
ပြည်ထောင်စုနေ့ အကြိုဂုဏ်ပြုဆောင်းပါး
==============================
ပြည်ထောင်စုနေ့နှင့် တစ်နွယ်ငင်၍
=========================
တက္ကသိုလ်ဝင့်မာ
ပြည်ထောင်စုနေ့ဆိုသည်မှာ မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ အသည်းနှလုံး ဖြစ်သည့် သမိုင်းမော်ကွန်းဝင်နေ့တစ်နေ့ဖြစ်ပါသည်။ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ၊ ကိုယ်တွေ့အမှတ်တရများ စသည့် အခြင်းအရာများထဲမှ ပြည်ထောင်စုနေ့နှင့် ကျွန်မ၏ဘဝ တစ်စိတ်တစ်ပိုင်း ဆက်နွှယ်ပတ်သက်မှုကို အမှတ်တရဖော်ပြလိုပါသည်။
ကိုယ်ရေးကိုယ်တာဆန်နိုင်သော်လည်း ပြည်ထောင်စု နေ့နှင့်ဆက်စပ်ပတ်သက်မှုကို ရေးသင့်သည်ဟု တွေးဆ ပြီး ရေးရခြင်းဖြစ်သည်။ ဆက်စပ်ပတ်သက်မှုကို ရေးရင်း အခြားကိုယ်ရေးကိုယ်တာ အကြောင်းများလည်းပါဝင် နေသောကြောင့် ၂၃-၁၂-၂၀၂၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာပါ ကျွန်မ၏ “ရန်ကုန်တက္ကသိုလ်ရဲ့ သားကောင်း တစ်ဦး” ဆောင်းပါးအဆက်ဟုလည်း ဆိုနိုင်ပါသည်။ ပြည်ထောင်စုနေ့နှင့်ပတ်သက်နေသူ နှစ်ဦးကတော့ ဖိုးကျော်မြင့်နှင့် ကျွန်မ မာလေးတို့ပဲဖြစ်ပါသည်။
ပန်းတနော်သား ဖိုးကျော်မြင့်၏ မွေးနေ့က ၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ဖြစ်သည်။ သူ့မွေးနေ့ သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပေါ်ပေါက် လာသော ပြည်ထောင်စုနေ့နှင့် တိုက်တိုက် ဆိုင်ဆိုင် ဖြစ်နေပါသည်။ ကျွန်မကတော့ ပြည်ထောင်စု နေ့တွင် မဟုတ်သော်လည်း ပြည်ထောင်စုလတွင် မွေးဖွားသည့် ၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက် ဖွား (ရှမ်းပြည်နယ် နေ့ဖွား) ဖြစ်ပါသည်။
လက်ဆင့်ကမ်းလှည့်လည်သယ်ဆောင်
၁၉၇၀ ပြည့်နှစ် (၂၃) ကြိမ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ ထိုခေတ်က ပြည်ထောင်စုနေ့ကို တာမွေ မြို့နယ် ကျိုက္ကဆံကွင်းကြီးထဲတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပါသည်။ တိုင်းနှင့်ပြည်နယ် ပြခန်းများ၊ ဌာန ဆိုင်ရာပြခန်းများ၊ ဇာတ်သဘင်၊ ရုပ်ရှင်၊ ဂီတပဒေသာ ပျော်ပွဲရွှင်ပွဲများ၊ စားသောက်ဆိုင်များဖြင့် တစ်ပတ် ဆယ်ရက် (ထပ်တိုးရက် အပါအဝင်) ကျင်းပလေ့ရှိသည်။ ထို့ပြင် ပြည်ထောင်စုအလံတော်သယ်ယူပွဲ အခမ်း အနားနှင့် ပြည်ထောင်စုအလံတော် သိမ်းဆည်းပွဲအခမ်း အနားများလည်းရှိပါသည်။ ရန်ကုန်မြို့တော်ခန်းမတွင် ပြီးခဲ့သည့်နှစ်က ရပ်နားသိမ်းဆည်းထားသော ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုနေ့မတိုင်မီရက်များအတွင်း တိုင်းနှင့်ပြည်နယ်များသို့ လက်ဆင့် ကမ်းလှည့်လည်သယ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်(မင်္ဂလာဒုံမြို့နယ်)သို့ ပြန်လည်ရောက်ရှိပါသည်။ တစ်ညတာ ရပ်နားပြီးနောက် အလံတော်ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထောင်စု နေ့ကျင်းပရာ ကျိုက္ကဆံကွင်းသို့ မွန်းလွဲပိုင်းမှာ သယ်ဆောင်ပါသည်။ ပြည်ထောင်စုနေ့အခမ်းအနားကို ညနေပိုင်းတွင် ကျင်းပပါသည်။ ပြည်ထောင်စုနေ့ ပြီးသည်နှင့် နောက်နေ့တွင် ပြည်ထောင်စုအလံတော်ကို မြို့တော်ခန်းမသို့ အခမ်းအနားဖြင့် သယ်ဆောင်ပြီး အလံတော်သိမ်းဆည်းပွဲ အခမ်းအနားဖြင့် မြို့တော်ခန်းမ ဆောင်ထိပ်တွင် တစ်နှစ်တာ သိမ်းဆည်းထားရှိပါသည်။
