ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများအနက် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်း ဆောင်ရွက်

 
 
နေပြည်တော် ဇန်နဝါရီ ၁၃
 
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအနက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီး သူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည်။
 
အခမ်းအနားသို့ နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
အမျိုးအစားလေးမျိုး
 
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာ နိုင်ငံတွင် နိုင်ငံခြားသားများအား ကျွမ်းကျင် ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသား ဟောင်းနှင့် ယင်းတို့နှင့် သွေးချင်းဆက်စပ်သူ များဟူ၍ အမျိုးအစားလေးမျိုး ခွဲခြားသတ်မှတ် ကာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (Permanent Residence System) ကျင့်သုံး ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ လျှောက်ထားသူများကို ထုတ်ပြန် ပြဋ္ဌာန်းထားသည့် နည်းဥပဒေနှင့်အညီဖြစ်စေ ရေးအတွက် လုပ်ငန်းကော်မတီ၊ ဗဟိုကော်မတီ တို့မှ အဆင့်ဆင့်စိစစ်ရွေးချယ်ကာ လူတွေ့ မေးမြန်းအကဲဖြတ်၍ အဆင့်ဆင့်အတည်ပြုပြီး အမြဲနေထိုင်ခွင့် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊ ယခုလူတွေ့စစ်ဆေးခြင်းကို လုပ်ငန်းကော်မတီ နှင့် ဗဟိုကော်မတီတို့မှ အဆင့်ဆင့်စိစစ်ပြီး ဖြစ်သည့် အမြဲနေထိုင်ခွင့်လျှောက်ထားသူ ၁၈ ဦးကို လူကိုယ်တိုင် တွေ့ဆုံမေးမြန်းအကဲဖြတ် ကာ အမြဲနေထိုင်ရန် ခွင့်ပြုသင့်၊ မပြုသင့်ကို ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကဲဖြတ် အကြံပြုဆွေးနွေးပေးကြရန် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
 
ရှင်းလင်းတင်ပြ
 
ထို့နောက် အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအတွင်းရေးမှူးကိုယ်စား လုပ်ငန်း တာဝန်ခံက နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားမှုနှင့် ဗဟိုကော်မတီမှစိစစ်ပြီးသူ များအား လူတွေ့မေးမြန်းအကဲဖြတ်ဆောင်ရွက် မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဗဟို ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ကော်မတီဝင်များသည် လူတွေ့အကဲဖြတ်ခံရ မည့် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက် ထားသူများကို တစ်ဦးချင်းတွေ့ဆုံ၍ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ၊ ပြဋ္ဌာန်းထား သည့် နည်းဥပဒေများအပေါ် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအခြေအနေများကို မေးမြန်း ဆွေးနွေးကာ အကဲဖြတ်အတည်ပြုဆုံးဖြတ် ကြသည်။
 
၅၉၁ ဦး ခွင့်ပြုပေးခဲ့
 
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေ ထိုင်ခွင့်ပြုခြင်းဆိုင်ရာ လုပ်ငန်းစတင်ဆောင် ရွက်သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ ယခု အထိ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက် ထားသူစုစုပေါင်း ၆၄၈ ဦးရှိသည့်အနက် ၅၉၁ ဦးကို ခွင့်ပြုပေးခဲ့ပြီး နိုင်ငံခြားသားအမြဲနေ ထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေး ဆောင်ရွက်လျက်ရှိသည်။
ယနေ့တွင် ဗဟိုကော်မတီမှ စိစစ် အတည်ပြုပြီးသူများအနက် ရင်းနှီးမြှုပ်နှံသူ တစ်ဦး၊ မြန်မာနိုင်ငံသားဟောင်း ၁၃ ဦး၊ ယင်းတို့နှင့်ဆက်စပ်သူ နိုင်ငံခြားသား လေးဦး စုစုပေါင်း နိုင်ငံခြားသား ၁၈ ဦးကို လူတွေ့ မေးမြန်းအကဲဖြတ် အတည်ပြုဆောင်ရွက် မည်ဖြစ်ပြီး အတည်ပြုပြီးပါက အထက် အဆင့်ဆင့်သို့တင်ပြ၍ နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
 
သတင်းစဉ်