
ရန်ကုန် ဇူလိုင် ၁၃
၂၀၂၄ ပါရီအိုလံပစ် ကြက်တောင်ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဇူလိုင် ၁၁ ရက်က ပြုလုပ်ခဲ့ပြီး မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် အုပ်စု (C) ၌ ကျရောက်ခဲ့သည်။
ပါရီအိုလံပစ် ကြက်တောင်ပြိုင်ပွဲတွင် တစ်ဦးချင်း အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ နှစ်ယောက်တွဲ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲနှင့် အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး
သက်ထားသူဇာအနေဖြင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင်သာ ယှဉ်ပြိုင်ခွင့်ရထားခြင်းဖြစ်သည်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ကစားသမား ၃၉ ဦး ယှဉ်ပြိုင်ခွင့်ရထားပြီး သုံးဦး ၁၃ အုပ်စုခွဲ၍ ပြုလုပ် မည်ဖြစ်သည်။ အုပ်စုမဲခွဲမှုအရ သက်ထားသူဇာသည် အုပ်စု (C) တွင် ကမ္ဘာ့အဆင့် ၅ ဂျပန်နိုင်ငံသူ ယာမာဂူချီ၊ ကမ္ဘာ့အဆင့် ၃၂ ကနေဒါ နိုင်ငံသူ မီချယ်လီတို့နှင့် ကျရောက်နေသည်။
နောက်တစ်ဆင့်တက်ရောက်ခွင့်ရမည်
အုပ်စုပွဲများကို ဇူလိုင် ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု ၁၃ ခုမှ ထိပ်ဆုံးရပ်တည်မှုအရ တစ်ဦးစီသာ နောက်တစ်ဆင့် တက်ရောက်ခွင့်ရမည်ဖြစ်သည်။
ပါရီအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရ
သက်ထားသူဇာသည် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင်လည်း လက်ရည်စစ်ပွဲအောင်မြင်ကာ ယှဉ်ပြိုင်ဖူးပြီး နှစ်ကြိမ်ဆက်တိုက် အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ သက်ထားသူဇာသည် ပါရီအိုလံပစ်ဝင်ခွင့် လက်ရည်စစ်ပွဲကာလဖြစ်သည့် ၂၀၂၃ ခုနှစ် မေ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဧပြီ ၂၈ ရက်အတွင်းကျင်းပသည့် BWF ပြိုင်ပွဲများ အနက် ပြိုင်ပွဲ ၂၃ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရည်စစ်ပွဲအောင်မြင် သဖြင့် ပါရီအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
ညီမြတ်သော်တာ၊ ဓာတ်ပုံ - BWF