
၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ချန်ပီယံရှစ်ကို စတင် ယှဉ်ပြိုင်ကစားလာတာ ပွဲစဉ် (၃၀) ကို ကျော်လွန် လာပြီဖြစ်ပါတယ်။ ပွဲစဉ် (၃၀) ကျော်လွန်လာတဲ့ အတောအတွင်း ဘန်လေအသင်းက ပရီမီယာလိဂ် ကို တစ်ကျော့ပြန် တန်းတက်ခွင့်ရရှိရေး မျှော်လင့် ချက် အားကောင်းလာပြီလို့ ဆိုရမှာဖြစ်တယ်။
ဘန်လေအသင်းကို လက်ရှိနည်းပြနေတာက မန်စီးတီးအသင်း ခံစစ်ကစားသမားဟောင်းဗင်းဆင့် ကွန်ပနီဖြစ်ပြီး အသင်းနည်းပြအဖြစ် ၂၀၂၂ ခုနှစ် ဇွန် ၁၄ ရက်မှာ ခန့်အပ်ခဲ့တာပါ။ နည်းပြ ကွန်ပနီဟာ ဘန်လေအသင်းကို လက်ရှိအချိန်အထိ ၃၇ ပွဲ ကိုင်တွယ်ထားရာ ၂၄ ပွဲအထိ နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားပြီး ၁၀ ပွဲသရေနဲ့ သုံးပွဲသာ ရှုံးနိမ့် ထားတဲ့အထိ ရလဒ်ကောင်းတွေ ရရှိအောင် ကူညီ ပေးထားနိုင်တယ်။
အဲဒီလို စွမ်းဆောင်ရည်တွေကြောင့် နည်းပြ ကွန်ပနီကို ချန်ပီယံရှစ်သမိုင်းရဲ့ အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်အဖြစ် သတင်းတွေ မှာ ဖော်ပြထားပါတယ်။ ဘယ်လိုပဲဆိုစေ ကစား သမား ဘဝမှာ အောင်မြင်မှုသရဖူစိုက်ထူထားနိုင် တဲ့ ကွန်ပနီအနေနဲ့ နည်းပြ ဘဝမှာလည်း လာမယ့် ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ဆက်လက်ရယူကာ လာမယ့်နှစ်မှာ ဘန်လေအသင်းကို ပရီမီယာလိဂ် တန်းတက်ခွင့်ရအောင် ကူညီပေးသွားနိုင်မလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
မိုးစက်