
အဏုမြူလက်နက်ဆန့်ကျင်ရေး အထူးဆောင်းပါး
အောင်ဇေယျ
အမေရိကန်ပြည်ထောင်စုဟာ ၁၉၄၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဂျပန်နိုင်ငံကို အစွမ်းကုန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အမှတ်(၂ဝ)အမေရိကန် ကြည်းတပ်မတော်ရဲ့ လေတပ် (USAAF) ရဲ့ လက်ချက်ကြောင့် ၁၉၄၅ ခုနှစ် နွေရာသီကုန်ဆုံးချိန်မှာ ဂျပန်မြို့ကြီး အများစုဟာ ပြာပုံအတိဖြစ်ခဲ့ရပါတယ်။ ဒီလောက် အတိုက်ခံနေရတာတောင်မှ ဂျပန်ကြည်းတပ်မတော်ဟာ ပစိဖိတ် စစ်မျက်နှာမှာ လက်လျှော့မယ့်ပုံမရဘဲ ကျားကုတ်ကျားခဲပြန်တိုက်နေတုန်းပါ။ ဒီအတိုင်းဆိုရင် တစ်ကျွန်းပြီးတစ်ကျွန်း ဖားခုန် စနစ်နဲ့ တိုက်ခိုက်သိမ်းပိုက်လာတဲ့ အမေရိကန်တပ်တွေဟာ ဂျပန်ကျွန်းမကြီးနဲ့နီးကပ်လာတာနဲ့အမျှ အမေရိကန်စစ်သားတွေရဲ့ ထိခိုက်ကျဆုံးမှုနှုန်းဟာ ခေါင်ခိုက်လာတော့မှာ အသေအချာပါပဲ။ ဒါကို စစ်ဘက်အရာရှိကြီးတွေက တွက်ဆမိပါတယ်။
မန်ဟက်တန်စီမံကိန်း
ဒီနေရာမှာ ကြားဖြတ်ဖော်ပြလိုတာ က ဂျပန်နဲ့စစ်တိုက်နေတဲ့ အတော အတွင်းမှာပဲ အမေရိကန်အစိုးရဟာ အဖျက်စွမ်းအားကြီးမားတဲ့ အဏုမြူဗုံး လက်နက်ထုတ်လုပ်ဖို့ မန်ဟက်တန် စီမံကိန်း (Manhattan Project) ကို ဒေါ်လာ ၂ ဘီလီယံ အကုန်အကျခံပြီး လျှို့ဝှက်လုပ်ဆောင်နေတဲ့အချက် ဖြစ်ပါ တယ်။
၁၉၄၅ ခုနှစ် ဇူလိုင် ၆ ရက်မှာ အဲဒီ ဗုံးလက်နက်ကို အောင်မြင်စွာစမ်းသပ်နိုင် ခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရရဲ့ လက်ထဲမှာ လက်နက်အမျိုးအစား အသစ်ဖြစ်တဲ့ အဏုမြူဗုံးနှစ်လုံး ရှိလာပါ တယ်။
ဂျပန်အရပ်သားတွေကို စတေးခဲ့
တကယ်လို့ မြို့ကြီးတစ်မြို့ကို ဗုံး တစ်လုံးတည်းနဲ့ ဖျက်ဆီးနိုင်စွမ်း ရှိကြောင်း ပြသနိုင်မယ်ဆိုရင် ဂျပန်ဟာ သူ့အလိုအလျောက် လက်နက်ချလာ လိမ့်မယ်လို့ အမေရိကန်တို့က ယုံကြည် ပါတယ်။ အဏုမြူဗုံး အသုံးပြုတဲ့နည်းနဲ့ စစ်ပွဲကို စောစောစီးစီးအဆုံးသတ်နိုင်မှ သာ နောက်ထပ်ထိခိုက်သေကျေဖွယ်ရာ ရှိတဲ့ နှစ်ဖက်စလုံးက စစ်သည်သန်းပေါင်း များစွာကို ကယ်တင်ရာ ရောက်မယ်လို့ အမေရိကန်ဘက်က အကြောင်းပြပါ တယ်။ ကယ်တင်မယ်ဆိုတာ စစ်သည် တွေ၊ အထူးသဖြင့်ကတော့ အမေရိကန် တွေကို ပြောတာဖြစ်ပါတယ်။ အဲဒီ အတွက် စစ်နဲ့မဆိုင်တဲ့ ဂျပန်အရပ်သား တွေ စတေးပစ်ရမယ်ဆိုတာ အမေရိကန် က ထည့်မပြောခဲ့တဲ့အပြင် နောက်ပိုင်း မှာလည်း မတောင်းပန်ခဲ့ပါဘူး။
ပြောချင်တာက မန်ဟက်တန် စီမံကိန်းကို တာဝန်ယူထားတဲ့ သိပ္ပံပညာရှင် တွေက အဏုမြူဗုံးအသုံးပြုတဲ့ ပျံသန်းမှု လေ့ကျင့်ခန်းတွေကို စတင်နိုင်ပြီလို့ အမေရိကန် ကြည်းတပ်မတော်ရဲ့ လေတပ် ကို ၁၉၄၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက အသိပေးထားပြီးဖြစ်တယ်ဆိုတာပါပဲ။
အဏုမြူဗုံး သယ်ဆောင်ဖို့ လေယာဉ်ရွေးချယ်
အမေရိကန် ကြည်းတပ်မတော် လေတပ်ဟာ အဲဒီအချိန်က ခေတ်အမီဆုံး ဗုံးကြဲလေယာဉ်ဖြစ်တဲ့ Boeing B-29 Superfortress လေယာဉ်ကို အဏုမြူ ဗုံးသယ်ဆောင်ဖို့ ရွေးချယ်လိုက်ပြီး ဗိုလ်မှူးကြီးပေါလ်တစ်ဘက် (CoL.Paul Tibbets) ကို ခေါင်းဆောင်အဖြစ် တာဝန် ပေးခဲ့ပါတယ်။ လေတပ်က စိတ်ကြိုက် ရွေးချယ်ထားတဲ့ ဗိုလ်မှူးကြီးပေါလ်နဲ့ လေယာဉ်အဖွဲ့သားတွေဟာ ဘာမှန်း မသိရသေးတဲ့ လုပ်ငန်းတာဝန်တစ်ခု အတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်ကြရ ပါတော့တယ်။
အထူးလက်နက် သယ်ဆောင်ရေး အတွက် အထူးပြုပြင်မွမ်းမံထားတဲ့ B-29 ဗုံးကြဲလေယာဉ်ကြီး ၁၅ စင်းကို အမှတ် ၅ဝ၉ အုပ်စုကြီး (No.509Group)အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ သူတို့တာဝန်ကို လျှို့ဝှက်ထားပြီး အဏုမြူစစ်ပွဲအတွက် လေ့ကျင့်နေတယ်လို့ အသိပေးမထား ပါဘူး။ ပေါင် ၁ဝဝဝဝ ကျော်လေးလံတဲ့ ဗုံးကြီးကို ကြဲချဖို့ဖြစ်တယ်လို့သာ အသိ ပေးထားပါတယ်။ တကယ်တမ်းလည်း ယမ်းအပြည့်ဖြည့်ထားပြီး ပေါင် ၁၀၀၀၀ အလေးချိန်ရှိတဲ့ဗုံးနဲ့ လေ့ကျင့်ခိုင်းပါ တယ်။ အဲဒီလေ့ကျင့်ရေးဗုံးဟာ နာဂါ စာကီမြို့ပေါ်ကို ကြဲချမယ့် အဏုမြူဗုံး ‘လူဝကြီး’ (Fat Man) နဲ့ ပုံသဏ္ဌာန် တူပါတယ်။ ဗုံးရဲ့ပုံသဏ္ဌာန်နဲ့ အရောင် အဆင်းကိုကြည့်ပြီး ‘ရွှေဖရုံသီး’ (Pum-pkin) လို့ အမည်ဝှက်ပေးလိုက်ကြပါ တယ်။
