ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

==================================================================================================================

 

နေပြည်တော် အောက်တိုဘာ ၈

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လူမှု ဖူလုံရေး အကျုံးဝင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း ဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်းများအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ခွင့်ပြုထုတ်ပေး နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ အလုပ် သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ နှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

တက်ရောက်

 

ဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယ ဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ မှ တာဝန်ရှိသူများ၊ အလုပ်သမားအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက် သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်းတွင် ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုအလုပ်ဌာနပေါင်း ၆၄၂၉ ဌာနရှိပြီး အာမခံအလုပ်သမား ၈၀၀၂၆၀ အတွက် ခွင့်ပြုထုတ်ပေးငွေကျပ်သန်းပေါင်း ၁၉၆၄၀ ဒသမ ၆၃၆ ကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် အလုပ်ဌာနများကို လည်း အချက်အလက်များစိစစ်ပြီး ဆက်လက် ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း။

 

စိစစ်ထုတ်ပေးမည်

 

ကိုဗစ်-၁၉ ကပ်ရောဂါ ထပ်မံဖြစ်ပွားခဲ့ သည့် ဒုတိယလှိုင်းတွင် ရောဂါကူးစက်မှုများပြား လာသည့်အတွက် Stay at Home အစီ အစဉ်ဖြင့် အကျုံးဝင်သည့် အလုပ်ဌာနများရှိ အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေး ထောက်ပံ့ငွေ ရာခိုင်နှုန်း ခွင့်ပြုနိုင်ရေးအတွက် စက်တင်ဘာ ၂၄ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ်(၁၉၆/၂၀၂၀)အရ ဒုတိယအကြိမ် လူမှု ဖူလုံရေးထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်း ထောက်ပံ့ ပေးမှုအနေဖြင့် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ Online Web portal မှ လျှောက်ထားသည့် အလုပ်ဌာန ၁၈၃၂ ဌာနရှိပြီး ခွင့်ပြုခဲ့သည့် အလုပ် ဌာန ၃၁၃ ဌာနနှင့် အာမခံအလုပ်သမား ၃၃၈၀၂ ဦး အတွက် ခွင့်ပြုထုတ်ပေးငွေကျပ် သန်းပေါင်း ၂၃၆၂၇၃၃ ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်ရှိသည့် ဌာနများကိုလည်း အမြန်ဆုံးစိစစ်၍ ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း။

 

စနစ်နှစ်မျိုးဖြင့် ထုတ်ယူ

 

လူမှုဖူလုံရေးအဖွဲ့၏ မကျန်းမာမှုအကျိုး ခံစားခွင့် ၆၀ ရာခိုင်နှုန်းအနေဖြင့် Quarantine ဝင်ရောက်သူ အလုပ်သမားများ၊ ပိုးတွေ့ လူနာများ၊ ဆေးရုံတက်ရောက်ရသူများ၊ ကိုယ်ဝန်ဆောင်မိခင်များသို့ ဥပဒေနှင့်အညီထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထောက်ပံ့ငွေများ ထုတ်ပေးရာတွင် အင်အားများသည့် စက်ရုံ၊ အလုပ်ရုံများအတွက် ရုံးချုပ်မှ သက်ဆိုင်ရာ နယ်မြေ မြို့နယ်ရုံးသို့ ငွေလွှဲပေးပို့ပြီး ချက်လက်မှတ်အား စက်ရုံအလုပ်ရုံသို့ တိုက်ရိုက် ပေးပို့ဆောင်ရွက်ခြင်းနှင့် အင်အားနည်းပါး သည့် စက်ရုံအလုပ်ရုံများအတွက် အွန်လိုင်းမှ ပေးပို့ခြင်းစသည့် စနစ် နှစ်မျိုးဖြင့် အမြန်ဆုံး ထုတ်ယူရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း။

 

ဆက်လက်ပူးပေါင်းမည်

 

မိမိအနေဖြင့် UMFCCI ဥက္ကဋ္ဌ၊ တာဝန်ရှိသူ များနှင့် လုပ်ငန်းရှင်များအားလုံးအား ပူးပေါင်း ဆောင်ရွက်မှုကို အသိအမှတ်ပြုကျေးဇူးတင် ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၍ အောင်မြင်စွာတွန်းလှန် နိုင်ရေး၊ စီးပွားရေးရှင်သန်ရေးနှင့် တစ်ပြိုင်နက် တည်းတွင် အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းများဆုံးရှုံးမှုမရှိစေရန် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုတင်ပြချက် များကိုလည်း အထက်အကြီးအကဲများနှင့် ဗဟို ကော်မတီသို့ အလေးထားတင်ပြသွားမည်ဖြစ် ကြောင်း၊ ကျန်းမာရေးကဏ္ဍနှင့် ယှဉ်တွဲ၍ စီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ် နိုင်ရန် အနီးကပ်ကြီးကြပ်နေကြသော တိုင်း ဒေသကြီးနှင့် ပြည်နယ်များ၏ ထောက်ခံချက် မှာလည်း အရေးပါကြောင်း၊ ကိုဗစ်-၁၉ အလွန် ကာလတွင် စီးပွားရေးပြန်လည်နိုးထနိုင်ရေးအတွက် စီမံချက်များ ဦးစားပေးကဏ္ဍများ သတ်မှတ်နိုင်ရန် ညှိနှိုင်းရေးဆွဲနေမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး အလုပ်သမားအင်အား ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အဆက်အသွယ်ကောင်းများရှိ၍ စဉ်းစားတွေးခေါ်မှုကောင်းကြသူများဖြစ်၍ အနာဂတ်ကာလ အတွက် လိုအပ်လာမည့် မိမိတို့အလုပ်သမား များအား ကျွမ်းကျင်မှုများကို ယခုကပင် ဖြည့်ဆည်းသင်ကြားပေးရန် စီစဉ်ထားလျက် ရှိပြီး လုပ်ငန်းရှင်များနှင့်လည်း ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် တင်ပြသည့်လုပ်ခလစာနှင့် ထောက်ပံ့ငွေများ အမြန်ဆုံးရရှိရေး၊ လုပ်ငန်း များ အမြန်ပြန်လည် လည်ပတ်ရေးနှင့် အလုပ်ရှင် နှင့် အလုပ်သမားများဘက်မှ ကြုံတွေ့နေရ သည့် အခက်အခဲများ၊ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

 

သတင်းစဉ်