
ရန်ကုန် ဩဂုတ် ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရုရှားသံရုံးမှ ယဉ်ကျေးမှု သံမှူးနှင့် အဖွဲ့ဝင်တို့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယိုအေ၌ကျင်းပသည့် Friday Night Show အစီအစဉ်တွင် MRTV Orchestra တီးဝိုင်း၏ “International Songs” ဖျော်ဖြေရေးအစီအစဉ်ကိုကြည့်ရှုအားပေးကြသည်။ (အပေါ်ပုံ)
ကြိုဆိုနှုတ်ဆက်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ယဉ်ကျေးမှု သံမှူး Ms. Anastasia Solovieva နှင့် အဖွဲ့ဝင်တို့ကို ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံး ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တေးသံရှင်များက ကြိုဆိုနှုတ်ဆက် ကြသည်။
ဖျော်ဖြေတင်ဆက်
ထို့နောက် ဖျော်ဖြေရေးအစီအစဉ်တွင် မြန်မာ၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အင်္ဂလန်နိုင်ငံ တို့မှ တေးသီချင်းများဖြင့် တေးသံရှင် ထက်လေး ရွှေဘို၊ မြင့်မြတ်ကျော်၊ မင်းမြတ်သော်၊ လဝန်းမေ၊ မို့မို့ကျော်လွင်၊ ထွန်းပပအောင်၊ မြင့်မိုရ်သွန်းခ၊ စိမ့်နေခြည်နှင့် John Skid တို့က မြူးကြွသော သီဆိုမှုတို့နှင့်အတူ ဖူးပွင့်ရွှေရည်လှိုင်၊ သဉ္စာမွန်၊ ယွန်းဝတီအောင်နှင့် ချောစုတို့က တေးသရုပ်ဆောင် တို့၏ ဖျော်ဖြေမှုတို့ဖြင့် တင်ဆက်ခဲ့ကြသည်။
ပေးအပ်ချီးမြှင့်
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Ms. Anastasia Solovieva နှင့်အဖွဲ့ဝင်တို့က ဖျော်ဖြေရေး အစီအစဉ်တွင် သီဆို၊ တီးမှုတ် ဖျော်ဖြေခဲ့ကြသည့် MRTV Orchestra တီးဝိုင်းနှင့် တေးသံရှင်တို့ကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ နိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ယဉ်ကျေးမှု သံမှူး Ms. Anastasia Solovieva နှင့် အဖွဲ့ဝင်တို့ကို အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူးနှင့် အဖွဲ့ဝင်တို့သည် MRTV Orchestra တီးဝိုင်းနှင့် တေးသံရှင်တို့ကို လိုက်လံနှုတ်ဆက်ကြပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကြသည်။
ထုတ်လွှင့်ပြသခဲ့
အများပြည်သူ ပြုံးပျော်ရွှင်စေရန်နှင့် နှလုံး စိတ်ဝမ်းအေးချမ်းစေရန် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ Friday Night Show အစီအစဉ်များကို အပတ်စဉ် သောကြာနေ့ ည ၉ နာရီတွင် မြန်မာသံစဉ်၊ ခေတ်ပေါ်တေးသီချင်း၊ နိုင်ငံတကာတေးသီချင်းနှင့် အာဆီယံနိုင်ငံများမှ တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ပေးလျက်ရှိရာ ယနေ့ညတွင် Friday Night Show အစီအစဉ်၏ “International Songs” ဖျော်ဖြေ ရေးအစီအစဉ်ကို ပြည်သူများ အားပါးတရ ကြည့်ရှု ခံစားနိုင်ရန် MRTV HD၊ MRTV Telegram ၊ MRTV Application တို့အပြင် ဆိုရှယ်မီဒီယာအွန်လိုင်း ပလက် ဖောင်းတို့တွင်လည်း ထုတ်လွှင့်ပြသခဲ့ပြီး လာရောက် ကြည့်ရှုကြသည့် ပရိသတ်များကလည်း တစ်ခဲနက် အားပေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်