ကျိုက္ကဆံကွင်းတွင် ကျင်းပသော ထို ၁၉၇၀ ပြည့်နှစ် (၂၃) ကြိမ်မြောက် ပြည်ထောင်စုနေ့လူထုအစည်းအဝေး အခမ်းအနားတွင် ဦးသန့်စင်(နိုင်ငံရေးသိပ္ပံဌာနမှူး၊ ပညာ ရေးတက္ကသိုလ်)နှင့် ဦးဖိုးကျော်မြင့်(ကထိက၊ မြန်မာစာ ဌာန၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်)တို့က အခမ်းအနားမှူး များအဖြစ် ဆောင်ရွက်ကြသည်။ ဗိုလ်ချုပ်ပန်းခြံ၊ ကနေဒီကျွန်း၊ အင်းယားကျွန်းသာယာ စသည့် ဆိုင်ရာစုရပ် အသီးသီးမှ ကျိုက္ကဆံကွင်းသို့ ချီတက်ရောက်ရှိနေကြသော နယ်မြေဒေသစိတ်အသီးသီးမှ လုပ်သားပြည်သူများ အလယ်တွင် ကျွန်မတို့ တက္ကသိုလ် မြန်မာစာဌာနသားများ လည်း ရှိနေကြသည်။ ရေဖျန်းထား၍ စိုထိုင်းထိုင်းဖြစ်နေ သော ကွင်းမြေပေါ်တွင်ထိုင်ရင်း အခမ်းအနားစတင် ချိန်ကို စောင့်နေကြပါသည်။
ယနေ့တိုင် ကြားယောင်မြင်ယောင်
မင်္ဂလာဒုံမြို့နယ်မှ မွန်းလွဲပိုင်းတွင် လက်ဆင့်ကမ်း သယ်ဆောင်လာသော ပြည်ထောင်စုအလံတော်သည် ညနေ ၅ နာရီတွင် ကျိုက္ကဆံကွင်းသို့ရောက်ရှိလာပြီး ဗဟို စင်မြင့် ငွေဖလားတွင် စိုက်ထူထားရှိပါသည်။ အခမ်းအနား စတင်၍ အခမ်းအနားအစီအစဉ်များ ကြေညာနေသော အခမ်းအနားမှူး၏ အသံထွက်ပေါ်လာသောအခါ အရှေ့ ကပ်လျက်အုပ်စုထဲတွင်ရှိနေသော ဆရာဦးရွှေသွင်က “မာ - ဒီအသံက ကိုကျော်မြင့်အသံနဲ့ တူလိုက်တာ” ဟု လှမ်း ပြောသည်ကို ကျွန်မ အမှတ်ရနေပါသည်။ သူအခမ်းအနား မှူးလုပ်သည်ကို ဌာနသားများ ကြိုတင်သိမထားကြပါ။ အခမ်းအနားမှူးတာဝန် ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့သည့် အတွက် သူဝမ်းမြောက်ဂုဏ်ယူလျက်ရှိပါသည်။ ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသကဲ့သို့ ဝီရိယ လုံ့လစိုက်ထုတ် ဆောင် ရွက်တတ်သူ ဖိုးကျော်မြင့်သည် အခမ်းအနားတွင် သူဆိုရ မည့် “အလေးပြု” ဟူသောစကားကို ၂၈၁ ရွှေဂုံတိုင်ခြံ၏ ခေါင်းရင်းဘက်မှာ သုံးလေးရက်ကြိုတင်၍ အကြိမ်ကြိမ် လေ့ကျင့်သော သူ့အသံနှင့် ဦးညွှတ်သောသူ့ကိုယ်ဟန်တို့ကို ယနေ့တိုင် ကြားယောင်မြင်ယောင်နေပါသည်။
ထို့ပြင် ပြည်ထောင်စုနေ့ကျင်းပပြီးစီးပြီးနောက် ဖေဖော်ဝါရီလ ၁၄ ရက် ပြည်ထောင်စုအလံတော်ကို ကျိုက္ကဆံကွင်းမှ မြို့တော်ခန်းမသို့ အခမ်းအနားဖြင့် သယ် ဆောင်ရာတွင် ဦးဖိုးကျော်မြင့် တာဝန်ပေးခြင်းခံရပါသည်။ ထိုနေ့ နံနက် ၇ နာရီတိတိတွင် ဦးဖိုးကျော်မြင့်သည် ကျိုက္ကဆံကွင်း ဗဟိုစင်မြင့်ငွေဖလားတွင် စိုက်ထူထား သော ပြည်ထောင်စုအလံတော်ကို ငွေဖလားနှင့်အတူ ယူဆောင်၍ စင်မြင့်လှေကားထိပ်တွင် အသင့်ရှိနေသည့် အမိုးဖွင့်မော်တော်ယာဉ်ပေါ်သို့ သယ်ယူပါသည်။ ဦးဖိုးကျော် မြင့်ကို ပြည်ထောင်စုသူ အမျိုးသမီး ၁၂ ဦးတို့က ယာဉ်ပေါ် တွင် ဝဲ၊ ယာတစ်ဖက်တစ်ချက်မှ ခြောက်ဦးစီ ခြံရံ၍လိုက်ပါ ကြသည်။