ဗိုလ်မှူးကြီးပေါလ်က လေယာဉ် အုပ်စုကို မိုင်ထောင်ချီဝေးတဲ့ပစ်မှတ်တွေ ဆီ ပျံသန်းခိုင်းပါတယ်။ ခရီးဝေး လေကြောင်းလမ်းပြ (X’country Navi-gation) ကို လေ့ကျင့်ပေးပါတယ်။ ပစ်မှတ်ပေါ်ရောက်တဲ့အခါ အလွန်မြင့်တဲ့ အမြင့်က ဗုံးချတဲ့နည်းဗျူဟာကို လေ့ကျင့် ရပြန်ပါတယ်။ လေ့ကျင့်တဲ့အခါမှာ ဗုံးကြဲပြီးနောက် ဗုံးကွဲမှုကြောင့် ပေါ်ပေါက် လာမယ့် တုန်လှုပ်လှိုင်း (Shock Wave) ကနေ လွတ်ကင်းအောင်ပျံသန်းနည်း (Escape Manoeuvre) ကိုပါ အကြိမ် ကြိမ် လေ့ကျင့်ရပါတယ်။ သူတို့ဟာ အဏုမြူဗုံးတစ်လုံးချဖို့အတွက် ၁၉၄၄ ခုနှစ် နိုဝင်ဘာလကနေ ၁၉၄၅ ခုနှစ် ဇွန်လအထိ အဆက်မပြတ်လေ့ကျင့် ကြရပါတယ်။ ပထမဆုံးအဏုမြူဗုံး ဖြစ်တဲ့အတွက် အမှားအယွင်းတစ်စုံ တစ်ရာရှိမှာကို တာဝန်ရှိသူတွေက မလို လားကြပါဘူး။
ဟီရိုရှီးမားမြို့ပေါ်သို့
အဏုမြူဗုံးကြဲချခြင်း
၁၉၄၅ ခုနှစ် ဧပြီလမှာ အမှတ် ၅၀၉ အုပ်စုကြီးကို မာရီယာနာကျွန်းစု (Mari-ana Islands) ပေါ်မှာရှိတဲ့ တီနီယန် အခြေစိုက်စခန်း (Tinian Base) ကို ပြောင်းရွှေ့ခိုင်းလိုက်ပါတယ်။ ဒီကျွန်း တွေဟာ တိုကျိုမြို့တော်ကနေ မိုင် ၁၄၅၀ သာ ကွာဝေးတာကြောင့် စစ်ဆင်ရေး အတွက် တာစူလိုက်တာပဲလို့ ပြောရမှာ ပါ။
သြဂုတ် ၂ ရက်နောက်ပိုင်း ရာသီဥတု ကောင်းမွန်ချိန်ကို စစ်ဆင်ရေး(ယ-ရက်) သတ်မှတ်တဲ့ ရှေ့ပြေးအမိန့် ထွက်လာပါ တယ်။ ဦးစားပေးအစဉ်အလိုက် ရွေးချယ် ထားတဲ့ ပစ်မှတ်တွေကတော့ ဟီရိုရှီးမား၊ ကိုကူရာနဲ့ နာဂါစာကီတို့ဖြစ်ကြပါတယ်။
