ပြည်ထောင်စုနေ့ အတွေးများ

Type
Image not available
 
 
 
သိန်းထွန်း( IR )
 
 
ပြည်ထောင်စုနေ့ဆိုသည်မှာ မိမိတို့ငယ်စဉ်ကျောင်းသား ဘဝကပင် ရင်းနှီးကျွမ်းဝင်ခဲ့၊ မျှော်လင့်ခဲ့ရသည့် နေ့ထူး နေ့မြတ် ရက်တစ်ရက် ဖြစ်သည်။
 
ငယ်စဉ်ကတော့ ပြည်ထောင်စုနေ့၏ အဓိပ္ပာယ် နှင့် အနှစ်သာရကို နားမလည်နိုင်ခဲ့ပါ။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင် ကြီးများသည် ပင်လုံမြို့၌ ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြသည် ဆိုသည့် ကျောင်းစာတွင် သင်ကြားရသည်များကိုသာ သိရှိခဲ့သည်။ ထိုအသိဖြင့်ပင် ပြည်ထောင်စုနေ့ ရောက်တိုင်း ပျော်ခဲ့ရဖူးပါသည်။
 
ပြည်ထောင်စုနေ့မတိုင်မီ ပြည်ထောင်စုအလံသည် တိုင်းနှင့်ပြည်နယ်များရှိ မြို့ကြီးများသို့ လှည့်လည် သည်မှာ နှစ်စဉ်လိုလိုပင်။ ပြည်ထောင်စုအလံ ဖြတ်သန်း သွားသည့် မြို့များရှိသကဲ့သို့ မြို့ကြီးများတွင်  ပြည်ထောင်စု အလံ ညအိပ်ရပ်နားလေ့ရှိသည်။ ပြည်ထောင်စုအလံ ညအိပ်ရပ်နားမည့်မြို့များတွင် ပြည်ထောင်စုအလံ ကြိုဆိုရေးအဖွဲ့များ၊ လက်ဆင့်ကမ်းသယ်ယူရေးအဖွဲ့များ၊ ပြခန်းများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြ၏။ ပြည်ထောင်စုအလံ သယ်ယူချိန်တွင် တိုင်းရင်းသားဝတ်စုံများ၊ ဌာနဆိုင်ရာဝတ်စုံများ၊ တူညီ ဝတ်စုံများနှင့် သယ်ယူကြသည်။ အလံတော်သယ်ယူရေး အဖွဲ့များသည် ကြိုတင်လေ့ကျင့်ကြရသည်။ မိမိတို့မှာ ငယ်ရွယ်သူများဖြစ်သဖြင့် ပြည်ထောင်စုအလံ မြို့ထဲသို့ ဝင်လာသည်နှင့် လမ်းဘေးဝဲ/ယာမှ ကြည့်ကြသည်။ ညပိုင်းတွင်လည်း ပြည်ထောင်စုအလံ ညအိပ်ရပ်နားသည့် အားကစားကွင်းအတွင်းသို့ လည်ပတ်ကြည့်ရှုကြသည်။ ပြခန်းများ၊ ပစ္စည်းအရောင်းခန်းများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလှသဖြင့် ပျော်ရွှင်ရသည်ကို အမှတ်ရမိနေဆဲပင်။
 
ငယ်စဉ်ကျောင်းသားဘဝက ထိုအမှတ်တရများ သည် ပြည်ထောင်စုနေ့ဆိုသည့်အသိထက် မပိုခဲ့။ ပျော်ရွှင်ရမှုထက် မပိုခဲ့။
 
ပြည်ထောင်စုနေ့၏အရေးပါမှု၊ အနှစ်သာရတို့ကို နားမလည်နိုင်ခဲ့ပါ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားတို့ ပေါင်းစည်းနေထိုင်ရာ ပြည်ထောင်စုကြီးသည် ပဒေသာပင် ပေါက်သကဲ့သို့ အသင့်ဖြစ်ပေါ်လာသည်မဟုတ်။ ပထမ မြန်မာနိုင်ငံတော်ကြီးတည်ဆောက်ချိန်မှစ၍ ယနေ့အထိ ပင် ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး တစ်စိတ် တစ်ဝမ်းတည်း စုစည်းနေထိုင်ကြရန် စည်းလုံးညီညွတ်ရေး ကို တည်ဆောက်ခဲ့ကြရသည်။ မိဘဘိုးဘွားတို့၏ သမိုင်း ပေးအမွေဟုပင်ဆိုဆို၊ သမိုင်းပေးတာဝန်ဟုပင်ဆိုဆို ပြည်ထောင်စုကြီးကို မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးကြရဦးမည် ဖြစ်သည်။ လက်ဆင့် ကမ်း တာဝန်ကျေပွန်ကြမှလည်း အနာဂတ်ပြည်ထောင်စု အရေး စိတ်အေးကြရပေလိမ့်မည်။
 