အလံတော် သယ်ယူလာသည့် ယာဉ်နှင့်တကွ ရှေ့ပြေး ယာဉ်ထိန်းရဲမော်တော်ဆိုင်ကယ်၊ အလံတော်လုံခြုံရေး မော်တော်ဆိုင်ကယ်အဖွဲ့၊ အလံတော်ဝဲ၊ ယာရှေ့နောက် လုံခြုံရေး မော်တော်ဆိုင်ကယ်အဖွဲ့၊ အလံတော်သယ်ဆောင် သည့် ပြည်ထောင်စုသူများ စီးနင်းလိုက်ပါသည့် မော်တော် ယာဉ်များ၊ စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီဝင်များ စီးနင်းလိုက်ပါသည့် မော်တော်ယာဉ်များ၊ သူနာပြုယာဉ်၊ လုံခြုံရေးယာဉ်နှင့် ပြည်သူ့ရဲတပ်ဖွဲ့မှ ကြိုးမဲ့ဆက်သွယ်ရေးယာဉ်များပါဝင်သော ယာဉ်တန်းရှည်ကြီးသည် ကျိုက္ကဆံကွင်း အမှတ် (၆)ဂိတ်မှထွက်၍ အနောက်မြင်းပြိုင် ကွင်းလမ်း၊ ရွှေဂုံတိုင်လမ်း၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဦးထောင်ဘိုလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဗိုလ်ချုပ်လမ်း၊ ထိုမှ တစ်ဆင့် ဆူးလေဘုရားလမ်းအတိုင်း အလံတော်ကို သယ်ယူလာရာ နံနက် ၇ နာရီ ၄၅ မိနစ်တွင် မြို့တော်ခန်းမ သို့ ရောက်ရှိပါသည်။
ပြည်ထောင်စုအလံတော်ကို ယာဉ်ပေါ်မှနေ၍ ဦးဖိုးကျော်မြင့်က ပြည်ထောင်စုသူ အမျိုးသမီး ၁၂ ဦးခြံရံ၍ မြို့တော်ခန်းမအပေါ်သို့ သယ်ဆောင်ရာ အလံတော်နောက်မှ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ပြည်ထောင်စုတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင် အမျိုးသမီးများ လိုက်ပါကြသည်။ ပြည်ထောင်စုအလံတော်ကို တစ်နှစ်တာ သိမ်းဆည်းထားရှိ မည့် မြို့တော်ခန်းမဆောင်ထိပ်သို့ ရောက်သောအခါ ဦးဖိုးကျော်မြင့်က (၃၆) ကြိမ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၏ကိုယ်စား အလံတော်ကြိုဆိုရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီးလှမိုးထံသို့ အလံတော်လွှဲပြောင်းပေးအပ် လိုက်သည်။ ထို့နောက် အလံတော်သိမ်းဆည်းရေး အခမ်း အနားဖြင့် ဒုတိယဗိုလ်မှူးကြီးလှမိုးက အလံတော်ကို ငွေဖလားနှင့်အတူ မြူနီစီပယ်မင်းကြီး (မြို့တော်ဝန်) ဗိုလ်မှူးကြီးမျိုးအောင်ထံသို့ လွှဲပြောင်းပေးအပ်သည်။
မြူနီစီပယ်မင်းကြီး ဗိုလ်မှူးကြီးမျိုးအောင်က အလံတော်စိုက်ထားသော ငွေဖလားကို ပိုးကတ္တီပါ နီညိုရောင်ဖြင့် မွမ်းမံပြင်ဆင်ထားသည့် ခုံမြင့်ပေါ်၌ ထားရှိလိုက်ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းပါသည်။ ထိုနေ့ နံနက်က ရွှေဂုံတိုင်လမ်းမကြီးမှ ဖြတ်သန်း၍ အလံတော်သယ်ဆောင်လာရာ မိမိတို့ခြံရှေ့အရောက် တွင် ကျွန်မနှင့်အတူ ထွက်ကြည့်အားပေးနေသော ကလေးများက “ဟိုမှာ ဖေဖေ”ဟု ဝမ်းသာအားရ လှမ်း အော်ကြသည်။ အလံတော်သယ်ယာဉ်ပေါ်မှ ဦးဖိုးကျော်မြင့်က ငွေဖလားတွင် စိုက်ထူထားသည့် ပြည်ထောင်စုအလံတော်ကို မတိမ်းမယိုင်အောင် ဂရုထားထိန်းကိုင်ရင်း ရှေ့တူရူကြည့်ကာ ပြည်ထောင်စု ကြီးအား စိတ်ထဲမှ မေတ္တာပွားလာကြောင်း သူပြောပြ၍ သိရပါသည်။ မြန်မာ့အသံ သတင်းမှာရော သတင်းစာများ မှာပါ မြန်မာအမျိုးသားကြီး ဦးဖိုးကျော်မြင့် ဟု သုံးနှုန်း ကာ အလံတော်သယ်သတင်းကြေညာဖော်ပြသည်ကို သူအလွန်ဝမ်းသာဂုဏ်ယူကြောင်း ပြောပါသည်။ ဦးဖိုးကျော်မြင့် ၁၉၇၀ ပြည့်နှစ် ပြည်ထောင်စုအလံတော် သယ်ယူသည့် ဆီဆေးပုံတူကို ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာမြမြဝင်း (ယခု ရန်ကုန်အဝေးသင်တက္ကသိုလ်)က မူရင်းဓာတ်ပုံကို ကြည့်၍ ရေးဆွဲပါသည်။ ယင်းဆီဆေးပုံတူကို ပန်းတနော် မြို့ရှိ မြန်စာဂုဏ်ဖိုးကျော်မြင့် စာကြည့်တိုက်တွင် ထားရှိရန် လှူဒါန်းထားပါသည်။
