ပြည်တွင်းရေးစွက်ဖက်မှုမှန်သမျှလက်မခံ

နေအိမ်တစ်အိမ်၏   အိမ်တွင်းရေးပြဿနာကို   ထိုအိမ်တွင်းမိသားစုများကသာ ဖြေရှင်းရနိုင်မည်ဖြစ်သည်။ မိသားစုဟူသည် တစ်အိမ်တည်းအတူနေသူများဖြစ်၍ ကောင်းမွေဆိုးမွေတို့ကို အတူမျှဝေခံစားဖြေရှင်းကြရသည်။ အိမ်နီးချင်းကောင်း၊ မိတ်ကောင်း၊ ဆွေကောင်းများအနေဖြင့် ထိုအိမ်တွင်းရေးပြဿနာအခက်အခဲများနှင့်ပတ်သက်၍ ဖြစ်နိုင်သည်တို့ကိုသာ  ပါဝင်ကူညီပေးကြသည်။   များသောအားဖြင့် သူတစ်ပါးအိမ်တွင်းရေးကို ပါဝင်စွက်ဖက်ခြင်းမရှိကြချေ။ သူတစ်ပါးအိမ်တွင်းရေး တွင်   ပါဝင်စွက်ဖက်ကြသူတို့သည်    ထိုအိမ်ထောင်စုကြီး   ပြိုကွဲပျက်စီးစေရန် မရိုးမဖြောင့်သောသဘောဖြင့် လုပ်ကိုင်ခြင်းသာဖြစ်သည်။

 


မြန်မာနိုင်ငံ၏သမိုင်းဖြစ်စဉ်ကို ပြန်လည်စေ့ငုကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ အား နယ်ချဲ့ကျူးကျော်ခဲ့ကြသူတို့နှင့် အပေါင်းပါတို့ကသာ မြန်မာနိုင်ငံ၏ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ လွတ်လပ်ရေးမရမီက အဖြစ်အပျက်များ၊ လွတ်လပ်ရေးရပြီး အဖြစ်အပျက်များတွင် အဆိုပါနိုင်ငံကြီးများ ကသာ ဝင်ရောက်စွက်ဖက်နေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ပြည်ထောင်စု ကြီးတစ်ခုလုံးအား လွတ်လပ်ရေးမပေးရရေး၊ မတတ်သာ၍ လွတ်လပ်ရေးပေးရသော် လည်း တိုင်းရင်းသားပြည်သူအချင်းချင်း သွေးကွဲနေထိုင်ခြင်းကို ဖန်တီးပေးခဲ့သည်။ ထို့နောက်တွင်လည်း မြန်မာနိုင်ငံ၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းဖြင့် စည်းလုံးမှုပျက်ပြားအောင်  ပြည်တွင်းပုဆိန်ရိုးများနှင့်  တစိုက်မတ်မတ်လုပ်ကိုင် နေကြသည်။

 


မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွင် ၎င်းတို့လိုရာပုံသွင်း ဖန်တီးနိုင်ရေးအတွက်    ပြည်တွင်းပုဆိန်ရိုးများကို    အသုံးချ၍လည်းကောင်း၊ ပြောင်ပြောင်တင်းတင်းစွက်ဖက်၍လည်းကောင်း အမျိုးမျိုးအဖုံဖုံ ကြံစည်လုပ်ကိုင် နေကြသည်။ ဇူလိုင်   ၂၉ ရက်က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည့် ဗြိတိန်နိုင်ငံ က ကမကထပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောအစည်းအဝေးတွင် မတူကွဲပြားသောအသိုက်အဝန်းများ ပါဝင်ရမည့်အစား ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်၍   လုပ်ကြံဖန်တီးထားသည့်    တစ်ဖက်သတ်လိုရာဆွဲပြောကြားသော သတင်းအချက်အလက်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ မြေပြင်အခြေအနေ များကို ဓမ္မဓိဋ္ဌာန်ကျကျ   ရှုမြင်နိုင်ခြင်းမရှိသူများအား   ပါဝင်ရှင်းလင်းတင်ပြစေခြင်းဖြင့် နိုင်ငံတကာအသိုက်အဝန်းမှ အထင်အမြင်လွဲမှားစေရန် စီစဉ်ခဲ့သည်ကို တွေ့ရသည်။

 


