
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပသည့် ဆဋ္ဌမအကြိမ် မြန်မာ-အီးယူ လူ့အခွင့်အရေးဆွေးနွေးပွဲသို့ တက်ရောက်
================================================================================
နေပြည်တော် အောက်တိုဘာ ၁၄
ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အီးယူ လူ့အခွင့်အရေး ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲ၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ယခင် အိုင်ယာလန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ဥရောပသမဂ္ဂ၏ လူ့အခွင့် အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြသည်။
တက်ရောက်
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာဘက်မှ အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ အီးယူဘက်မှ မြန်မာနိုင်ငံဆိုင်ရာ အီးယူ ကိုယ်စားလှယ်အဖွဲ့ရုံးအကြီးအကဲ Mr. Ranieri Sabatucci ၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး Mr. Alessandra Schiavo ၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန် သံအမတ်ကြီး Ms. Riikka Laatu ၊ အဆင့်မြင့်အရာရှိကြီးများ နှင့် ရန်ကုန်မြို့ရှိ အီးယူအဖွဲ့ဝင်နိုင်ငံ သံရုံးအချို့တို့မှ သံတမန်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှုကာလ စိန်ခေါ်မှုများ၊ ရခိုင်ပြည်နယ်ရှိ အခြေအနေများ၊ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်မှု တိုးတက်မှု အခြေအနေ၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီး၊ ကလေး သူငယ်နှင့် မသန်စွမ်းသူများ၏ အခွင့်အရေး၊ စီးပွားရေး နှင့် လူမှုရေးအခွင့်အရေးများ၊ လွတ်လပ်စွာ ထုတ်ဖော်ပြော ကြားခွင့်၊ အမုန်း တရားလှုံ့ဆော်မှုများ ကာကွယ်တားဆီးရေး တို့အပါအဝင် အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်ရရှိရေး၊ နိုင်ငံတကာမျက်နှာစာတွင် လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စသည့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ် များနှင့် ရွှေ့ပြောင်းသွားလာမှုနှင့် နိုင်ငံရေးခိုလှုံခွင့် အပါ အဝင် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရာတွင် အီးယူ ၏ အတွေ့အကြုံများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
ထို့ပြင် မြန်မာနှင့် ဥရောပသမဂ္ဂကုန်သွယ်မှုအခွင့် အရေး စိစစ်လေ့လာရေးအဖွဲ့တို့အကြား စေ့စပ်ညှိနှိုင်းနေမှု အပေါ် တိုးတက်မှုများကို ဆွေးနွေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရွက် မှုများနှင့်စပ်လျဉ်း၍ အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်း များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်