(ယ-ရက်) ရောက်ပါပြီ။ ဩဂုတ် ၆ ရက် နံနက် ၈ နာရီ ၁၅ မိနစ်မှာ ဗိုလ်မှူး ကြီး ပေါလ်တစ်ဘက် မောင်းတဲ့ အီနို လာဂေး (Enola Gay) အမည်ရှိ B-29 လေယာဉ်က ပေါင် ၉၇၀၀ လေးပြီး ‘လူကလေး’ (Little Boy) လို့ အမည် ဝှက်ပေးထားတဲ့ အဏုမြူဗုံးကို ဟီရို ရှီးမား (Hiroshima) မြို့ပေါ်ကို ကြဲချခဲ့ပါ တယ်။
ဗုံးက မြို့ဗဟိုချက်ရဲ့အထက် ပေ ၂ဝဝဝ အမြင့်မှာ ပေါက်ကွဲသွားပြီး မြို့ရဲ့ လေးစတုရန်းမိုင် ပတ်လည်ဟာ ချက်ချင်း ပြောင်တလင်းခါသွားပါတယ်။ သက်ရှိ၊ သက်မဲ့အားလုံး ပြာအတိကျသွားကာ ကွန်ကရစ် အဆောက်အအုံအချို့သာ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ လေပြင်းဒဏ်ကို ခံနိုင်ပါတယ်။
လေယာဉ်မှူးပေါလ်က “ကျွန်တော် တို့ ဝင်လာတော့ မြို့ကို မြင်နေရသေး တယ်။ ကျွန်တော်တို့ ပြန်ထွက်သွားတော့ အောက်မှာ ဘာမှမရှိတော့ဘူး”လို့ ပြောပြ ပါတယ်။
ဟီရိုရှီးမားကို အဏုမြူဗုံးကြဲချအပြီး ၁၆ နာရီအကြာမှာ အမေရိကန်သမ္မတ ဟယ်ရီထရူးမင်း (Harry Truman)က “ဗုံးဟာ (TNT) ယမ်းပြင်းအား တန် ၂ဝဝဝဝ မက ပြင်းထန်ကြောင်း”တရားဝင် ကြေညာရာမှာ ထည့်သွင်းပြောကြား သွားခဲ့ပါတယ်။
ဂျပန်ဟာ အဏုမြူဗုံးရဲ့ အဖျက် စွမ်းအားကို တွေ့မြင်တဲ့တိုင်အောင် လက်နက်ချမယ့် အရိပ်အယောင်တောင် မပြပါဘူး။ ဒါကြောင့် ဩဂုတ် ၉ ရက် မှာ ကျန်တဲ့အဏုမြူဗုံးကို နာဂါစာကီမြို့ (Nagasaki)ပေါ် ကြဲချလိုက်ရပါတယ်။ အဲဒီဗုံးရဲ့အမည်ဝှက်ကတော့ ‘လူဝကြီး’ (Fat Man) ပါပဲ။ နောက်ဆုံးလက်ကျန်ဗုံး ပေါ့။ ဒီဗုံးကို ဘော့စ်ကာ(Bockscar)လို့ အမည်ပေးထားတဲ့ B-29 နဲ့ သယ်သွား ပြီး ချခဲ့တာပါ။
တကယ်တော့ ဒုတိယပစ်မှတ်ဖြစ်တဲ့ ကိုကူရာကို တိုက်ခိုက်ဖို့ ဖြစ်ပေမယ့် ရာသီဥတုမကောင်းလို့ လေယာဉ်မှူး ချက်ဆွီနေ (Chuck Sweeney) က တတိယပစ်မှတ် နာဂါစာကီပေါ်ကို လမ်းကြောင်းပြောင်းလိုက်တာ ဖြစ်ပါ တယ်။ ကိုကူရာပေါ်မှာ တိမ်တွေ ပိတ်ဖုံး နေတဲ့အပြင် လေယာဉ်ရဲ့ ဆီလှောင်ကန် ပြောင်းစနစ် ချွတ်ယွင်းသွားတဲ့အတွက် လက်ကျန်ဆီ နည်းသွားတာကြောင့် တိမ်ရှင်းချိန်အထိ မစောင့်နိုင်ခြင်းဟာ နာဂါစာကီရဲ့ ကံကြမ္မာလို့သာ ဆိုရပါ တော့မယ်။
