
နေပြည်တော် ဇန်နဝါရီ ၁၉
ကိုးကန့်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်)က ကြီးမှူးကျင်းပသည့် ပထမအကြိမ် ကိုးကန့် မိသားစု တိုင်းရင်းသားရိုးရာပျော်ပွဲရွှင်ပွဲနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန် တိုင်းဒေသကြီးရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။
နေ့ထူးနေ့မြတ်အခမ်းအနားများ ပံ့ပိုးကူညီမှုပေး
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က တိုင်းရင်းသားများတွေ့ဆုံပွဲ၊ အမျိုးသားနေ့အခမ်းအနား၊ နှစ်သစ်ကူးအခမ်းအနားများကျင်းပရခြင်းသည် အနှစ်သာရ အားဖြင့် တိုင်းရင်းသားတို့၏ ဘာသာစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများ ထိန်းသိမ်းနိုင် ရေးအတွက်ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများပြုလုပ် ကြသည့် နေ့ထူးနေ့မြတ်အခမ်းအနားများကို အားပေးမှုများ ပြုလုပ်ပေးနေပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့က ပံ့ပိုးကူညီမှုများကိုလည်း ယခင်ထက်ပိုမိုဆောင်ရွက်ပေးနေပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာ ထိန်းသိမ်းစောင့်ရှောက်ရေးကို ဆောင်ရွက်ပေးနေသကဲ့သို့ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးကိုလည်း (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ အားသွန်ခွန်စိုက် အကောင်အထည်ဖော် နေပါကြောင်း။
ရိုးရာယဉ်ကျေးမှုပွဲတော်များ ကျင်းပနိုင်ရေး
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကို မိမိတို့ဝန်ကြီးဌာနက တာဝန်ခံ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ စိတ်ဝင်တစား အပန်းဖြေနိုင်ရန်နှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို လေ့လာသိရှိနိုင်ရန် ဆောင်ရွက်ပေးနေပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပွဲတော်များ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကိုးကန့်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း (ရန်ကုန်)မှ ကိုယ်စားလှယ်တစ်ဦးက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဂုဏ်ပြုဆုငွေများပေးအပ်
ယင်းနောက် ကိုးကန့်တိုင်းရင်းသား တိုင်းရင်းသူများ က ကိုးကန့်တိုင်းရင်းသားရိုးရာအက၊ တာကောအက၊ တာပေါင်ပန်းပေါက်ပွဲ ရိုးရာဓလေ့နှင့် တောင်ပေါ်ရိုးရာ သီချင်းတို့ဖြင့် လည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ယဉ်ကျေးမှုအဖွဲ့က “သွေးချင်းတို့ဌာနေ မြန်မာပြည်သီချင်း” နှင့် “ထာဝရမြန်မာတေးသီချင်း”တို့ ဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က ကိုးကန့်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
တိုင်းရင်းသားလူမျိုးစုပေါင်းစုံပါဝင်လာနိုင်ရေး
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ကို စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် ဇွန် ၆ ရက်မှစ၍ လွှဲပြောင်းလက်ခံခဲ့ပြီး မူလရည်မှန်းချက် အတိုင်း ယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်နိုင်ရန်နှင့် တိုင်းရင်းသားလူမျိုးစုပေါင်းစုံ ပါဝင်လာနိုင်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ထင်ရှား ပေါ်လွင်စွာ လေ့လာနိုင်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုကိန်းအောင်းခိုင်မာလာစေကာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပိုမိုဖြစ်ထွန်းလာစေရေးအတွက် တိုင်းရင်းသား လူမျိုးများ၏ ပွဲတော်များကို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ကျင်းပလျက်ရှိသည်။
ထို့အပြင် မိဘပြည်သူများ အပန်းဖြေနိုင်ရန် အပတ်စဉ် ဖျော်ဖြေရေးအစီအစဉ်များတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ ရိုးရာယဉ်ကျေးမှု ဖျော်ဖြေ တင်ဆက်မှုအပါအဝင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ပူးပေါင်းဖျော်ဖြေတင်ဆက်မှုတို့ဖြင့် တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။
“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀” ကြိုတင်ပြင်ဆင်
ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀” ကျင်းပမည့် ကျိုက္ကဆံ ကွင်း၌ ပွဲတော်ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆက်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်တို့က ရှင်းလင်းတင်ပြ ကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက “သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀”ကို ယခင်နှစ်ကထက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ ဝန်ကြီးဌာနများ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် မှာကြားသည်။
ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်ကြီး
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကယားပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားမှု ဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းနှင့် ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တို့က ဦးဆောင်ကျင်းပမည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်ကြီးဖြစ်သော “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၀” ကို ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်