
ရန်ကုန် ဩဂုတ် ၂၅
၂ဝ၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၉) နောက်ဆုံးနေ့အဖြစ် ရတနာပုံအသင်းနှင့် အား/ကာ သိပ္ပံအသင်းတို့ သြဂုတ် ၂၅ ရက် က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစား ရာ ရတနာပုံအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပထမအကျော့ ပြီးဆုံးခါနီး တွင် နိုင်ပွဲဆက်ခဲ့သည့် ရတနာပုံ အသင်းသည် ယခုပွဲတွင်လည်း အား/ကာသိပ္ပံကို အနိုင်ယူပြီး အဆင့် ၄ နေရာအထိ တက်လှမ်း နိုင်ခဲ့သည်။ ရတနာပုံအသင်း သည် ကစားအားကောင်းသည့်
အား/ကာသိပ္ပံအသင်းအား မြဝတီကို ကစားခဲ့သည့်ပုံစံ အတိုင်း ကွင်းလယ်အသာစီးရယူကာ ကစားခဲ့ပြီး ပထမပိုင်း ကတည်းက သုံးဂိုးသွင်းယူနိုင်ခြင်းကြောင့်လည်း အမှတ် ပြည့်ရခဲ့ခြင်းဖြစ်သည်။ ယခုရာသီတွင် ခြေစွမ်းပိုင်းတိုးတက် လာသည့် အား/ကာသိပ္ပံအသင်းမှာမူ ယခုပွဲတွင် ပုံစံကောင်း မပြသနိုင်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့ရသည်။
နှစ်သင်းစလုံး အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ရတနာပုံအသင်းမှာမူ ကွင်းလယ်ကစား သမား လှိုင်းဘိုဘို ပြန်ပါလာပြီးနောက်ပိုင်း ကွင်းလယ် ကစားပုံ သိသိသာသာကောင်းမွန်လာကာ ယခုပွဲတွင်လည်း ကွင်းလယ်ထိန်းချုပ်နိုင်သဖြင့် အား/ကာသိပ္ပံကို အသာရခဲ့ ခြင်းဖြစ်သည်။ ယခုပွဲတွင် တောင်ပံကစားသမား ရဲရင့်အောင် ၏ တိုးအားများမှာလည်း ရတနာပုံတိုက်စစ်ကို များစွာ အထောက်အကူဖြစ်ခဲ့ပြီး ၎င်းအနေဖြင့် တစ်ဂိုးသွင်း၊ နှစ်ဂိုး ဖန်တီးပေးခဲ့သည်။ ပွဲအစ သုံးမိနစ်မှာပင် ရတနာပုံအသင်း ဂိုးစတင်ရရှိခဲ့ပြီး ရဲရင့်အောင်၏ ဖန်တီးပေးမှုမှတစ်ဆင့် သက်နိုင်က အဖွင့်ဂိုး စတင်သွင်းယူခဲ့သည်။ ဂိုးရပြီး နောက်ပိုင်းတွင် ရတနာပုံအသင်းက ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၃၁ မိနစ်တွင် သက်နိုင်နှင့် ၄၄ မိနစ်တွင် ရဲရင့်အောင်တို့က ဂိုးများ ထပ်မံသွင်းယူကာ ပထမပိုင်းအပြီးတွင် သုံးဂိုးပြတ် ဦးဆောင်နေသည်။ အား/ကာသိပ္ပံအသင်းသည် ယခုပွဲတွင် ပုံမှန်ခြေစွမ်းမပြသနိုင်ခဲ့သလို ပွဲအစတွင် ဂိုးပေးလိုက်ရခြင်း ကြောင့်လည်း ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် လည်း ရတနာပုံအသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ဂိုးထပ်ရနိုင် သည့် အခွင့်အရေးများစွာရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ သဖြင့် နစ်နာခဲ့ရသည်။ အား/ကာသိပ္ပံအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ကြည်စိုး က သွင်းယူခဲ့သည်။
ပထမအကျော့အပြီးတွင် လက်ရှိချန်ပီယံရှမ်းယူနိုက် တက်အသင်းက ၂၅ မှတ်ဖြင့် ထိပ်ဆုံးတွင် ဆက်လက် ဦးဆောင်လျက်ရှိပြီး ရန်ကုန်အသင်းက ၁၉ မှတ်၊ မြဝတီ အသင်းက ၁၈ မှတ်၊ ရတနာပုံ၊ ဧရာဝတီနှင့် အား/ကာသိပ္ပံ အသင်းတို့က ၁၄ မှတ်စီ၊ ဟံသာဝတီအသင်းက ၁၁ မှတ်၊ မဟာယူနိုက်တက်အသင်းက ကိုးမှတ်၊ GFA အသင်းက ခြောက်မှတ် ရရှိထားကာ ရခိုင်အသင်းမှာမူ ကိုးပွဲစလုံး ရှုံးပြီး အမှတ်မရသေးပေ။
ရဲရင့်လွင်