ပထမ ကျောင်းသားသပိတ် နှစ်တစ်ရာ

 

 

လွန်ခဲ့သောနှစ်တစ်ရာတိတိ ဖြစ်သည့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၏ ပထမကျောင်းသားသပိတ် စတင် ဖြစ်ပွားခဲ့သည်။ ထိုပထမဆုံးသော ကျောင်းသားသပိတ်သည် တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်ဆန္ဒပြသည်ဟု ဆိုရုံမျှနှင့် မလုံလောက်။ ယင်း သည် ပညာရေးစနစ်အမှားအယွင်းကို ဆန့်ကျင်သည့် ဖြစ်စဉ်သက်သက်မျှ မကဘဲ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲခေါ်သံအဖြစ်ပါ ခမ်းနားကြီးကျယ်ခဲ့ ပါသည်။ ကောလိပ် ကျောင်းသားကြီးတို့၏သပိတ်တိုက်ပွဲ လှုံ့ဆော်သံသည် မြန်မာနိုင်ငံတစ်ဝန်းလုံးကို ပျံ့နှံ့သွားကာ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်လပ်ရေး စိတ်ဓာတ်များကို တဖွားဖွား ဖြစ်ပေါ်စေခဲ့ပေသည်။

နောင်သောအခါ ထိုသပိတ်တိုက်ပွဲစတင်သောနေ့၏ မြန်မာရက်စွဲ ဖြစ်သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်လိုက်ပါ၏။ နယ်ချဲ့လက်အောက်က တို့ မြန်မာနိုင်ငံသား တွေ မဖြစ်မနေ ရုန်းထွက်ကြစို့ဟူသော အမျိုးသားစိတ်ဓာတ်များ တလူလူ လွင့်ကာ နိုးကြားထကြွလာအောင် စတင်လှုံ့ဆော်လိုက်သောနေ့။

သည့်မတိုင်မီက ယူနီဗာစီတီခေါ် တက္ကသိုလ်ကျောင်းဟူ၍ မြန်မာ နိုင်ငံတွင် မရှိ။ ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ် (ဂျပ်ဆင် ကောလိပ်)သာ ရှိ၏။ ထိုကျောင်းတို့သည် အိန္ဒိယနိုင်ငံ ကလကတ္တား တက္ကသိုလ်၏ လက်အောက်ခံ ကောလိပ်ကျောင်းခွဲများသာ ဖြစ်၏။ ထို့ကြောင့် ကလကတ္တားတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားရ၏။ စာမေးပွဲကို ကလကတ္တားတက္ကသိုလ်က ဦးစီးစစ်ဆေး၏။ တက္ကသိုလ်ဝင်စာမေးပွဲကို ကလကတ္တားတက္ကသိုလ်က မေးခွန်းထုတ်၏။

တိုးတက်သော မြန်မာလူငယ်တို့၏ လှုံ့ဆော်မှုကို အကြောင်းပြုကာ အင်္ဂလိပ်အစိုးရက ၁၉၁၈ ဇွန်လတွင် တက္ကသိုလ်အက်ဥပဒေရေးဆွဲရေး ကော်မတီဖွဲ့ကာ ဥပဒေကြမ်းတင်၏။ ဥပဒေကြမ်း ထွက်လာသည်နှင့် မြန်မာပညာတတ်လူငယ်များ၊ သတင်းစာများနှင့်တကွ ကျောင်းသားမိဘ တို့က မကျေနပ်ကြ။ ဝိုင်းဝန်းကန့်ကွက်ကြ၏။ ထိုတက္ကသိုလ်ဥပဒေအရ ဆိုလျှင် မြန်မာနိုင်ငံအတွင်း၌ ဤတက္ကသိုလ် တစ်ကျောင်းတည်းသာ ရှိရမည်၊ ဤတက္ကသိုလ် တစ်ကျောင်းတည်း၏ လက်အောက်တွင်လည်း ကောလိပ်ကျောင်း တစ်ကျောင်းတည်းသာ ရှိရမည်၊ ဤကောလိပ်နှင့် တက္ကသိုလ်တို့သည်လည်း ရန်ကုန်မြို့တွင်သာ ဖြစ်ရမည်၊ ဤကောလိပ်နှင့် တက္ကသိုလ်တို့တွင် ပညာသင်ယူသူ ကျောင်းသားတိုင်းသည် ကျောင်းအိပ် ကျောင်းစားသာဖြစ်ရမည် စသည့်အချက်များက မလိုလားအပ်သော အကန့်အသတ်ကြီးများဖြစ်နေသည့်အတွက် ကန့်ကွက်ကြခြင်း ဖြစ်ပါ သည်။