ရှမ်းပြည်နယ် လူထုကိုယ်စားလှယ်တစ်ဦး
နောက်တစ်ခုဖော်ပြလိုသည်က ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ပင်လုံစာချုပ်တွင် ရှမ်းပြည်နယ် လူထုကိုယ်စားလှယ်တစ်ဦးအနေဖြင့် လက်မှတ်ရေးထိုးခဲ့ သော ဦးတင်ဧ(ရှမ်းပြည်)နှင့်ပတ်သက်၍ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ဆရာကြီး ဦးဖေမောင်တင်(၁၈၈၈-၁၉၇၃)နှင့် ဆရာဦးသိန်းဟန် (ဆရာဇော်ဂျီ) (၁၉၀၇-၁၉၉၀)တို့သည် ဂုဏ်ထူးဆောင် ပါမောက္ခများအဖြစ် ထမ်းဆောင်ခဲ့ကြသည်။ ဆရာ ဦးဧမောင်မှသည် ယခုဒေါက်တာညိမ်းညိမ်းအထိ ၁၇ ဦးသော အစဉ်အဆက် ပါမောက္ခ၊ ဌာနမှူးများတွင် တစ်ဦးအပါအဝင်ဖြစ်သော ဆရာဦးတင်ဧသည် မြန်မာစာဌာနမှာ တစ်နှစ် (၁၉၇၄-၁၉၇၅) တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် ဆရာ၏မိခင်ဌာန ဖြစ်သော တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေး ဌာနသို့ ပြန်လည်ပြောင်းရွှေ့သွားပါသည်။ ဆရာဦးတင်ဧ မြန်မာစာပါမောက္ခအဖြစ် ထမ်းဆောင်စဉ် လက်နှိပ်စက် စာရေး ဒေါ်သောင်းရွှေက ပါမောက္ခ“တင်အေး”ဟု ရိုက်လိုက်သည့်အတွက် “ကျွန်တော့်နာမည်က “ဆရာ ဦးဧမောင်” နာမည်စာလုံးပေါင်းသလို အက္ခရာ ဧ“တင်ဧ” ပါ”ဟု ပြင်ခိုင်းသည်ကို အမှတ်ရနေပါသည်။
ကျွန်မ၏ မိခင်ကြီး ဒေါ်စောသည် ၁၅-၃-၁၉၇၇ ရက်နေ့တွင် ကွယ်လွန်ပါသည်။ ဆရာ ဦးတင်ဧနှင့် ဦးသော်ကောင်း (စည်သူဒေါက်တာသော်ကောင်း)တို့ ကျွန်မတို့ ရွှေဂုံတိုင်အိမ်သို့ နာရေးသတင်းမေး ရောက် လာကြသည်။ ဆရာဦးတင်ဧက အားပေးနှစ်သိမ့်စကား ပြောရင်း “ဒေါ်မာလေး - ကျွန်တော်တို့ဌာနကို ပြောင်းလာ ချင်သလား”ဟု ကရုဏာအပြည့်နှင့် မေးပါသည်။ စာသင်ကြားရေးကို ပို၍အားသန်သော၊ ဆရာမဘဝကို ပို၍ နှစ်သက်သော ကျွန်မက ဆရာ၏မေတ္တာစေတနာကို အားတုံ့အားနာနှင့် ငြင်းခဲ့ပါသည်။ နယ်မပြောင်းရသောတက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးအလုပ်က ကျွန်မ၏ လက်ရှိဘဝအနေအထားနှင့် ပို၍အပ်စပ်သည် ဟု ဆရာထင်မြင်ပုံရပါသည်။ ထိုအချိန် (၁၉၇၄-၁၉၇၈)က ကျွန်မသည် မိခင်အိုကြီးနှင့်တကွ တစ်သက်လုံး အတူနေ အရွယ်အို အဒေါ်ရင်းနှစ်ယောက်၊ လူမမည်သား တစ်ယောက်၊သမီးသုံးယောက် (အငယ်ဆုံးသမီး ဖွားသစ် က သုံးနှစ်ခွဲ)တို့ကိုထား၍ မော်လမြိုင်ကောလိပ်(နောင် တက္ကသိုလ်) မြန်မာစာဌာနတွင် လက်ထောက်ကထိက အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေချိန် ၁၉၇၆ ခုနှစ်တွင် အတူနေ အဒေါ်အကြီး ကွယ်လွန်၍ ၁၉၇၇ ခုနှစ် တွင် ရှေ့ဆင့်နောက်ဆင့် မိခင်ကြီးကွယ်လွန်သွားခြင်းဖြစ်သည်။ ထိုစဉ်က ဆရာ ဦးတင်ဧ၏ ထိုကရုဏာပါသော စကားသံက ကျွန်မ၏နားထဲတွင် ယခုအထိ ပဲ့တင်နေဆဲ ဖြစ်ပါသည်။
