
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဖလမ်းမြို့ ဆူရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
=================================================
နေပြည်တော် ဇန်နဝါရီ ၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်သည် ချင်းပြည်နယ် ဖလမ်းမြို့၌တည်ဆောက်လျက်ရှိသည့် ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများကို ဒီဇင်ဘာ ၂၉ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဆူရ်ဘုန်လေဆိပ်တည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်တွင် စီမံကိန်းတာဝန်ခံ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်စိုးက ဆူရ်ဘုန်လေဆိပ်တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ပါဝါပွိုင့်ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည့် လုပ်ငန်းညှိနှိုင်းဖြည့်ဆည်းမှုများနှင့် ချင်း ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်း များကို ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့်အတူ လေဆိပ် တည်ဆောက်ရေးလုပ်ငန်းခွင် ပေ ၆၀ အမြင့်ရှိ လေကြောင်း ထိန်းမျှော်စင်နှင့်တွဲလျက် တည်ဆောက်ထားသည့် မီးသတ် အဆောက်အဦ၊ DVOR အတွက် Structure Foundation လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ် တည်ဆောက်ခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် လေယာဉ်ကွင်း ၆၉ ကွင်း ရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုနှင့် ပြည်တွင်းလေဆိပ် ၃၁ ခုအား လက်ရှိအသုံးပြုနေပြီး တောင်တန်းထူထပ်၍ သွားလာရခက်ခဲသော ချင်းပြည်နယ်ဒေသဖွံ့ဖြိုးရေး အတွက် လေဆိပ်တစ်ခု တည်ဆောက်သွားရန်ဖြစ်သည်။
လေယာဉ်ကွင်းမရှိသေးသည့် ချင်းပြည်နယ်တွင် ယခုဆောင်ရွက်လျက်ရှိသည့် ဆူရ်ဘုန်လေဆိပ်သစ် တည်ဆောက်ပြီးစီးပါက ချင်းပြည်နယ်၏ လေကြောင်း ဝင်ပေါက် (Gateway of Chin State) အဖြစ် ဖွံ့ဖြိုးတိုးတက် လာပြီး ပြည်တွင်း / ပြည်ပ ခရီးသွားဧည့်သည်များ ချင်း ပြည်နယ်သို့ အချိန်တိုတိုအတွင်း လာရောက်လည်ပတ်နိုင်ပြီး ချင်းပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ ချင်းပြည် နယ်မှ မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားသို့ လွယ်ကူလျင်မြန် စွာ သွားလာနိုင်ရန်ဖြစ်သည်။
ဖလမ်းလေဆိပ်သည် ချင်းပြည်နယ်၏ အလယ်ပိုင်း တွင်တည်ရှိပြီး ဖလမ်းလေဆိပ်မှ ဖလမ်းမြို့၊ လုံပီးတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ရိဒ်ရေကန် စသည့် ချင်းပြည် နယ်ရှိမြို့များမှ ဖလမ်းလေဆိပ်နှင့်ချိတ်ဆက်၍ မြန်မာနိုင်ငံ တစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်လေဆိပ်များသို့ အချိန် တိုအတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်ရန်တို့ဖြစ်သည်။
ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ် တည်ဆောက်ရေး စီမံကိန်းကို နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက် နှင့်အညီ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လုပ်ငန်းများပြီးစီး၍ ATR-72 လေယာဉ်များ ဆင်း/တက် အသုံးပြုနိုင်ရေး အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ် မှုဖြင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
သတင်းစဉ်