အစည်းအဝေးတွင် ဖိတ်ကြားသူအားလုံးနှင့် တက်ကြွလှုပ်ရှားသူများကိုလည်း အဟန့်အတားမရှိ ပါဝင်ခွင့်ပေးခဲ့သည်။ ပါဝင်တက်ရောက်သူများတွင် ပြည်ပြေး NUG အကြမ်းဖက်အဖွဲ့မှ ကိုယ်စားလှယ်များနှင့် ရာထူးမှ ထုတ်ပယ်ထားခြင်းခံထား ရသော နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားရင်ဆိုင်နေရသူတို့လည်း ပါဝင်သည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါအစည်းအဝေးတွင် ၎င်းတို့၏ပါဝင်တက်ရောက်မှုနှင့် ဆွေးနွေးပြောကြားချက်များကို မည်သို့မျှလက်မခံဘဲ  ဇူလိုင်   ၃၀  ရက်နေ့က ပြင်းထန်စွာ ကန့်ကွက်ပယ်ချခဲ့သည်။ အမှန်တကယ် လူသားချင်းစာနာထောက်ထား သည်ဆိုလျှင် နိုင်ငံရေးအာဏာထက် ယနေ့ကြုံတွေ့နေရသော ဘေးဒုက္ခအခက်အခဲ အမျိုးမျိုးကို  ကူညီဆောင်ရွက်ပေးရန်သာရှိသည်။   လူသားများအရေးကို    ရှေးရှု မထားဘဲ နိုင်ငံနှင့်ပြည်သူများ ပျက်စီးဒုက္ခရောက်စေနိုင်မည့် ဖိအားပေးမှု၊ တွန်းအား ပေးမှု၊ မြှောက်ထိုးပင့်ကော်ပြုလုပ်နေခြင်းများသည် မရိုးမဖြောင့်သော  သဘောထား လုပ်ဆောင်ချက်များသာဖြစ်သည်။ ထိုအစည်းအဝေးမတိုင်မီ မြန်မာနိုင်ငံလူ့အခွင့် အရေး  အခြေအနေဆိုင်ရာ  အထူးအစီရင်ခံစာတင်သွင်းသူက  အလားတူအခြေ အမြစ်မရှိသော အချက်အလက်များပါဝင်သည့် သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

 


မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအခြေအနေကို ချောမွေ့စွာပြောင်းလဲနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေစဉ် တစ်ဖက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ရန် ယခုနှစ်မကုန်မီ လူဦးရေ၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို ကာကွယ် ဆေးထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်လျင်မြန်စွာထိန်းချုပ်နိုင်ရေး၊   ကာကွယ်ရေးနှင့်  ကုသရေးတို့အတွက် တပ်မတော်ဘက်က ယမန်နှစ် မေ  ၁၀  ရက်မှ  ယခုနှစ်  ဇူလိုင်ကုန်အထိ အပစ် အခတ်ရပ်စဲပေးထားသည်။ ဇန်နဝါရီ  ၂၇ ရက်မှ ဇူလိုင်  ၂၁ ရက်အထိ ဝန်ထမ်း များကို  ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။   နိုင်ငံတစ်ဝန်း   ဦးတည်အုပ်စု ၁၂ စုကို ဦးစားပေးကာ  ကာကွယ်ဆေးထိုးမည့်အစီအစဉ်ကို   ဆောင်ရွက်လျက်ရှိသည်။ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပူးပေါင်းပါဝင်လိုသူများကို ဖိတ်ခေါ်တံခါးဖွင့်ပေး ထားသည်။ တပ်မတော်က ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင် ရန်အတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 


သို့ဖြစ်ရာ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်သည့် ကိုဗစ်-၁၉ ရောဂါပိုးကို ထိန်းချုပ် တားဆီးနိုင်ရန် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာပြည်သူ၊  ပြည်သားများ   လက်တွဲ တွန်းလှန်နေချိန်တွင် လူသားချင်းစာနာစိတ်မထားဘဲ လူတစ်စုတစ်ဖွဲ့ အာဏာ ပြန်လည်ရရှိရေးအတွက် မမှန်ကန်သောနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်မှု များ၊ အိမ်တွင်းရေး၊ ပြည်တွင်းရေး မိသားစုအချင်းချင်း စိတ်ဝမ်းကွဲပြားစေရန်နှင့် သံသယများ၊ အမုန်းတရားများ ဖြစ်ပေါ်စေရန် ဖန်တီးမှုများကို မည်သို့မျှလက်မခံ။ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက် သည့်လုပ်ရပ်မှန်သမျှကို မြန်မာနိုင်ငံက ပြင်းထန်စွာရှုတ်ချပါကြောင်း။    ။