မော်လမြိုင်ကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာ မောင်ဒီ(နောင် ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)လက်ထက် မော်လမြိုင်ကောလိပ် ပြည်ထောင်စုနေ့ပွဲ သဘင် အစဉ်အဆက် ကျင်းပလာခဲ့သည့်အတိုင်း ပြည်ထောင်စုတိုင်းရင်းသူများ ခြံရံပြီး ပြည်ထောင်စုအလံ တော်သယ်ဆောင်ခြင်းအခမ်းအနား၊ ပျော်ပွဲရွှင်ပွဲများ၊ စျေးရောင်းပွဲများကျင်းပခဲ့ရာ ကျွန်မ ပါဝင်ဆင်နွှဲခဲ့ရသည် များကလည်း မမေ့နိုင်သော အမှတ်တရ ဖြစ်ပါသည်။ ဆရာ ဒေါက်တာမောင်ဒီ၏ အစီအမံဖြင့် ကျောင်းသူဆောင် ပုလဲဆောင် ၁၊ ၂၊ ၃၊ ၄ ရှိသည့်အနက် ပုလဲဆောင်-၃ မှာ အချိန်ပိုင်း အဆောင်နည်းပြအဖြစ် ကျွန်မ နေခွင့်ရပါသည်။ အိုကြီးအိုမ မိခင်နှင့် အဒေါ်များ၊ လူမမည်သားသမီးများကို ရန်ကုန်မှာ ထားခဲ့ရသူ ကျွန်မအား စာနာနားလည်စွာ တစ်လတစ်ခါ အိမ်သို့ ပြန်ခွင့်ပြုသည့် ဆရာဒီ၏ မေတ္တာ ကရုဏာတရားကလည်း ကျွန်မအပေါ် ကျေးဇူးကြီးခဲ့ပါ သည်။
ခရီးသည်နားခို မှတ်တိုင်များ
မော်လမြိုင်ကောလိပ်တွင် တာဝန်ထမ်းဆောင်နေ သော နှစ်ကာလများ(၁၉၇၄- ၁၉၇၈) က ဖြစ်သည်။ တစ်နှစ် ရန်ကုန်ပြန်သောအခေါက်တွင် ဘိုးတော် ဦးခင်မောင် ထွန်း(မောင်ဗိုလ်မွှေး၊ မော်ကွန်းထိန်း၊ ရန်ကုန်အဝေးသင် တက္ကသိုလ်၊ ကွယ်လွန်) ကျွန်မ အိမ်သို့ ရောက်လာသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရန်ကုန် ဘတ်စ်ကားလိုင်းလမ်းကြောင်းများတွင် ခရီးသည်နားခို မှတ်တိုင်များ ဆောက်လုပ်ထားရှိမည်ဖြစ်ကြောင်း၊ မှတ်တိုင်ပုံစံနှင့် ကုန်ကျငွေဖော်ပြထားကြောင်း၊ ဆောက် လုပ်လှူဒါန်းလိုသူများ ကုန်ကျငွေနှင့်တကွ မှတ်တိုင် ထားရှိလိုသောနေရာကို ဖော်ပြ၍ လျှောက်ထားနိုင် ကြောင်း၊ ကမ္ပည်းမှတ်တမ်းပါ ထိုးပေးမည်ဖြစ်ကြောင်း သတင်းစာများတွင် ကြေညာထားသည့်အကြောင်းကို သူပြောပြသည်။
ကုန်ကျငွေက ရာဂဏန်းလား၊ ထောင်ဂဏန်းလား မမှတ်မိတော့ပါ။ သူက ဖိုးကျော်မြင့်အတွက် ရည်စူး၍ နားခိုမှတ်တိုင် လှူဒါန်းလိုကြောင်း၊ သူတို့ ဖွဲ့ထားသော ဖိုးကျော်မြင့်မှတ်တိုင် ဖြစ်မြောက်ရေးကော်မတီလေး၏ အစီအစဉ်ကို ဆက်ပြောပါသည်။ ကျွန်မသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ရေချမ်းစင်ဆောက်ကာ ရေလှူခြင်း၊ ဇရပ်ဆောက်ကာ နားခိုအရိပ်လှူခြင်းဓလေ့ကို လွန်စွာ နှစ်လိုသူဖြစ်သည်။ သူတို့၏ ကော်မတီလေးသည် လက်နှိပ်စက်ဖြင့်ရိုက်၍ စာကူးစက်ဖြင့်ပွားထားသော ဖိုးကျော်မြင့်မှတ်တိုင် ရန်ပုံငွေအလှူခံပြေစာ စာအုပ်ငယ် လေးများ တစ်ယောက်တစ်လက်ဆီသို့ ဖြန့်ကာ ငွေကောက်ခံကြသည်။ ပြားငါးဆယ်၊ တစ်ကျပ်ကအစ (ငွေတန်ဖိုး မဖောင်းပွသေး) ကောက်ခံ၍ စရိတ်ပြည့်မီ သောအခါ မြို့တော်စည်ပင်သို့ နားခိုမှတ်တိုင်ထားရှိ လိုသည့်နေရာဖော်ပြ၍ လျှောက်ထားလိုက်ကြသည်။ သို့နှင့် ရန်ကုန်ဘတ်စ်ကားလိုင်း လမ်းကြောင်းများတွင် မြို့တော်စည်ပင်ဆောက် နားခိုကားမှတ်တိုင်များ တစ်ခုပြီး တစ်ခု တိုးတိုးလာသည်နှင့်အတူ ကျွန်မတို့၏ ဖိုးကျော်မြင့် နားခိုကားမှတ်တိုင်လည်း လှည်းတန်းထိပ်(အင်းစိန်လမ်း၊ မြို့ထဲဘက်သွားအခြမ်း၊ ဦးထွန်းလင်းခြံလမ်းထိပ်)တွင် အကောင်အထည်ပေါ်လာခဲ့ပြီဖြစ်သည်။
ထိုအချိန် ထိုအခေါက် ရန်ကုန်အပြန်တွင် ကျွန်မ သည် တက္ကသိုလ်တောင်ငူဆောင် မြန်မာစာဌာနသို့ ကိစ္စ တစ်ခုနှင့်သွားရောက်အပြီး လှည်းတန်းထိပ်ရှိ ဖိုးကျော်မြင့် နားခိုကားမှတ်တိုင်သို့ သွားကြည့်ခဲ့သည်။ နားခိုမှတ်တိုင် အမိုးအောက်တွင် ပေါလစ်တင်ထားသည့် အထပ်သား ပြားပေါ်တွင် ရေးထားသော “ဖိုးကျော်မြင့်ကို ရည်စူး၍ အားလုံးကောင်းမှု” ဟူသော ကမ္ပည်းမှတ်တမ်းစာကို တွေ့ရသည်။ ပြားငါးဆယ်၊ တစ်ကျပ် ညောင်စေ့အလှူ လေးများ ထည့်ဝင်လှူဒါန်းထားသော ဖိုးကျော်မြင့် နားခို မှတ်တိုင်သည် အများကောင်းမှုဟူသည်ထက် ပိုမို လေးနက်သော အားလုံးကောင်းမှုဟူသော အသုံးဝိသေသ က အပ်စပ်ထိမိလှပါသည်။ နှစ်များကြာခဲ့ရွေ့ခဲ့ပါပြီ။ ယခုတော့ မရှိတော့ပါ။
