ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး 2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

Image not available
 
 
နေပြည်တော် ဇန်နဝါရီ ၂၄
 
 
2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄)၊ နေပြည်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်သည်။
 
 
ကုသမှုခံယူခြင်းတို့ ဆောင်ရွက်နိုင်ရေးကြိုတင်စီစဉ်ထားရှိ
 
အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (surveillance) နှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် အခြားနိုင်ငံများ၌ ရောဂါဖြစ်ပွားမှုအခြေအနေများနှင့် အဆိုပါ ဖြစ်ပွားမှုများအပေါ် သုံးသပ်ချက်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အဆိုပါရောဂါ နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာခဲ့သည့် အချက်များ၊ ဇန်နဝါရီ ၅ ရက်မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် အဆုတ်ရောင် ရောဂါနှင့်ပတ်သက်၍ နိုင်ငံတကာလေဆိပ်၊ ရေဆိပ်များနှင့် နယ်စပ်ဝင် ထွက် ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် စတင်ဆောင်ရွက်နေမှု၊ ဇန်နဝါရီ ၆ ရက်မှစတင်၍ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ကြိုတင်ပြင်ဆင် ထားရှိမှု၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များအပါအဝင် နယ်စပ်ဝင်ထွက်ပေါက် များတွင်လည်း လိုအပ်သည့် Thermal Scanner များ ဖြည့်တင်းထားရှိမှု၊ ဇန်နဝါရီ ၈ ရက်တွင် 2019 Novel Coronavirus (2019- nCoV) အဆုတ်ရောင် ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့မှု၊ Pneumonia Surveillance အတွက် သံသယလူနာတွေ့ရှိပါက တုံ့ပြန် ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း(Standard Operating Procedures- SOP) များကို ရေးဆွဲဖြန့်ဝေထားရှိမှုများ၊ သံသယလူနာတွေ့ရှိပါက လုပ်ငန်း လမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ဆေးရုံသို့ စနစ်တကျ လွှဲပြောင်းကာ သီးခြားလူနာခန်းတွင် ရောဂါစစ်ဆေးအတည်ပြုခြင်းနှင့် ကုသမှုခံယူခြင်းတို့ ဆောင်ရွက်နိုင်ရေး ကြိုတင်စီစဉ်ထားရှိမှု၊ ပြည်သူများထံ ရောဂါနှင့်ပတ်သက်၍ နောက်ဆုံးရသတင်းများနှင့် ရောဂါကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အချက်များကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှု ကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဖြန့်ဝေထားရှိမှုတို့ကိုလည်းကောင်း။
 
 
ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇင်မာစိုးက ရောဂါကာကွယ်ကုသရေးနှင့်ပတ်သက်၍ ရောဂါကုထုံးလမ်းညွှန် (Clinical Management Guideline) များ ရေးဆွဲဖြန့်ဝေထားရှိမှု၊ သံသယလူနာများနှင့် ရောဂါအတည်ပြုလူနာများအတွက် သီးခြားလူနာခန်းများကို ဝေဘာဂီအထူးကု ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော်(ခုတင်-၁၀၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတို့တွင် ပြင်ဆင်ထားရှိမှု၊ ယခင်ကူးစက်ရောဂါပြန့်ပွား ကူးစက်မှုဖြစ်စဉ်များမှ အတွေ့အကြုံများကိုအခြေခံ၍ ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ထားရှိမှု၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်နှင့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ကြိုတင်ဖြည့်ဆည်းထားရှိမှုများကို လည်းကောင်း။
 
 
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ဥမ္မာဆွေတင်က ဓာတ်ခွဲစစ်ဆေးခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဓာတ်ခွဲခန်း (Lab Facilities) များကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းလမ်းညွှန် များ ရေးဆွဲဖြန့်ဝေထားရှိမှု၊ သံသယလူနာများတွေ့ရှိပါက ရောဂါဓာတ်ခွဲ စစ်ဆေးအတည်ပြုနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာတို့ကို ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း။
 
