
လွန်းပိုးအိမ်
======
ချမ်းမြရတု၊ ဓနုရာသီ
ရောက်ပြီဝန်းကျင်၊ ဂမုန်းအင်နှင့်
သဇင်ပွင့်ပေါ်၊ လနတ်တော်။
(ဆီသည်ရွာစားဦးအောင်ကြီး)
ဆီသည်ရွာစား ဦးအောင်ကြီး၏ “နတ်တော်လ”ကဗျာလေးသည် မြန်မာတို့၏ ရာသီနှင့် အဆိုပါလတွင် ဖူးပွင့်သောပန်းတို့၏ နိမိတ်ပုံကို ဖော်ညွှန်းလျက်ရှိပါသည်။ ဓနုရာသီ နတ်တော်လ၏ ချမ်းမြသော ဟေမန္တဆောင်းရာသီအောက်တွင် ဆီးနှင်းများ တဖြောက်ဖြောက် ကျဆင်းလျက်ရှိပြီး နံနက်ခင်းနေခြည်အောက်တွင် နှင်းနုရည် သောက်သုံးထားသည့် ဂမုန်းပန်းနှင့် သဇင်ပန်းလေးများက ဝင့်ဝင့် ကြွားကြွားဖူးပွင့်နေကြသည်မှာ နတ်တော်လ၏အလှပန်းချီကို ဆေးရေးခြယ်သလျက်ရှိပါသည်။
နတ်တော်လသည် ဆောင်းဝင်စအချိန်ဖြစ်သည်။ ဟေမာန်ဦး၏ နိမိတ်ပုံဖြစ်သည့် ငွေနှင်းမှုန်မှုန်တို့ကို စတင်တွေ့ရှိရလေသည်။ မိုးနှောင်း၍ ဆောင်းပြောင်းပြီဆိုလျှင် ဝဠာခွင်တိုင်းတွင် မြူခြည်ဆိုင်းစ ပြုလေသည်။
ရေးဖွဲ့စပ်ဆို
မြန်မာ့ဆယ့်နှစ်လရာသီတွင် နတ်တော်လသည် နဝမမြောက်သော လဖြစ်သည်။ နတ်တော်လတွင် မဟာပိန္နဲနတ်၊ မင်းမဟာဂီရိမောင်နှမ စသည့်နတ်များကို ပူဇော်ရသည်ကို အကြောင်းပြု၍ နတ်တော်လဟု ခေါ်ဆိုခြင်းဖြစ်သည်ဟုအဆိုရှိပါသည်။ နတ်တော်လ၏ မိုးကောင်းကင် အခြေအနေကို “နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်”ဟု ဆိုစမှတ်ပြုကြပါသည်။ ရှေးစာဆိုတို့က နတ်တော်လ၏ အလှပန်းချီ များကို စာသီရာ၌ “နတ်ပန်းဝေမြိုင်၊ သဇင်လှိုင်” ဟုလည်းကောင်း၊ “သဇင်ရွှေပွင့်၊ လျှပ်ရောင်ပင့်သို့၊ လှတင့်စိမ်းထွေး၊ လှပန်းမွှေးကို၊ မနှေးလျင်မြန်၊ မိန့်တော်ပြန်လျက်၊ မျက်မှန်ကျောက်စုံ၊ ရွှေနန်းဘုံသို့၊ ဖူးငုံပေါ်စ၊ တင်ဆက်သသည့်၊ နောက်မှပြည်သူ၊ သုံးယူပန်ဆင်” ဟူ၍ လည်းကောင်း၊ ရှေးစာဆို ဦးအောင်ကြီး၏ဆယ့်နှစ်လရာသီ လူးတား တွင် “သဇင်ပွင့်ပေါ်၊ လနတ်တော်ကား၊ ပူဇော်ကြီးစွာ၊ မင်းဆရာတို့၊ မဟာပိန္နဲ၊ ရွှေညဲကြည်ငင်” ဟူ၍လည်းကောင်း ရေးဖွဲ့စပ်ဆိုထားပါ သည်။
ရှေးခေတ်အချိန်များတွင် ယခုလ၏ရာသီပွဲတော်မှာ နတ်ပူဇော် ခြင်းပွဲတော်ဖြစ်ပြီး ယင်းဓလေ့မှာ ၁၈၈၅ ခုနှစ်တွင် ကွယ်ပျောက်ခဲ့ ပါသည်။ သက္ကရာဇ် ၁၉၉၄ ခုနှစ်တွင် ထူးခြားသောပွဲတော်တစ်ခု ပေါ်ပေါက်ခဲ့ပြီး ယင်းမှာ စာပေအားဂုဏ်ပြုသည့် စာဆိုတော်ပွဲဖြစ်ပါ သည်။ မြန်မာ့စာပေသမိုင်းတွင် ကုန်းဘောင်ခေတ်မှ အလွန်ထင်ရှား ကျော်စောသည့် စာရေးဆရာ၊ ပြဇာတ်ရေးဆရာ ဦးပုညအား ဂုဏ်ပြု သည့်နေ့တစ်နေ့ သတ်မှတ်ထားခဲ့ပြီး နတ်တော်လအတွင်း နှစ်စဉ် ကျင်းပလေ့ရှိခဲ့ပါသည်။
ထို့ပြင် နတ်တော်လတွင် ဆင်ဖမ်းပွဲများလည်း ကျင်းပခဲ့ကြပြီး “ဝရသေတဂီရိ” ဆင်တော်မော်ကွန်းနှင့် “ရွှေစာတိုင်” ဆင်တော် မော်ကွန်းများတွင် ဆင်ဖမ်းပွဲနှင့်ပတ်သက်၍ အကျယ်တဝင့် ရေးသား ဖော်ပြခဲ့သည်။ တောင်ငူခေတ်စာဆိုရှင်ကြီး မင်းဇေယျရန္တမိတ်၏ စုလစ်ရွှေစင်ရတုတွင် “နတ်သဘင်၊ ဖျဉ်လည်းရုံထပ်၊ ဘွဲ့တပ်မည်ပေး၊ ဘုန်းရေးတိုက်ဖက်၊ စွက်ယှက်ခေါင်ခေါင်၊ ဆင်ပြောင်ရည်ရှု၊ နန်းရတု ကို” စသည်ဖြင့် နှလုံးရည်၊ လက်ရုံးရည်၊ သတ္တိစွမ်းရည်များ ပြသခဲ့ သူများအား ဆင်ဖမ်းပွဲများကျင်းပပြီးရွေးချယ်ကာ ဘွဲ့ထူးဂုဏ်ထူးများကို ချီးမြှောက်ပူဇော်ခဲ့ကြောင်း ရေးဖွဲ့ခဲ့ပါသည်။
မြန်မာ့ဓလေ့အစဉ်အလာကို ဖော်ညွှန်း
နတ်တော်လတွင် တောင်သူဦးကြီးများက ကောက်ပင်ရိတ်သိမ်း ပြီးနောက် ကောက်သစ်စားပွဲများကိုလည်း ကျင်းပခဲ့ကြပါသည်။ နတ်တော်လတွင် ကောက်ပင်များရင့်မှည့်နေပြီဖြစ်သောကြောင့် ကောက်ညှင်းစပါးများကို ဦးစွာရိတ်သိမ်းပြီး ညဘက်တွင် မိသားစုဝင် အားလုံးက စုပေါင်းဝိုင်းဖွဲ့ကာ မုန့်ဆန်းအဖြစ် လှော်ကြ ထောင်းကြသည့် အလုပ်ကိုလည်း အစဉ်အလာတစ်ရပ်အဖြစ် တပျော်တပါးပြုလုပ်ကြ လေ့ရှိပါသည်။ မုန့်ဆန်းရလာသောအခါ အုန်းသီး၊ သကြားတို့ဖြင့် မုန့် ပြုလုပ်ကာ မြတ်စွာဘုရားနှင့်တကွ သံဃာတော်များအား လောင်းလှူ ခြင်းဖြင့် ဆွမ်းဦးဒါနပြုကြပါသည်။ ထိုမျှသာမက ရပ်ကွက်အတွင်းရှိ အိမ်နီးချင်းများအား ဝေငှခြင်းဖြင့်လည်း ဦးဦးဖျားဖျားရလာသော ကောက်သစ်စားပွဲအလှူကို စေတနာထက်သန်စွာ ပေးလှူကြခြင်းဖြင့် ချစ်စရာ့မြန်မာ့ဓလေ့အစဉ်အလာကို ဖော်ညွှန်းပြသနေပါသည်။
နတ်တော်လ၏ ရာသီပွဲတော်မှာ စာဆိုတော်ပွဲဖြစ်သည်။ ရှေးမြန်မာ မင်းများလက်ထက်ကပင် နတ်တော်လ၌ စာဆိုတော်ကြီးများကို ချီးမြှင့်ပူဇော်သော စာဆိုတော်ပွဲနေ့ကို ကျင်းပခဲ့ကြပါသည်။ ကုန်းဘောင်ခေတ် ကောဇာသက္ကရာဇ် ၁၁၄၃ ခုနှစ် ဘိုးတော်ဗဒုံမင်းကြီး လက်ထက်တွင် လေကနာထ ကြီးမြတ်သောပုဂ္ဂိုလ်များအဖြစ် မြင့်မြတ် ထူးချွန်ကြသည့် ပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများအား ဂုဏ်ပြု ချီးမြှင့်ပူဇော်ကန်တော့ခဲ့ကြပါသည်။
