ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော်  ဇန်နဝါရီ  ၃


ပြည့်တန်ဆာအဖြစ်   အဓမ္မခိုင်းစေကာ အကျိုးအမြတ်  ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ           ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ မချောစုနှင့် မသဲအိဖြူ (ခ)သဲစုတို့က လှိုင်သာယာမြို့နယ်နေ မ xxx၊ ၁၃ နှစ်ကို ခြိမ်းခြောက်၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ် ခေါင်းပုံဖြတ် ရယူခဲ့သဖြင့် သောင်ကြီးနယ်မြေရဲစခန်း (ပ)၈/ ၂၀၁၉၊ လူကုန်ကူးမှု  တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၃၂ဖြင့်  အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ ခဲ့ရာ ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံ မချောစု နှင့်  မသဲအိဖြူ (ခ)သဲစုတို့ကို    လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄  အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ  ချမှတ်ခဲ့ ကြောင်းသိရသည်။


ထို့အတူ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ် မြောင်းတကာကျေးရွာနေ ဒေါ်မြမြ သန်းက ၎င်းအလှပြင်ဆိုင်တွင် အလုပ်လုပ်ကိုင် နေသော မ xxx ၊ ၁၅ နှစ်ကို ခြိမ်းခြောက်၍ မှော်ဘီမြို့ မြောင်းတကာစက်မှုဇုန်နေ တရုတ် နိုင်ငံသား ဝမ်ဆွင့်ဟုန်နှင့် ပြည့်တန်ဆာအဖြစ် ဆက်ဆံရန် အဓမ္မခိုင်းစေကာ အကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် မှော်ဘီမြို့မရဲစခန်း (ပ) ၅၇၇/ ၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ ခဲ့ရာ ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံ  ဒေါ်မြမြ သန်းကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


အလားတူ     ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ ခင်ခင်(ခ)အကြင်နာ က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့ နယ်နေ မ xxx ၊ ၂၃ နှစ်ကို အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်ရန်       စည်းရုံးပြောဆို၍  ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုး အမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၁၄၃၃/၂၀၁၉၊ လူကုန်ကူးမှု     တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံ ခင်ခင်(ခ) အကြင်နာကို လူကုန်ကူးမှု       တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄  အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်