ပြည်ထောင်စုဆိုသည်က စာရွက်တွင်သာ ရှိရမည့် အရာမဟုတ်သကဲ့သို့ ရည်ညွှန်းရမည့် စကားသက်သက် လည်း မဟုတ်ပါ။ ပြည်ထောင်စုတွင်နေထိုင်ကြသည့် တိုင်းရင်းသားအားလုံးသည် ကောင်းတူဆိုးဖက် တစ်စိတ် တစ်ဝမ်းတည်း နေထိုင်လိုစိတ်ရှိကြရပေမည်။ တစ်နည်း အားဖြင့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး စုစည်းနေထိုင် ကြသည့် မိမိတို့နိုင်ငံသည် သူတစ်လူငါတစ်မင်းနှင့် ကိုယ့်မြင်းကိုယ်စိုင်းနေကြမည်ဆိုပါက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး မျှော်မှန်းချက် ဆိုသည်မှာ လိုက်လေဝေးလေဖြစ်မည်ကို စိုးရိမ်မိပါသည်။ သို့သော် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုသည်က မိမိတို့လက်တစ်ကမ်းတွင် ရှိနေသည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ထားပါသည်။ သို့သော်….။
ယုံကြည်ချက်၊ ခံယူချက်၊ မျှော်လင့်ချက်များ ဆိုသည်က အလိုလိုပေါက်ပွားလာတတ်သည့် အရာများ မဟုတ်သကဲ့သို့ အပြန်အလှန်မယုံကြည်နိုင်မှု၊ စိတ်ဝမ်း ကွဲမှု၊ မစည်းလုံးနိုင်မှုတို့ဆိုသည်မှာလည်း အလားတူပင် ဖြစ်သည်။ အကြောင်းကြောင့် ဖြစ်လာကြသော အကျိုး ဆက်များ ဖြစ်ပါသည်။ နိုင်ငံအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများဖြင့် ယုံကြည်မှုတည်ဆောက်နိုင်မည်ဟု မယုံကြည်ပါ။ ထို့အတူ ထိပ်တိုက်ရင်ဆိုင်မှုများဖြင့် စိတ်ဝမ်း ကွဲမှုကို ဖြေလျှော့နိုင်မည် မဟုတ်ပါချေ။ ဥပမာပြလိုပါသည်။ ယခင်က အေးချမ်းပျော်ရွှင်ဖွယ်ကောင်းလှသော ရခိုင် ပြည်နယ် မြောက်ဦး ကျောက်တော်ဒေသများသည် ယခုအခါ စိုးရိမ်မှုများ၊ ထိတ်လန့်မှုများ၊ မရေရာမသေချာမှုများသည် မည်သည့်ရှုထောင့်မှကြည့်ကြည့် ကောင်းသောအလား အလာဟု မဆိုနိုင်ပါ။ တိုက်ပွဲများကြောင့် ဖြစ်လာသည့် အကျိုးဆက်များဟု ဆိုရပါမည်။ ထို့အတူ တိုက်ပွဲများ ဖြစ်ပွားနေသည့် အခြားဒေသများတွင်လည်း ငြိမ်းချမ်းရေး၊ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေး တကြီးလိုအပ်နေဆဲ အရှိတရားများအဖြစ် မြင်တွေ့နေရပါ သည်။
ငြိမ်းချမ်းသောဒေသများမှ ကလေးငယ်များမှာ အေးချမ်းမှု၊ ပျော်ရွှင်မှု၊ လုံခြုံမှုတို့ဖြင့် နေထိုင်နေကြရသည်။ ပညာသင်ကြားနေကြရသည်။ တိုက်ပွဲများဖြစ်ပွားရာ နေရာ ဒေသများမှ ကလေးငယ်တို့မှာ နေရေး၊ စားရေး၊ ဝတ်ရေး တို့အပြင် ပညာသင်ကြားရေးတို့သည် ပျောက်သောလမ်း မှာ စမ်းတဝါးဝါးဆိုသကဲ့သို့ပင်။ တိုက်ပွဲရှောင်များတွင် ကလေးငယ်များ မည်မျှရှိနေမည်မသိ။ ကျောင်းမတက်ရသူ မည်မျှရှိနေမည်မသိ။ သူတို့လေးများ ကြုံတွေ့နေရသည့် ခံစားချက်၊ သူတို့လေးများ၏ ပြည်ထောင်စုမျှော်လင့်ချက် ထက် မည်သည့်အရာက ပို၍အရေးကြီးနေသည်ကို မခန့် မှန်းတတ်တော့ချေ။
 