ယခုအခါ တက္ကသိုလ်များတွင် ဌာနအလိုက်၊ ဘာသာရပ်အလိုက်၊ စာသင်နှစ်အလိုက်၊ ဘွဲ့ရနှစ်အလိုက် စသည်ဖြင့် အာစရိယပူဇော်ပွဲများကျင်းပနေကြပါသည်။ ကိုစိုးညွန့်(၁၂-၉-၂၀၂၀ ကွယ်လွန်)တို့ ၁၉၆၉-၁၉၇၃ ဘွဲ့ရ မြန်မာစာကျောင်းသားဟောင်းများက သူတို့၏ အာစရိယကန်တော့ပွဲ ကျင်းပမည့်နေရာအဖြစ် ကိုစိုးညွန့် ၏ တော်ဝင်နှင်းဆီခြံကို ရွေးချယ်၍ ကျင်းပမည့်နေ့ကို ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ဟု သတ်မှတ်ပြီး ပြည်ထောင်စုနေ့တိုင်း အာစရိယကန်တော့ပွဲကို နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ်တွင် (၁၈)ကြိမ်တိုင်ခဲ့ ပြီဖြစ်သည်။ ရပ်ဝေးမြို့နယ်များမှ သူတို့ batch ကျောင်းသူ ကျောင်းသားအချို့ပင် ကြိုးစားလာရောက်ကြသည်။ ရွှေတောင်ခေါက်ဆွဲနှင့် စားမြိန်ဖွယ်ရာများ စားသောက်ရင်း ဆရာများက သြဝါဒစကားပြောကြ၊ ကျောင်းသားများက တက္ကသိုလ်ကျောင်းသားဘဝ အပျော်အမော်များကို ပြန်လည်စားမြုံ့ပြန်ကြနှင့် အာစရိယကန်တော့ပွဲတွင် သက်ကြီးတပည့်များနှင့် ရွယ်အိုဆရာများအားလုံးသည် လွန်လေပြီးသော အနှစ် ၄၀ ကျော်ကာလသို့ ပြန်လည် စီးမျောနုပျိုကြကုန်သည်မှာ အမှန်ပင်ဖြစ်ပါသည်။
၂၀၀၃ ခုနှစ် ဇွန်လ ၇ ရက်နေ့ ဖိုးကျော်မြင့် ကွယ်လွန်ခြင်း နှစ် (၃၀) ပြည့်ပွဲကို သူနေထိုင်ခဲ့ရာ ရွှေဂုံတိုင်ခြံမှာ ကျင်းပ ခဲ့ပါသည်။ သူ၏ ကလောင်ပွားတစ်ခုဖြစ်သော “မောင် ခေမာ”ကို စွဲယူ၍ “ခေမာ မဝေး နိဗ္ဗာန်စျေး”ခင်းကာ ကျင်းပ ခဲ့ရာ နို့စိမ်းခေါက်ဆွဲ၊ ကော်ရည်ခေါက်ခွဲ၊ ဆီထမင်းနှင့် ငါးရံ့ခြောက်ဖုတ်၊ ဆနွင်းမကင်း၊ လက်ဖက်ရည်၊ ကော်ဖီ စသည်တို့ဖြင့် နှစ်သက်ရာ သုံးဆောင်နိုင်ရန် ခင်းကျင်း ထားပါသည်။
စာကြည့်တိုက်သို့ ရည်စူးလှူဒါန်း
ထို့ပြင် စုပေါင်းရေး“ဖိုးကျော်မြင့်” လက်ကျန်စာအုပ် များကို ရောင်းချရာ အားလုံးကုန်သွားပါသည်။ ထိုပွဲသို့ ကြွရောက်ချီးမြှင့်သည့် သူ့ဆရာ ဒေါက်တာသန်းထွန်း (သမိုင်းပါမောက္ခ၊ ၆-၄-၁၉၂၃ - ၃၀-၁၁-၂၀၀၅)က နှစ်အုပ် အားပေးပြီး “ဖိုးကျော်မြင့် ဆုံးတဲ့ရက်တော့သိပြီ၊ သူ့မွေး ရက်ကကော”ဟု မေးသဖြင့် ကျွန်မက “၁၉၃၄ ခု၊ ဖေဖော် ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့ပါဆရာ”ဟု ပြန်ဖြေရာ ထိုစာအုပ်မှာပင် သူ့တပည့်မွေးနေ့ ရေးမှတ်သွားသည်ကို အမှတ်ရနေပါသည်။ ထို့ပြင်လည်း မြန်မာစာဌာန၏ ကျေးဇူး ကို အလေးအမြတ်ထားသော သူ့ဆန္ဒဖြည့်လိုသောအားဖြင့် လှကမ္ဘာ ပရိဘောဂဆိုင်မှ ကြိုတင်အော်ဒါမှာယူထားသော ဗီရိုငါးလုံးကို သူကွယ်လွန်ခြင်း နှစ်(၃၀)ပြည့်ပွဲမတိုင်မီ လေးကပင် တောင်ငူဆောင် မြန်မာစာဌာန စာကြည့်တိုက်သို့ ရည်စူးလှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။
