မြန်မာ့စီးပွားရေး၏ အဓိကမောင်းနှင်အားမှာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များပင်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စက်မှုဇုန် ပေါင်း ၆၀ ခန့်ရှိသည့်အနက် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်တွင် စက်မှုဇုန် ၂၉ ဇုန်ရှိသည်။ မြန်မာနိုင်ငံတွင် စက်မှု ဇုန်များ တည်ထောင်လုပ်ကိုင်လာခဲ့သည်မှာ နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အားကောင်းမောင်းသန် ဖြစ်လာစေရန်အတွက်မူ များစွာကြိုးပမ်းရဦးမည့်အခြေအနေ ဖြစ်သည်။
လွန်ခဲ့သည့် ငါးနှစ်ကျော်ခန့်က ကောက်ယူခဲ့သည့် စစ်တမ်းတစ်ရပ်အရ မြန်မာ့MSME များ ဖွံ့ဖြိုးတိုးတက်ရန် အဓိကလိုအပ်ချက်များမှာ ငွေကြေးအရင်းအနှီး၊ ကျွမ်းကျင် လုပ်သား၊ နည်းပညာပိုင်းဆိုင်ရာ၊ ကုန်ကြမ်း၊ သယ်ယူပို့ဆောင် မှု၊ စွမ်းအင်နှင့် ဝယ်လိုအားတို့ဖြစ်သည်ဟုဆိုသည်။ မြန်မာ နိုင်ငံတွင် MSME လုပ်ငန်းပေါင်း ၄၀၀၀၀ ကျော်ရှိနေရာ ကဏ္ဍအလိုက် ခွဲခြားပါက ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၃၉ ရာခိုင်နှုန်း၊ ကုန်သွယ်ရောင်းဝယ်မှုကဏ္ဍတွင် ၂၅ ရာခိုင်နှုန်း နှင့် ဝန်ဆောင်မှုကဏ္ဍတွင် ၁၆ ရာခိုင်နှုန်း ရှိနေသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍကို ကျန်ကဏ္ဍနှစ်ရပ်က အမှီသဟဲ ပြုနေသည့်အတွက် ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် လိုသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းထုတ်ကုန်များကို ဝယ်လိုအားမြင့်မားရန်၊ ဈေးကွက်ရရှိရန် လိုအပ်သည်။
ပြည်တွင်းထုတ်ကုန်များ ဝယ်လိုအားမြင့်မားရန် ဈေးကွက်ရရှိနိုင်ရန်မှာ စားသုံးသူများက ပြည်တွင်းမှ ထုတ်လုပ်သည့် လူသုံးအိမ်သုံးကုန်ပစ္စည်းများ၊ စားသောက် ကုန်၊ အဖျော်ယမကာများကိုသာ ဝယ်ယူသုံးစွဲအားပေး ကြရန်နှင့် လုပ်ငန်းရှင်များကလည်း မိမိတို့ထုတ်လုပ်သည့် ကုန်ပစ္စည်းများ၏ အရည်အသွေးကောင်းမွန်မှု၊ စားသုံးသူများ အကြိုက်ဆွဲဆောင်နိုင်မှု၊ ဝန်ဆောင်မှုကောင်းမွန်မှု၊ ဈေးကွက် ဆိုင်ရာ သုတေသန စဉ်ဆက်မပြတ် ပြုလုပ်မှုတို့ဖြင့် မိမိတို့ နှင့် အလားတူ ပြည်ပမှ သွင်းကုန်များကို ယှဉ်ပြိုင်နိုင်စွမ်းရှိရန် အားထုတ်ကြရမည်ဖြစ်သည်။ ပြည်တွင်းရှိ MSME လုပ်ငန်း များမှ စားသောက်ကုန်၊ အဝတ်အထည်၊ လူသုံးကုန်၊ အိမ်သုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ စာအုပ်နှင့် စာရေးကိရိယာ၊ လယ်ယာသုံး၊ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ စက်နှင့် စက်ကိရိယာများ စသည်တို့အပါအဝင် ကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိရာ ထုတ်ကုန်များ ဈေးကွက်ရရှိသည်နှင့် အမျှ ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ကာ ပြည်တွင်း စီးပွား ပိုမိုတိုးမြင့်လာစေမည်ဖြစ်သည်။
ပြည်တွင်းဖြစ်ကို အားပေးခြင်းသည် ပြည်တွင်းရှိ MSME များကို အားပေးခြင်းဖြစ်ပြီး တစ်ဆက်တစ်စပ်တည်း အနေဖြင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း များပြား လာခြင်း၊ ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်ခြင်း၊ ပြည်တွင်း စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ခြင်း စသည့်အကျိုးရလဒ်များကိုပါ ဖြစ်ထွန်းစေနိုင်မည်ဖြစ်ပါ ကြောင်း။ ။