ထိုတိုက်ပွဲဖြစ်ပွားရာ နေရာဒေသများမှ တိုင်းရင်းသား များနှင့် ကလေးငယ်တို့၏အနာဂတ်မှာ ပြည်ထောင်စု အတွင်း တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်နေရသော် လည်း မတူညီသောအခြေအနေနှင့် မတူညီသော အခွင့် အရေးများ ရရှိနေပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁ (က) တွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ တွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစား ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ ထို့အပြင် ပုဒ်မ ၂၂ ( ခ) တွင် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက် ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်ဟုလည်း ပြဋ္ဌာန်း ထားပြီးဖြစ်ပါသည်။ ဥပဒေဆိုသည်မှာ ကျင့်သုံးမှ၊ လိုက်နာမှ၊ အကောင်အထည်ဖော်မှ အသက်ဝင်ပါလိမ့်မည်။ သို့မှလည်း ပြည်ထောင်စုမျှော်မှန်းချက်များကို ပြည့်ဝစေနိုင်ပေမည်။
 
ကမ္ဘာစစ်ကြီးဒဏ်မှရုန်းထ၍ ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်လာသော ဂျာမနီနိုင်ငံ၊ ဂျပန်နိုင်ငံတို့သည် ယနေ့ထိပ်တန်းနိုင်ငံများ ဖြစ်နေကြသည်။ စစ်ပွဲဒဏ်ခံစား ခဲ့ရသော ဗီယက်နမ်နိုင်ငံသည်ပင် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ် ရောက်နေလေပြီ။ ရောမအင်ပါယာကြီးကို တစ်ရက်တည်းတည်ဆောက်ခဲ့တာ မဟုတ်ဆိုသကဲ့သို့ နေ့ချင်းညချင်း နတ်ရေကန်အတွင်းပစ်ချလိုက်သကဲ့သို့ပင် ပြည်ထောင်စုကြီး ဘွားခနဲဖြစ်လာရမည်ဟု မဆိုလို။ သို့သော် ကြိုးစားမှုနှင့် အရွေ့အတိုင်းအတာတော့ လိုပါလိမ့် မည်။ ယနေ့မိမိတို့နိုင်ငံသည်လည်း အနာဂတ်ပြည်ထောင်စု နိုင်ငံတော်ကြီးတည်ဆောက်ရေးအတွက် ပြုပြင်ပြောင်းလဲ ရေးများလုပ်ဆောင်နေသည်မှာ ကိုးနှစ်ပင် ပြည့်ခဲ့ပြီဖြစ်သည်။ မြန်မာပြုပြင်ပြောင်းလဲရေးတွင် ကြီးမားသောစိန်ခေါ်မှု တစ်ရပ်ရှိနေကြောင်း၊ ယင်းစိန်ခေါ်မှုမှာ အတွေးအခေါ်များ (Mindsets) ပြောင်းလဲရေးဖြစ်ကြောင်း သံတမန်တစ်ဦးက မှတ်ချက်ပြုဖူးပါသည်။
 
အတွေးအခေါ်များဆိုသည်မှာ အတိတ်က တွေ့ကြုံ ခဲ့ရသည့် အတွေ့အကြုံ၊ ခံစားချက်များ စုစည်းထားသည့် စိတ်၏အကျင့်စရိုက်များဖြစ်သည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ အတွေးအခေါ်များတွင် ယုံကြည်ချက်များ၊ သဘောထား များအပြင် မိမိနှင့်ပတ်ဝန်းကျင်အပေါ် ယူဆချက်များလည်း နက်ရှိုင်းစွာပါဝင်နေပါသည်။ အတွေးအခေါ်များနှင့် ပတ်သက်၍ မဟတ္တမဂန္ဒီက သင်၏ယုံကြည်ချက်များသည် သင်၏ အတွေးများဖြစ်လာသည်။ သင်၏ အတွေးများသည် သင်၏ စကားလုံးများဖြစ်လာသည်။ သင်၏ စကားလုံးများ သည် သင်၏ လုပ်ရပ်များဖြစ်လာသည်။ သင်၏ လုပ်ရပ် များသည် သင်၏ အကျင့်စရိုက်များ ဖြစ်လာသည်။ သင်၏ အကျင့်စရိုက်များသည် သင်၏တန်ဖိုးများ ဖြစ်လာသည်။ သင်၏ တန်ဖိုးများသည် သင်၏ကံကြမ္မာဖြစ်လာသည်ဟု  ဆိုထားရာ မိမိတို့အနာဂတ်၊ မိမိတို့မျှော်မှန်းချက်တို့သည့် မိမိတို့၏ အတွေးအခေါ်များအပေါ် တည်မှီနေပါသည်။
 