၂၀၁၃ ခုနှစ် ဇွန်လ ၇ ရက်နေ့ ဖိုးကျော်မြင့် ကွယ်လွန်ခြင်း နှစ်(၄၀)ပြည့်အခမ်းအနားကို တော်ဝင်နှင်းဆီသီရိခန်းမ မှာ ကျင်းပခဲ့ပါသည်။ ကိုကျော်ဇေယျက အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပါသည်။ ရှေးဦးစွာ ဆရာဦးမြင့်ကြည် (ဒေါက်တာမြင့်ကြည်၊ မြန်မာစာအဖွဲ့ဝင်)က နှုတ်ခွန်းဆက် စကားပြောပါသည်။ ဖိုးကျော်မြင့်၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်ပြီး တက္ကသိုလ်မြတ်စိုးအမည်တွင် ဂီတစာဆို တစ်ဦးလည်းဖြစ်သည်။ ကျွန်မတို့ ၁၉၆၀ ပြည့်နှစ် အောက်တို ဘာလ Strand Hotel တွင် လက်ထပ်ထိမ်းမြားစဉ်က မင်္ဂလာလက်ဖွဲ့ “ကြင်စဦး” သီချင်းရေးစပ်ကာ လက်ဖွဲ့ခဲ့ သည်။ ကိုရဲဝင်းနှင့်စီလေးတို့ သီဆိုပြီး ဒီဇင်ဘာလတွင် မြန်မာ့အသံက ထုတ်လွှင့်ခဲ့သည်။ ထို့နောက် ဒေါက်တာ ခင်အေး (မောင်ခင်မင်-ဓနုဖြူ၊ မြန်မာစာအဖွဲ့ဝင်)က သူဂရု ပြုမိသော သူ့ဆရာ ဦးဖိုးကျော်မြင့်၏ ထူးချွန်ထက်မြက် သော ပညာဂုဏ်၊ ပညာရှင်စာရေးဆရာဟူသော ဂုဏ်နှင့် ခေါင်းဆောင်ပီသသော ဂုဏ်တို့ကို ဖော်ထုတ်ပြောဆိုပါ သည်။ ဦးဖိုးကျော်မြင့့်သည် ၁၉၇၃ ခုနှစ် ဇွန်လ ၉ ရက်နေ့ သူ့တပည့် ဦးခင်အေး ဇနီးလောင်းတောင်းရမ်းရာတွင် လူကြီးမိဘအဖြစ် လိုက်ပါဆောင်ရွက်ရန် စီစဉ်ထားပြီးဖြစ် သည်။ ဇွန်လ ၇ ရက်နေ့တွင် ဦးဖိုးကျော်မြင့် ရုတ်တရက် ကွယ်လွန်လေရာ ဦးခင်အေးအတွက်လည်း တစ်သက်မမေ့ ဖွယ်ရာပင် ဖြစ်သည်။
ထို့နောက် ဒေါက်တာထွန်းတင့်(မြန်မာစာအဖွဲ့ဝင်)က ဖိုးကျော်မြင့် မြန်မာစာ ဂုဏ်ထူးတန်းကျောင်းသားဘဝ စာမေးပွဲအလွန်နီးကပ်နေချိန် ၁၅-၂-၁၉၅၇ ရက်နေ့က ရေးစပ်ခဲ့သော “လှမ်းစို့ညီညီ” အမည်ရှိ လေးချိုးကဗျာကို အမှတ်တရ ရွတ်ဆိုပါသည်။ ယင်းကဗျာလက်ရေးမူကို ဖော်ပြပါသည်။ ကဗျာတွင် မြန်မာစာဂုဏ်ထူးတန်းသား ဆွေသဟာများသို့ အမှတ်တရလက်ဆောင်မွန်ဟု ညွှန်းဆို ထားပြီး ချစ်ကြည်စွာဖြင့် “ဘိုးကျော်မြင့်” ဟု လက်မှတ် ထိုးထားပါသည်။ ကဗျာတတိယအချိုးတွင် “သန်း” တစ်မူ “မြိုင်” “တင်” “ကျော်”နဲ့၊ ပြိုင်ယှဉ်မပေါ် “ခင်” “ဇော်” “မျိုး”ငဲ့ပြင်၊ ထင်ကျော်ဟိုး“နွဲ့” ရွှေ “ဖြူ”တို့ ဟူ၍ သူ၏ မြန်မာစာဂုဏ်ထူးတန်းသား ဆွေသဟာတို့၏ အမည်များကို ထည့်သွင်းဖွဲ့ဆိုထားပါသည်။ သန်းမှာ ဒေါ်မြမြသန်း (မြန်စာဂုဏ်မြမြသန်း)၊ မြိုင်မှာ ဦးမြိုင်သန့်(မြန်စာဂုဏ် မြိုင်သန့်)၊ တင်မှာ ဦးစံတင်(မြန်စာဂုဏ်စံတင်)၊ ကျော်မှာ ကဗျာဖွဲ့သူ ဘိုးကျော်မြင့် (မြန်စာဂုဏ်ကျော်မြင့်)၊ ခင်မှာ ဒေါ်ခင်တုတ်(ဒေါ်လှမြတ်၊ မန္တလေးတက္ကသိုလ်)၊ ဇော်မှာ ဦးဘဇော်၊ မျိုးမှာ ဦးမျိုးဆွေ(မြန်စာဂုဏ်မျိုးဆွေ)၊ နွဲ့မှာ ဒေါ်ခင်မေနွဲ့(နွဲ့မေခင်)နှင့် ဖြူမှာ ဦးဘိုဖြူ(ယခု ဤလေးချိုး ကဗျာကို ရွတ်ဆိုသူ ဒေါက်တာထွန်းတင့်)တို့ဖြစ်ကြသည်။
မြန်မာ့အသံ သာဦးဖြစ်လာ
ဦးမြိုင်သန့်၊ ဒေါ်လှမြတ်၊ ဦးထွန်းတင့် အမည်များမှာ ပါမောက္ခဦးဧမောင်က ပြောင်း၍ မှည့်ပေးသောအမည် များဖြစ်သည်။ ထို့ပြင် ဒေါ်ခင်ရီမှ ဒေါ်သန်းဆွေသို့လည်း ကောင်း၊ မူလအမည်မှ ဦးရွှေသွင်သို့လည်းကောင်း မှည့်ပေး သည်မှာလည်း ဆရာ ဦးဧမောင်ပဲ ဖြစ်သည်။ အောက်တို ဘာလ ကျောင်းပိတ်ရက်ထဲမှာ ကျင်းပသည့် ကျွန်မတို့ လက်ထပ်ထိမ်းမြားပွဲတွင် ဆရာ ဦးရွှေသွင်သည် နေရပ် မော်လမြိုင်မှ တကူးတက ပြန်လာ၍ သတို့သားနှင့် သတို့ သမီးတို့ကိုယ်တိုင် ရေးစပ်ထားသော မင်္ဂလာပိုဒ်စုံရတုကို ရွတ်ဆိုပေးခဲ့ပါသည်။ လှမ်းစို့ညီညီကဗျာဖွဲ့သူ ဘိုးကျော်မြင့် ကတော့ ဘိုးမှ ဖိုးသို့ ပြောင်းကာ ဖိုးကျော်မြင့်ဖြစ်လာပါသည်။ ဖိုးကျော်မြင့်ကွယ်လွန်စဉ်က သူတို့ ငယ်ဆရာ ပန်းတနော် ဦးသန့်(ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း)က မောင်ဖိုးသာဦးဟု လိပ်မူစာရေးခဲ့သော သူ့အစ်ကို ဘိုးသာဦးမှာမူ ဘိုးလည်းမဖြစ်၊ ဖိုးလည်းမဖြစ်ဘဲ အလုပ် ဌာနအမည်နှင့်တွဲ၍ မြန်မာ့အသံ သာဦး ဖြစ်လာပါသည်။ ထိုနှစ် (၄၀) ပြည့်ပွဲတွင် သူ့တပည့် မောင်ခင်မင်(ဓနုဖြူ)၊ မမိုးမြေ၊ ခင်မြနွယ်၊ ဒေါက်တာသန်းသန်းနှင့် ခင် နှစ်ခင်တို့ ရေးသားသော “တစ်ခါတုန်းက တက္ကသိုလ်မှာ” စာအုပ်ငယ် လေး အမှတ်တရ ထုတ်ဝေ၍ ကွယ်လွန်သူ သူတို့ဆရာကို ရသစာစုံဖြင့် လွမ်းတထားကြပါသည်။
၁၉၇၃ ခုနှစ် ဧပြီလ၏ တစ်ခုသော သင်္ကြန်ရက်တွင် ဖြစ်သည်။ ရက်ဆက် အားလပ်ရက်များရသောကြောင့် ဖိုးကျော်မြင့်သည် အိမ်တွင် အေးအေးလူလူနေကာ ကလေး များနှင့် အချိန်ပေး နေပေးရင်းက အနီးတွင်ရှိနေသော ကျွန်မကို “မိမာ - မောင်တာနောဝတ္ထု ဖတ်ဖူးတယ်မဟုတ် လား၊ သူသေရင် အိုးတွေ ဘာတွေမခွဲနဲ့၊ သိပ်လည်း အယူ မသီးနဲ့” စကားအဆက်အစပ်မရှိ အမှတ်မထင်ပြောပါသည်။ ပြောပြီး အေးအေးဆေးဆေးပင် ကလေးများနှင့်ဆက်၍ ပြောလိုက်ကစားလိုက် လုပ်နေပါသည်။ ကျွန်မတို့ အိမ်ထောင်သက်တမ်းတစ်လျှောက် ထိုစကားမျိုး သူ တစ်ခါမျှ မပြောဖူးပါ။ ထိုစကားသည် ပုဗ္ဗနိမိတ်စကား ဆန်လွန်းလှစွာ ထိုစကားပြောပြီး၍မှ နှစ်လမပြည့်မီ အသက် ၃၉ နှစ် အရွယ်ကောင်းတုန်း၊ ဇွန်လ ၇ ရက်နေ့ တွင် သူသည် ဥပစ္ဆေဒကကံဖြင့် ရုတ်တရက်ကွယ်လွန် ခဲ့ရှာပါသည်။ လာမည့်နှစ်နှစ်ဆိုလျှင် အနှစ် ၅၀ ပြည့်တော့ မည်။ သူကွယ်လွန်စဉ်က သူ့ဆရာ ပန်းတနော် ဦးသန့်က “မောင်ဖိုးကျော်မြင့်သည် ဗုဒ္ဓဘာသာ မြန်မာအလွန် ပီသသော လူတော်လူကောင်းတစ်ယောက် ဖြစ်ပါသည်။ ရတနာသုံးပါးကို ဦးထိပ်ထားသူတစ်ဦးဖြစ်သည်သာမက ဆရာမိဘများကိုလည်း ထာဝစဉ်ရိုသေလေးစားသူ တစ်ဦးလည်းဖြစ်ပါသည်” ဟူ၍ ထင်မြင်ချက်ရေးပေး ခဲ့သည်။
ဖိုးကျော်မြင့်သည် တက္ကသိုလ်ကျောင်းသားဘဝတွင် Buddhism ကို ဘာသာတွဲတစ်ခုအဖြစ် ယူခဲ့ပြီး တက္ကသိုလ်ဆရာဖြစ်လာသောအခါတွင် လယ်တီ ဆရာ တော်၏ ဗောဓိပက္ခယဒီပနီ စသော ဗုဒ္ဓစာပေများကို ပို့ချခဲ့သူဖြစ်သည်။ သူသည် ဗုဒ္ဓဘာသာကို စစ်မှန်သော အယူဖြင့် ဓမ္မအသိရှိလာအောင် ဆည်းကပ်သူ၊ ဗုဒ္ဓဘာသာ ကောင်းတစ်ယောက်ဖြစ်လာအောင် ကျင့်ကြံနေထိုင်ခဲ့သူလည်းဖြစ်သည်။ စုပေါင်းရေး “ဖိုးကျော်မြင့်” စာအုပ်ထဲ က သားဖိုးနိုင်ဝင်း၏ ကဗျာစလေးဖြင့် ဤဆောင်းပါးကို အဆုံးသတ်ပါသည်။
ဖေဖေ လူကောင်း၊ ဆုမတောင်းလည်း
ဘုံကောင်းရောက်မည် ယုံကြည်သည်။ ။
မြန်မာစာဂုဏ်ထူးတန်းသား ဆွေသဟာများသို့
အမှတ်တရလက်ဆောင်မွန်
“လှမ်းစို့ညီညာ”
စာညွှန်း-
ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်
(၁) ကြေးမုံသတင်းစာ - ၁၉၇၀ ဖေဖော်ဝါရီလ ၁၂၊ ၁၄၊ ၁၅ ရက်။
(၂) လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ- ၁၉၇၀ ဖေဖော်ဝါရီလ ၁၂၊ ၁၄၊ ၁၅ ရက်။
- Log in to post comments