ပြည်တွင်းခရီးသွားများအတွက် ခရီးစဉ်များ ပြန်လည်ဖွင့်လှစ်

ကိုဗစ်-၁၉ ကပ်ရောဂါ မိမိတို့နိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုနှုန်းမှာ အတိုင်းအတာတစ်ရပ်အထိ တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင် နေပြီဟု ယုံကြည်ရသည်။ ရောဂါအတည်ပြုဓာတ်ခွဲစမ်းသပ်မှု များ ပြုလုပ်သည့်အရေအတွက်အားဖြင့် နည်းပါးနေသည်ဟု ဆိုနိုင်သော်လည်း ရောဂါရှာဖွေစစ်ဆေးမှုနှင့် တွေ့ရှိမှု အချိုး အစားအရ ရောဂါကူးစက်မှုလျော့ကျလာသည့် လက္ခဏာများဟု ဆိုနိုင်သည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး မှုများ ပိုမို၍လွှမ်းခြုံပေးလာနိုင်သည်နှင့်အမျှ ရောဂါကူးစက် ပျံ့နှံ့မှု ပို၍ပို၍ ကျဆင်းသွားမှာလည်းဖြစ်သည်။ ရောဂါကို ထိန်းချုပ်လာနိုင်သည်နှင့်အမျှ လပေါင်းများစွာကြာမြင့်အောင် ရပ်ဆိုင်းထားခဲ့ရသည့် ပညာရေး၊ စီးပွားရေးကဏ္ဍအသီးသီးတို့ ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းရတော့မည် ဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာမှုကြီးမားသည့် စီးပွားရေး လုပ်ငန်းများအနက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများက ထိပ်ဆုံး ထဲမှာပါဝင်သည်။ လုပ်ငန်းအားလုံးနီးနီး ရပ်ဆိုင်းသွားခဲ့ရပြီး ဆုံးရှုံး မှုများ၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ခန့်ရှိသည်ဟုလည်း ခန့်မှန်းထားသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံမှုနှင့် ရောဂါကူးစက်မှုကို ထိန်းချုပ်မှုတို့ ပြုလုပ်နိုင်မှုအပေါ် မူတည်ပြီး ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်နိုင်ရန် ပြင်ဆင်နေ ပြီလည်းဖြစ်သည်။ ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရာတွင် ပြည်တွင်းခရီးသွား လုပ်ငန်းများမှ စတင် ကြရမှာဖြစ်သည်။ နိုင်ငံတကာတွင်လည်း ဤနည်းနှင်နှင် ပြည်တွင်းခရီးသည်များနှင့် ပြည်တွင်းခရီး စဉ်များဖြင့်ပင် ခရီးသွားလုပ်ငန်းကို စတင်မောင်းနှင်ကြခြင်း ဖြစ်သည်ဟု သိရသည်။ နိုင်ငံတော်အစိုးရက ပြည်တွင်းခရီးသွားလုပ်ငန်းများ၊ ဟိုတယ် လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုပေး ထားပြီးဖြစ်သကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သည့် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာ ခရီးသွားလာအပန်းဖြေနိုင်ရေး အတွက် ခရီးသွားကန့်သတ်ချက်များ တစ်ပြေးညီဖြေလျှော့ပေး ခြင်း၊ ဟိုတယ်၊ မိုတယ်များ ဖွင့်လှစ်ပေးခြင်းနှင့် အဝေးပြေးခရီး သည်တင်ယာဉ်လိုင်းများ ပြန်လည်ဖွင့်လှစ်ထားရှိပြီးဖြစ် သည်ဟုလည်း သတင်းအရ သိရသည်။ ခရီးသွားလုပ်ငန်းကို ပြည်တွင်းဈေးကွက်မှ ပြန်လည်စတင် ခြင်းက အချိန်တန်လျှင် မလွဲမသွေ ပြန်လည်ဖြစ်ပေါ်လာမည့် နိုင်ငံတကာခရီးသွားဈေးကွက်အတွက် ကြိုတင်ပြင်ဆင်ခြင်းဟု လည်း ဆိုနိုင်သည်။ ယခုအခါ ဒေသအလိုက် ခရီးစဉ်စီမံခန့်ခွဲမှု အဖွဲ့ (Destination Management Organization - DMO) များ ဖွဲ့စည်းထားရှိပြီး ခရီးစဉ်အသစ်များ ရှာဖွေဖော်ထုတ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံများ မြှင့်တင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ ဒေသအလိုက် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဖော်ထုတ်ခြင်းတို့ပြုလုပ် လျက်ရှိသည်။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စတင်လည်ပတ်နိုင်ပါက ပြည်တွင်းခရီးသွားဧည့်သည်များ စိတ်အပန်းဖြေရေးနှင့် ပျော်ရွှင်ချမ်းမြေ့ရေးအတွက်ကိုသာမက ယင်းလုပ်ငန်းနှင့် ဆက်စပ်နေသည့် အခြားစီးပွားရေးလုပ်ငန်းများကိုလည်း ပြန်လည်နိုးထလာစေမည်ဖြစ်သည်။ ခရီးသွားဧည့်သည်များ သုံးစွဲမှုနှင့် ထိုက်တန်သည့် ဝန်ဆောင်မှုနှင့် စိတ်ကျေနပ်မှုတို့ ရရှိရန် အရေးကြီးသလို ဘေးအန္တရာယ်ဆိုင်ရာ၊ ကူးစက်ရောဂါ ဆိုင်ရာ၊ အစားအသောက်ဆိုင်ရာ လုံခြုံစိတ်ချရေးတို့အတွက် လည်း ပြည့်စုံသည့်ဝန်ဆောင်မှုများ ပေးနိုင်ရန် ကြိုတင်ပြင်ဆင် ထားကြရမှာ ဖြစ်သည်။ ပြည်တွင်းခရီးသွားလုပ်ငန်းများ အောင်မြင်မှုရရှိလာသည်နှင့်အမျှ ဒေသများ အေးချမ်း တည်ငြိမ်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ ပိုမိုကောင်း မွန်လာမည်ဖြစ်ပါကြောင်း။ ။