အတွေးအခေါ်များသည် မိမိကိုယ်မိမိ သို့မဟုတ် အခြားသူများ သို့မဟုတ် ကမ္ဘာကြီးအပေါ် မည်သို့ရှုမြင် သည်ဆိုသည့် နည်းလမ်းများကို ဖြစ်စေပါသည်။ အတွေး အခေါ်များဆိုသည်မှာလည်း အမြဲတစေ ပြည့်စုံနေသည် ဟုမဆိုနိုင်ရာ မိမိ၏အတွေးအခေါ်များအပေါ်မူတည်၍ အကောင်းမြင်၊ အဆိုးမြင်၊ အပြုသဘော၊ အပျက်သဘော အတွေးများ၊ အပြောများ၊ အပြုအမူများကို ဖြစ်စေနိုင် ပါသည်။ အတွေးအခေါ်ပုံစံများတွင် အခြေခံအားဖြင့် ပုံသေအတွေးအခေါ်၊ တိုးတက်သော အတွေးအခေါ်နှင့် အကျိုးပြုအတွေးအခေါ်ဟူ၍ သုံးမျိုးရှိပါသည်။
ပုံသေအတွေးအခေါ်သမားများသည် မိမိကိုယ်မိမိ တိုးတက်ရန်လုပ်ဆောင်ခြင်းထက် ၎င်းတို့၏အရည် အချင်းများကို ပုံသေသတ်မှတ်ထားလေ့ရှိသဖြင့် ပြောင်းလဲမှုမပြုလုပ်နိုင်ကြောင်း စိတ်ပညာပါမောက္ခ Carol S. Dweck က ဆိုပါသည်။ တိုးတက်သော အတွေး အခေါ်သမားများသည် မိမိ၏အရည်အချင်းများသည် မိမိ၏လုပ်ဆောင်မှုနှင့် ကြိုးပမ်းအားထုတ်မှုများကြောင့် ဟု ယုံကြည်သဖြင့် အရာရာကိုကောင်းမွန်စေရန် ဆောင်ရွက်နိုင်ကြသည်။ ပိုမိုကြိုးစားအားထုတ်လေ ပိုမိုကျွမ်းကျင်တိုးတက်လာသည်ဟု ယုံကြည်ကြသူများ ဖြစ်သည်။ အကျိုးပြုအတွေးအခေါ်သမားများသည် ၎င်းတို့၏အရည်အချင်း တိုးတက်မြှင့်တင်ရာတွင် ယုံကြည်ကြပြီး အနာဂတ်ပိုမိုကောင်းမွန်လာစေရေး အဓိပ္ပာယ်ရှိရှိ ပံ့ပိုးကူညီသူများဖြစ်ကြသည်။
 
သို့ဖြစ်ရာ မိမိတို့အားလုံးသည် ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော်ကြီးအား တည်ဆောက်ကြရာတွင် အတိတ်တွင် နစ်မြုပ်နေသည့်အတွေးအခေါ်များ၊ နာကြည်းမှု၊ မကျေ နပ်မှု အခြေခံသည့်အတွေးအခေါ်များနှင့် အဆင်ပြေနိုင် မည်လား သို့တည်းမဟုတ် တိုးတက်လိုသော အတွေးအခေါ်၊ အကျိုးပြုလိုသော အတွေးအခေါ်များနှင့် ပိုမိုအဆင်ပြေ နိုင်မည်လားဆိုသည်မှာ (၇၃) နှစ်မြောက် ပြည်ထောင်စု နေ့အတွေးတစ်ရပ် ဖြစ်ပါသည်။ ပြည်ထောင်စုသား တစ်ယောက်၏ ဆန္ဒတစ်ရပ်အနေဖြင့်မူ အနာဂတ်မျိုးဆက် ဖြစ်သည့် ကျောင်းသား ကျောင်းသူများနှင့် လူငယ်လူရွယ် များကို တိုးတက်သောအတွေးအခေါ်ရှိသူများ၊ အကျိုးပြု အတွေးအခေါ်ရှိသူများ ဖြစ်စေလိုလှပါသည်။ ။