မြန်မာနိုင်ငံ စာရေးဆရာအသင်းကို စတင်ဖွဲ့စည်း
မြန်မာနိုင်ငံ နယ်ချဲ့တို့အုပ်စိုးစဉ်ကာလ ၁၉၃၇ ခုနှစ်၌ မြန်မာ စာရေးဆရာများက မြန်မာနိုင်ငံ စာရေးဆရာအသင်းကို ရန်ကုန်မြို့ အရှေ့ပိုင်း မက်သဒစ်ကျောင်းသင်တန်းတစ်ခုတွင် စတင်ဖွဲ့စည်းခဲ့ကြ သည်။ ထိုစဉ်က မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌအဖြစ် ဆရာ ဒီးဒုတ်ဦးဘချိုက စတင်တာဝန်ယူခဲ့ပါသည်။ စာဆိုတော်များအား ဂုဏ်ပြုသည့် စာဆိုတော်နေ့ကို သတ်သတ်မှတ်မှတ်ထားရှိကာ ကျင်းပ နိုင်ရေးအတွက် ထိုခေတ်ကာလက ကျော်ကြားလူသိများနေသော “ပညာတံခွန်အသင်းကြီး”က အစိုးရထံတင်ပြခဲ့ရာ ဂျပန်ခေတ် ပညာရေးဝန်ကြီး ဦးလှမင်းက ၁၉၄၄ ခုနှစ် မေလ ၁၂ ရက်နေ့၌ စာရေး ဆရာအသင်းအမှုဆောင် လူကြီးများအားဖိတ်ခေါ်၍ အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပါသည်။
ထိုအစည်းအဝေးတွင် မြန်မာမင်းများလက်ထက်၌ မြန်မာစာဆို ပညာရှင်ကြီးများအား ဘွဲ့တံဆိပ်များ၊ ဆုလာဘ်များ ချီးမြှင့်ဂုဏ်ပြုခဲ့ သည့်အစဉ်အလာရှိသည့်အတိုင်း ထိုချီးမြှင့်သည့် အခမ်းအနားကျင်းပ သည့် နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ် ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါသည်။ ပထမအကြိမ် စာဆို တော်နေ့ကို ၁၃၀၆ ခုနှစ် နတ်တော်လဆန်း ၁ ရက် ညနေပိုင်း၌ ရန်ကုန်မြို့ ကန်တော်ကြီးစောင်းရှိ မြိုင်ပြဇာတ်ရုံတွင် တခမ်းတနား ကျင်းပခဲ့ပါသည်။
မြန်မာနိုင်ငံစာရေးဆရာအသင်းကြီး၏ ဦးဆောင်မှုဖြင့် စာဆို တော်နေ့အထိမ်းအမှတ်ပွဲများကို ၁၃၀၆ ခုနှစ်ကစ၍ ကျင်းပလာခဲ့ သည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ပါသည်။ ယနေ့ခေတ်တွင် စာဆိုတော် နေ့ အခမ်းအနား၌ စာပေဗိမာန်ဆု အမျိုးသားစာပေဆုရ ထူးချွန်သည့် စာပေပညာရှင်များကို ဆုများပေးအပ်ချီးမြှင့်ခြင်းနှင့်အတူ သက်ကြီး စာပေပညာရှင်များအား ပူဇော်ကန်တော့ခြင်းတို့ကို စည်ကား သိုက်မြိုက်စွာ တခမ်းတနားကျင်းပပေးလျက်ရှိပါသည်။ ထို့အပြင် နိုင်ငံတစ်ဝန်း စာပေဟောပြောပွဲများကိုလည်း မြို့ရွာအနှံ့ ကျင်းပကာ ရှေးအခါကတည်းက ရှိနေခဲ့သော မြန်မာ့ဓလေ့အစဉ်အလာကောင်း များကို ထိန်းသိမ်းဖော်ထုတ်လျက်ရှိသည်မှာ နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာပင်ဖြစ်ပါသည်။