သို့သော်လည်း ထိုသို့ကန့်ကွက်နေသည့် ကြားက ၁၉၂၀ ဩဂုတ်လ ၂၈ ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ်က အတည်ပြုပြဋ္ဌာန်း ထုတ်ပြန် ကြေညာလိုက်လေသည်။

ဖိနှိပ်ခွဲခြားကန့်သတ်လိုမှုဖြင့် မတရားရေးဆွဲပြဋ္ဌာန်းသော ဥပဒေကို ရန်ကုန်မြို့က ကောလိပ်ကျောင်းသားကြီးများစုရုံးကာ စည်းဝေးကြ၏။ ဆန့်ကျင်ကန့်ကွက်ကြ၏။ သို့သော်လည်း မြန်မာဘုရင်ခံ ကရက်ဒေါက်က ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖွင့်မည်ဟု ကြေညာသည့်အခါ ကောလိပ် ကျောင်းသားကြီးတို့ တိုး၍ကန့်ကွက်ကြ၏။ ၁၉၂၀ ဒီဇင်ဘာ ၃ ရက် (တန်ဆောင်းမုန်းလပြည့်ကျော် ၈ ရက်၊ သီပေါဘုရင် ပါတော်မူနေ့) နံနက်တွင် ကောလိပ်ကျောင်းသားကြီး ၁၁ ဦးသည် ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့် ဗောဓိပင်ရှေ့တွင် လျှို့ဝှက်ဆွေးနွေးကြ၏။ နောက်ဆုံးတွင် သပိတ်မှောက်ကြရန် ဆုံးဖြတ်ကြ၏။ ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့်တွင် ခေါင်းဆောင် ကောလိပ်ကျောင်းသားကြီး ၁၁ ဦး၏ အမည်ကိုရေးထိုးထားသော ကျောက်တိုင်တစ်ခု အမှတ်တရထူ ကာ ဂုဏ်ပြုထားရှိပါသည်။

ထိုသပိတ်တိုက်ပွဲကို အရှိန်မြင့်၍ တစ်နိုင်ငံလုံး ထကြွလာရေးအတွက် လှည့်လည်တရားဟောလှုံ့ဆော်ရန် ဒီဇင်ဘာ ၄ ရက်တွင် ဗဟန်း ဦးအရိယ ကျောင်းတိုက်၌ အထူးအစည်းအဝေး ထပ်မံပြုလုပ်ကြ၏။ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြားတောရရှိ ဦးအရိယ ကျောင်းတွင်လည်း တိုးချဲ့ဖွဲ့စည်း သည့် ကျောင်းသားခေါင်းဆောင် ၂၆ ဦး၏ အမည်များကို ရေးထိုးထားသည့် ကျောက်တိုင်တစ်ခုကို ဂုဏ်ပြုစိုက်ထူထားရှိလေသည်။

ဤသို့ဖြင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်) တွင် ကျောင်းသားကြီးတို့က အဆိုပါတက္ကသိုလ်အက်ဥပဒေကို လုံးဝကန့်ကွက်ဆန့်ကျင် သပိတ် မှောက်ကြောင်း ကြေညာလိုက်လေသည်။ ရန်ကုန်မြို့ရှိ အထက်တန်း ကျောင်းသူ ကျောင်းသားများကလည်း ဗဟန်းသပိတ်စခန်းသို့ ချီတက် လာကြကာ သပိတ်တိုက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။ ယင်းမှသည် မြန်မာ တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းများအားလုံးလိုလိုသို့ ကူးစက် သွား၏။ နိုင်ငံအနှံ့ရှိ ပြည်သူလူထုကလည်း ကျောင်းသားထုဘက်က ရပ်တည်ကာ တစ်ခဲနက် ထောက်ခံခဲ့ကြလေသည်။

ဤသို့ဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ် လိုက်သော ထို ၁၉၂၀ ကျောင်းသားသပိတ်သည် ဗြိတိသျှအစိုးရ ထိတ်ပျာ တုန်လှုပ်သွားရသည့် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေး တိုက်ပွဲခေါ်သံ ဖြစ်ခဲ့ပါ၏။

မဟုတ်မခံသော၊ တရားမျှတမှုကို လိုလားသော၊ အမှန်တရားအတွက် ရဲရင့်သော ကျောင်းသားထု၏ လွတ်လပ်ရေးကို မြတ်နိုးသည့် စိတ်ဓာတ် နှင့် သတ္တိကိုဖော်ထုတ်ခဲ့၊ အမွေပေး လက်ဆင့်ကမ်းခဲ့သော ကျောင်းသား သပိတ်ကြီးကို ယနေ့ကာလ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသတည်း။ ။