ပြည်တွင်းစားသုံးဆီအတွက် ပြည်တွင်းမှာပင် စိုက်ပျိုးထုတ်လုပ်

 

မြန်မာနိုင်ငံတွင်      ဆီထွက်သီးနှံအမယ်    တော်တော်များများ စိုက်ပျိုးဖြစ်ထွန်းသည်။ မြန်မာတို့မှာ မိရိုးဖလာအရ မြေပဲဆီနှင့် နှမ်းဆီတို့ကို အဓိကထား စားသုံးခဲ့ကြပြီး နောက်ပိုင်းတွင် နေကြာ ဆီကိုလည်း နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲလာကြသည်။ သို့ရာတွင်  ပြည်တွင်းစားသုံးဆီထုတ်လုပ်နိုင်မှုထက် ပြည်တွင်းဆီစားသုံးမှုက များစွာပိုလာခြင်းနှင့် ပြည်တွင်းမှ ထုတ်လုပ်သည့်ဆီက ဈေးနှုန်း မြင့်လာခြင်းတို့ကြောင့် ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီ ကို    ပိုမိုစားသုံးလာခဲ့ကြရာမှ    ပြည်တွင်းဆီဈေးကွက်တွင် စားအုန်းဆီက  အဓိကနေရာကို   သိမ်းပိုက်လွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။

 


မိမိတို့နိုင်ငံတွင် ဆီကို ပြည်တွင်းစားသုံးမှု၊ စက်မှုလုပ်ငန်းသုံး နှင့် ဟိုတယ်ခရီးသွားလုပ်ငန်းသုံး အားလုံးပေါင်း နှစ်စဉ် ဆီတန် ချိန် ၁၁ သိန်းခန့် စားသုံးသည့်အနက် တန်ချိန် ၉ သိန်းကျော်ကို ပြည်ပမှ တင်သွင်းရသည်ဟုဆိုသည်။ ပြည်တွင်း၌ ဆီထွက်သီးနှံ များဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပိစပ်၊ ပဲပုပ်၊ ဆီအုန်းတို့ စိုက်ပျိုးထွက်ရှိသော်လည်း ပြည်တွင်းလိုအပ် ချက်နှင့် အဆများစွာ ကွာခြားနေခြင်းအတွက် အဖြေရှာရန်လိုအပ် ပြီး ရေရှည်တွင် ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့် ပြည်ပပို့ကုန် အဖြစ် ရောင်းချနိုင်ရေးအထိ ရည်မှန်းဆောင်ရွက်သွားရန် လိုအပ် သည်။ လက်ရှိအခြေအနေတွင် ဆီထွက်သီးနှံစိုက်ဧက တိုးချဲ့ရေး နှင့်   ပြည်ပမှ   စားသုံးဆီတင်သွင်းမှုကို   အကန့်အသတ်ဖြင့် တင်သွင်းရေးတို့ကို ပြည်ထောင်စုဝန်ကြီးဌာနနှစ်ခုတို့က ဆောင် ရွက်လျက်ရှိသည်ဟု  သိရသည်။  ပြည်ပမှ တင်သွင်းနေသည့်  စားအုန်းဆီဈေးနှုန်း   မကြုံစဖူးမြင့်မားလာခြင်းက   ပြည်ပဆီ တင်သွင်းမှု ကန့်သတ်ရန်နှင့် စားအုန်းဆီစားသုံးမှု လျှော့ချရန် တွန်းအားပေးနေသည့် အကြောင်းတစ်ရပ်လည်းဖြစ်နေသည်။

 


မြန်မာတို့ ဆီစားသုံးမှု များပြားခြင်းမှာ လွတ်လပ်‌ရေးမရမီ ကတည်းက ဖြစ်ပြီး ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်များက ပြည်တွင်းဆီစားသုံးမှု ပြည်ပမှ တင်သွင်းမှု လျှော့ချရေး ကြိုးပမ်း ခဲ့မှုများ မျက်မှောက်ခေတ်အထိ အောင်မြင်မှုမရသေး။ အဓိက အချက်မှာ ဟင်းလျာချက်ပြုတ်စားသုံးမှုပုံစံများ မပြောင်းနိုင်ခြင်း ကြောင့်ဖြစ်ပြီး ဆီကို မစားရမနေနိုင်၊ ဆီနည်းနည်းနှင့် မချက် ပြုတ်တတ်ခြင်းတို့ကြောင့်လည်း ကျန်းမာရေးနှင့် မညီညွတ်သည့် စားသုံးရန်မသင့်သည့် ဆီအညံ့၊ ဆီအတုများကိုပါ စားနေကြရ သည့် အခြေအနေသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။ “ကျွန်တော် တို့ ဗမာတွေက ဆီမရှိ မစားနိုင်ဘူးလို့ပြောတယ်။ ဆီမရှိမစားနိုင် တာကတော့ မှန်ပါတယ်။ သို့သော် ဒီဆီတွေဟာ ဘာအတွက် သုံးနေကြသလဲ။   ဗုံးပေါလအော  သုံးသလား၊  မသုံးဘူးလား။ ဈေးတွေသွားကြည့်စမ်း။ အိမ်တွေ သွားကြည့်ပါ။ ဗုံးပေါလအော သုံးသလား၊ မသုံးဘူးလား။ တခြားတိုင်းပြည်တွေ သွားကြည့်ပါ။ ဆီကို  ဒီလို  ဗုံးပေါလအော သုံးနိုင်သလား၊ မသုံးနိုင်ဘူးလား။ ခင်ဗျားတို့  ဆီတွေကို  ဗုံးပေါလအော သုံးနေတာ။

 

 ခင်ဗျားတို့   စိတ်ထဲမှာ  ဘာမှအရေးမကြီးဘူးလို့ ထင်တယ်။ အဲဒီလို ဗုံးပေါ  လအောသုံးတဲ့အတွက် .... နှစ်စဉ်နှစ်စဉ် ဆီတွေအမြောက်အမြား  သွင်းပြီး  နေရတယ်။  အဲဒါကြောင့် ခင်ဗျားတို့ ဈေးကြီးတယ်၊ ကြီးတယ်ဆိုတာ အကြောင်းပြချက်မှာ ခင်ဗျားတို့ ဗုံးပေါလအော သုံးနေလို့၊ ဒီဆီတွေကို တခြားနိုင်ငံက သွင်းနေရတဲ့အတွက်၊   အပိုသွင်းနေရတဲ့အတွက်     ဈေးကြီးတဲ့နေရာမှာ   အကြောင်း   တစ်ရပ်ဖြစ်ပါတယ်”  ဟူသော   အမှာစကားများ  ပါဝင်သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်က ပြောကြားခဲ့သည့် နောက်ဆုံး မိန့်ခွန်းသည်ပင် သက်တမ်း (၇၅) နှစ်ပြည့်မြောက် စိန်ရတုသို့ ရောက်ခဲ့ပြီ။

 


ပြည်တွင်း ဆီထုတ်လုပ်မှု ပိုမိုတိုးတက်လာအောင် ဆောင် ရွက်ခြင်းနှင့် ဆီသုံးစွဲမှု လျှော့ချ၍ ပြည်ပတင်သွင်းမှု ကန့်သတ် ခြင်းတို့ အောင်မြင်မှုရရှိသည်နှင့်အမျှ နိုင်ငံနှင့်ပြည်သူတို့အတွက် အကျိုးကျေးဇူး    ကြီးကြီးမားမား    ရရှိနိုင်သည်။       ပြည်ပသို့ ထွက်သွားရမည့်ငွေများ ပြည်တွင်းစားသုံးဆီ စိုက်ပျိုးမှု၊ ဆီကြိတ် ခွဲမှု၊ သယ်ယူပို့ဆောင်မှု၊ ရောင်းဝယ်မှု အစရှိသည့် ဆီဈေးကွက် အတွင်းရှိ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ဆီသို့ ရောက်ရှိလာ မည်ဖြစ်သည်။ ထို့အပြင် ဆက်စပ်လျက်ရှိသော မွေးမြူရေး အစား အစာထုတ်လုပ်မှုနှင့် သားငါးမွေးမြူထုတ်လုပ်မှု လုပ်ငန်းများအထိ အကျိုးဖြစ်ထွန်းစေသည့်အလျောက် ဆီထွက်သီးနှံပိုမိုထုတ်လုပ် နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရပါမည့်အကြောင်း။       ။