ပါရီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြေးခုန်ပစ်အားကစားသမား မောင်စိုးပေ ပြင်သစ်နိုင်ငံသို့ ထွက်ခွာ

ရန်ကုန်  သြဂုတ် ၂၁
ပြင်သစ်နိုင်ငံ ပါရီမြို့၌ ၂၀၂၄ ခုနှစ် သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကျင်းပမည့် ၂၀၂၄ နွေရာသီ မသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ( Paris 2024 Paraly-mpic Games)သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစား အဖွဲ့ချုပ်မှ ပြေးခုန်ပစ်အားကစားသမား မောင်စိုးပေနှင့်  အုပ်ချုပ်သူ  ဦးမင်းနိုင်ဦး၊ နည်းပြ ဒေါက်တာထက်ဇေယျာတို့သည် ယ‌နေ့မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားရာ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် လှမိုး၊ အတွင်း‌ရေးမှူးနှင့် အမှုဆောင်များ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါပြိုင်ပွဲတွင် မောင်စိုးပေသည် အမျိုးသား မီတာ ၁၀၀ နှင့် မီတာ ၂၀၀ ပြိုင်ပွဲ ဆေးအဆင့် (T64) (ဒူးအောက်တစ်ဖက်) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မောင်စိုးပေအနေဖြင့် ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း နိုင်ငံတကာပြိုင်ပွဲ များတွင် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်ငါးခု စုစုပေါင်းဆုတံဆိပ် ကိုးခုရရှိခဲ့သည့်အတွက် ကမ္ဘာ့မသန်စွမ်းပြေးခုန်ပစ်အဖွဲ့ချုပ်နှင့်  ကမ္ဘာ့မသန်စွမ်းအားကစားအဖွဲ့ချုပ်တို့က   ယခု   နွေရာသီမသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာကာစိုး