်နေသဖြင့် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်သည်။ ဆောင်ရွက်နေသော နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်၏ အဓိက ဦးတည်ချက်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ ဒီမိုကရေစီ အခြေခံမူများနှင့် ဖက်ဒရယ်အခြေခံမူများ ဖော်ထုတ်နိုင်ရေးဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပါက ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောလာမည် ဖြစ်သည်။

 

ယခုအခါ မြန်မာနိုင်ငံ၏ နိုင်ငံရေးမျက်နှာစာတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးသည် အားလုံးလက်ခံသည့် ပြည်ထောင်စု ပန်းတိုင်အဖြစ် ရှေးရှုတက်လှမ်းနေကြပြီဖြစ်သည်။ ထိုသို့တက်လှမ်းရာ၌ “အဓိကအချက်ကတော့ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းကြသူတွေဟာ မိမိတို့ ကိုယ်စားပြုတဲ့ အစုအဖွဲ့တစ်ဖွဲ့တည်းရဲ့ အကျိုးစီးပွားထက် ပြည်ထောင်စု တစ်ခုလုံးရဲ့အကျိုးစီးပွား၊ တိုင်းရင်းသားပြည်သူအားလုံးရဲ့ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်သစ်တွေရဲ့ အကျိုးစီးပွားကို ရှေးရှုကြဖို့လည်း အရေးကြီး ပါတယ်။ စေ့စပ်ညှိနှိုင်းကြရာမှာ အပေးအယူ၊ အလျှော့အတင်း ဆောင်ရွက် နိုင်တဲ့ ပျော့ပျောင်းသူတွေဖြစ်ဖို့ လိုအပ်သလို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးပန်းတိုင်ကို လျှောက်လှမ်းရာမှာ မဆုတ်မနစ်၊ သတ္တိရှိရှိ ဆောင်ရွက်နိုင်တဲ့ သန္နိဋ္ဌာန်မာကျောသူတွေဖြစ်ဖို့လည်း အင်မတန်လိုအပ်ပါတယ်” ဟု (၁၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

 

အားလုံးလက်ခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည် ငြိမ်းချမ်းရေး တည်ဆောက်မှုကို အခြေခံမှ အဆင်ပြေမည့် ပကတိအခြေအနေမှန်များရှိနေ သည်။ ငြိမ်းချမ်းရေးတွင် မတူကွဲပြား အငြင်းပွားနေသည့် အခက်အခဲများ၏ အရင်းခံဇာစ်မြစ်သည် နိုင်ငံရေးအရ ကြုံတွေ့နေရသောပြဿနာမဟုတ်ဘဲ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုအရ ကြုံတွေ့နေရသော ပြဿနာများဟု ဆိုနိုင်သည်။ ထို့ကြောင့် နှစ်ပေါင်းရှည်ကြာစွဲမြဲလာခဲ့သော မယုံကြည်မှုများကို လျော့ပါးသွားစေရန်အတွက် တစ်ဖက်နှင့်တစ်ဖက် အပေးအယူ၊ အလျှော့ အတင်း ပျော့ပျောင်းစွာဆက်ဆံခြင်းဖြင့် ဆွေးနွေးအဖြေရှာဖို့ လိုအပ်မည် ဖြစ်သည်။

 

နိုင်ငံဖွံ့ဖြိုးရေးနှင့် နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားပြန်လည်ရင်ကြား စေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်တည်ဆောက်ရေး၊ နောက်ဆုံး ပြည်ထောင်စုတိုင်းရင်းသား ပြည်သူအားလုံး၏ အနှစ်နှစ်အလလက မျှော်လင့်ခဲ့ကြသည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးအတွက် စတင်လျှောက်လှမ်းနိုင်မည့် လုပ်ငန်းစဉ်အဆင့်ဆင့် ကို နည်းလမ်းရှာပြီး ပုံဖော်ပေးနိုင်မည်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင်ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ပင်ဖြစ်သည်။ ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း(၃)သည် မြန်မာနိုင်ငံ၏ အနှစ်နှစ်အလလက ဖြစ်ပေါ် ခဲ့သော ပြဿနာများကို လက်တွေ့ကျကျဖြေရှင်းနိုင်မည့် လုပ်ငန်းစဉ်တစ်ရပ် ကို စတင်ပုံဖော်ဖန်တီးလိုက်ခြင်းဖြစ်သည်။

 

သို့ဖြစ်ရာ ပြည်ထောင်စု၏ပန်းတိုင်ဖြစ်သည့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် သမိုင်းဝင်ပဋိညာဉ်တစ်ရပ်ဖြစ်လာတော့မည့် စာချုပ်ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ရန် တညီတညွတ်တည်း လက်တွဲမဖြုတ်စတမ်း ရှေးရှုတက်လှမ်း ကြိုးပမ်းအားထုတ်နိုင်ကြလိမ့်မည် ဟု အလေးအနက်ယုံကြည်ပါကြောင်း။ ။