မူလစစ်ဗျူဟာအတိုင်း စစ်ပွဲကိုဆင်နွှဲ
ဂျပန်ဟာ အဏုမြူဗုံးဒဏ်ကို နှစ်ကြိမ်ခံလိုက်ပြီးနောက် ဩဂုတ် ၁၄ ရက်မှာ ခြွင်းချက်မရှိ လက်နက်ချခဲ့ရ ပါတယ်။ အကယ်၍သာ ဂျပန်က မိုက်မိုက် ကန်းကန်းလို့ပဲပြောပြော၊ ဇာတိမာန် ပြင်းထန်လို့ပဲဆိုဆို လက်နက်မချဘဲ ဆက်တိုက်ခဲ့ရင် သို့မဟုတ် အမေရိကန် ရဲ့ လက်ဝယ်မှာ အဏုမြူဗုံးနှစ်လုံးသာ ရှိတယ်လို့ ထောက်လှမ်းရေးသတင်း ရခဲ့ရင် အမေရိကန်အနေနဲ့ မူလ စစ်ဗျူဟာအတိုင်း သမားရိုးကျစစ်ပွဲကို ဆက်လက်ဆင်နွှဲရတော့မှာ ဖြစ်ပါ တယ်။
ဟီရိုရှီးမားမှာ အဏုမြူဗုံးဒဏ် ကြောင့် ဂျပန်စစ်သား ၂ဝဝဝဝ ကျဆုံးပြီး အရပ်သား ၁၂၆ဝဝဝ သေဆုံးခဲ့ပါတယ်။ နာဂါစာကီမှာတော့ မပြောလောက်သော စစ်သား ၁၅ဝ ခန့်နဲ့ အရပ်သား ၈၀၀၀၀ သေဆုံးခဲ့ပါတယ်။ နှစ်မြို့ပေါင်း အသေအပျောက်မှာ စစ်သား ၂ဝဝဝဝ အပါအဝင် ၂၂၆ဝဝဝ ရှိသွားပါတယ်။ အများစုဟာ အရပ်သားတွေဖြစ်ပါတယ်။ အဏုမြူဗုံးရဲ့ စွမ်းအင်နဲ့ သက်ရောက်မှု ကို အမေရိကန်သိပါတယ်။ သို့ဖြစ်လျက် အသက်ချင်း အလဲအထပ်ပြုခဲ့ပါတယ်။ အရပ်သားတွေ သေဆုံးမှာကို သိလျက် လူသားမဆန်စွာ ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းပင်ဖြစ်ပါတယ်။ ဒီကနေ့ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးကို genocide လို့ ပြောနေကြတာဟာ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်ရဲ့ ကျူးလွန်မှုနဲ့စာရင် ရယ်စရာပါ။
ဩဂုတ်လ ၁၄ ရက်မှာ ဂျပန်နိုင်ငံက ခြွင်းချက်မရှိ လက်နက်ချလိုက်တာ ကြောင့် အရှေ့အာရှစစ်ပွဲကြီး ပြီးဆုံးသွား ပါတယ်။ တကယ်လို့ မျက်မှောက်ခေတ် မှာ အဏုမြူစစ်ပွဲသာဖြစ်ခဲ့ရင် နှစ်ဖက် စလုံးအပြင် နီးစပ်ရာတွေပါ ပျက်စီးဆုံးရှုံး ရမှာဖြစ်ပါတယ်။ ဒါကြောင့် ၁၉၄၅ ခုနှစ် ဩဂုတ် ၆ ရက်နဲ့ ၉ ရက်မှာ ပြုလုပ်ခဲ့ တဲ့ အဏုမြူစစ်ဆင်ရေးဟာ ပထမဆုံးနဲ့ နောက်ဆုံးဖြစ်ပါစေလို့ ဆုတောင်း လိုက်ရပါတော့တယ်။ ။
- Log in to post comments