 
ရောဂါကူးစက်ပြန့်ပွားမှုမရှိရေး အသိပညာများဖြန့်ဝေရန် ဆောင်ရွက်ထား
 
ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး(တာဝန်) ဒေါက်တာ သန်းနိုင်စိုးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် ဓာတ်ခွဲ အတည်ပြုနိုင်ခြင်းမရှိသေးသော Viral Pneumonia ရောဂါတစ်မျိုး ဖြစ်ပွား နေမှုသတင်းများရရှိပြီး ပြည်သူလူထုအား ကျန်းမာရေးအသိပညာပေးခြင်း အဖြစ် ဆောင်းရာသီကာလ အသက်ရှူလမ်းကြောင်းရောဂါများဆိုင်ရာ ကျန်းမာရေး အသိပေးနှိုးဆော်ချက်ကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ နှင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ထုတ်ပြန်ထားရှိမှု၊ ခရီးသွားများ အတွက် ကျန်းမာရေးအကြံပြုချက် (Health Advisory for Traveler) ကို အပြည်ပြည်ဆိုင်ရာလေဆိပ်များရှိ Arrival Hall များ၏ LED Board များတွင် မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် ပြသထားရှိမှု၊ ပြည်သူများထံ ရောဂါ ကာကွယ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးအသိပညာ များ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေသွားနိုင်ရန် ဆောင်ရွက်ထားရှိသည့် အစီအစဉ်များကိုလည်းကောင်း။
 
 
ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ အပူပိုင်းနှင့် ကူးစက်ရောဂါပညာဌာနမှ ပါမောက္ခ ဒေါက်တာစံပယ်ဖြူက ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ယခင် ကူးစက်ရောဂါ ပြန့်ပွားကူးစက်မှု ဖြစ်စဉ်များမှ အတွေ့အကြုံများကို အခြေခံ၍ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ထားရှိမှု၊ သံသယလူနာများ လွှဲပြောင်းပို့ဆောင်လာပါက စနစ်တကျ လက်ခံနိုင်ရန် ပြင်ဆင်ထားရှိမှု၊ လူနာများ သီးခြားထားရှိ ကုသမှုပေးနိုင်ရန် သီးခြားခန်းများ၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများ၊ ကုသမှုပေးသူများအတွက် ရောဂါကူးစက်မှု မရှိရန် (personal protective equipment) များ ပြင်ဆင်ထားရှိမှုများကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
 
 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဤကဲ့သို့ ရောဂါကြိုတင် ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားရှိမှုများသည် ကောင်းမွန်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အထူး ကြပ်မတ်အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရောဂါဖြစ်ပွားသည့် နိုင်ငံများမှ လာရောက်သည့် ခရီးသည်များအား နယ်စပ်ဝင်ပေါက်များနှင့် လေဆိပ်များတွင် ရောဂါလက္ခဏာများ စောင့်ကြပ်ကြည့်ရှုစဉ်က ရောဂါ လက္ခဏာများ ပြသခြင်းမရှိသော်လည်း ၎င်းတို့၏ နေထိုင်သွားလာမှု အချက် အလက်များကို စနစ်တကျ မှတ်တမ်းရယူထားရှိကာ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပါကြောင်း။
 
 
ရောဂါကာကွယ်နှိမ်နင်းရေးနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း ဆောင်ရွက်ရမည်
သံသယလူနာများကို သီးခြားလူနာခန်းတွင်ထားရှိ၍ ရောဂါအတည်ပြု ခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို လုပ်ငန်းလမ်းညွှန်နှင့် စံလုပ်ထုံးလုပ်နည်း များနှင့်အညီ တင်းကျပ်စွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းလမ်းညွှန် များ၊ စံလုပ်ထုံးလုပ်နည်းများကို ဝန်ကြီးဌာနရှိ ဆေးရုံများထံ ဖြန့်ဝေခြင်း သာမက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများထံသို့ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ပုဂ္ဂလိကဆရာဝန်များအဖွဲ့မှတစ်ဆင့် ဖြန့်ဝေသွားရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ရောဂါကာကွယ် နှိမ်နင်းရေးနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ စီမံခန့်ခွဲရေးနှင့် ဓာတ်ခွဲပညာရှင်များက အကြံပြုဆွေးနွေးမှုများနှင့် အကြံပြုချက်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
 
 
သတင်းစဉ်