ယခုမျက်မှောက်ခေတ်ကာလတွင် နတ်တော်လအတွင်း ဒေသ အလိုက် သင့်တင့်သော ရက်တစ်ရက်သတ်မှတ်၍ စာပေဟောပြောပွဲ များ ကျင်းပကြသည်။ စာရေးသူနှင့်စာဖတ်သူ မျက်နှာချင်းဆိုင် ဆွေးနွေးပွဲများကျင်းပကြသည်။ ဂုဏ်ယူဖွယ်ကောင်းသည်မှာ ကမ္ဘာ့ နိုင်ငံတိုင်းတွင် စာရေးဆရာများနှင့် သက်ဆိုင်သောနေ့ဟူ၍ မရှိပေ။
မီးရှူးတန်ဆောင်
စာပေသည် လူသားအားလုံးအတွက် အမှောင်ကိုခွင်း၍ အလင်း ကိုဆောင်နိုင်သော မီးရှူးတန်ဆောင်ဖြစ်သည်။ စာဆိုရှင်ကြီးများ၏ ကျေးဇူးတရားကား လွန်စွာကြီးမားလှပေသည်။ စာပေသည် တိုင်းပြည်၏ အင်အားကြီးတစ်ရပ်ဖြစ်ပေသည်။ နိုင်ငံတော် တည်ဆောက်ရာတွင် အားတကာအားတွင် စာပေအား၊ ကလောင်အား သည် အထက်မြက်ဆုံး၊ အတောက်ပဆုံးဖြစ်သည်။ မြန်မာ့လွတ်လပ် ရေးသမိုင်းတွင် မျိုးချစ်စိတ်ဖြင့် ကလောင်အင်အားသည် တစ်တပ် တစ်အားပါဝင်ခဲ့သည့် “ကလောင်သွားသည် ဓားသွားထက် ထက် သည်” ဆိုသောစကားအတိုင်း စာပေသည် အစွမ်းထက်လှပေသည်။ “စာအုပ်စာပေ လူ့မိတ်ဆွေ”၊ “စာပေမြင့်မှ လူမျိုးတင့်သည်” ဟူသော ဆောင်ပုဒ်အတိုင်း မျိုးဆက်သစ်လူငယ်များအတွက် ပိုမိုတိုးတက် မြင့်မားသောအနာဂတ်ဘဝများ ဖြစ်လာစေရန် နတ်တော်လ၏ စာဆို တော်နေ့အထိမ်းအမှတ် စာပေပြိုင်ပွဲများနှင့် စာပေဟောပြောပွဲများ အား ယနေ့တိုင် နှစ်စဉ်ကျင်းပပေးနေပါသည်။
လက်ဆင့်ကမ်းရမည့် အစဉ်အလာတစ်ရပ်မှာ သက်ကြီးစာပေ ပညာရှင်များကို ပူဇော်ကန်တော့သော အခမ်းအနားများကို နတ်တော် လရောက်တိုင်း ပြုလုပ်နေကြသည်ကို မြင်ရသည်မှာ ဝမ်းမြောက် ကြည်နူးမိပါကြောင်းနှင့် စာပေမှရရှိသော အသိသည် လူသားတို့၏ ဘဝကို တိုးတက်မြင့်မားခြင်းနှင့်အတူ စာပေဟောပြောပွဲများမှရရှိ လာသည့် သုတ၊ ရသများကလည်း သဇင်ပန်းရနံ့ကဲ့သို့ လူသားတို့၏ နှလုံးသားကို လှပမွှေးကြိုင်လာမည်ဟု ယုံကြည်မိပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
- Log in to post comments