
ဦးကျော်ကျော် (တရားရေး)
ပဋိညာဉ်ပြုနိုင်သူတို့က ဥပဒေနှင့်ညီညွတ်သော အဖိုးစားနားနှင့် ရည်ရွယ်ချက်အရ မိမိတို့အလို အလျောက်ပြုလုပ်ကြသည့် သဘောတူညီချက်များ သည် ပဋိညာဉ်အက်ဥပဒေအရပျက်ပြယ်ကြောင်း အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိလျှင် ပဋိညာဉ်ဖြစ် သည်။ (ပဋိညာဉ်အက်ဥပဒေပုဒ်မ-၁၀)
ပဋိညာဉ်အက်ဥပဒေအရ ပျက်ပြယ်သော သဘောတူညီချက်၊ တရားဝင်ပဋိညာဉ်နှင့် ပျက်ပြယ် ခွင့်ရသည့် ပဋိညာဉ်ဟူ၍ သုံးမျိုးရှိသည်။
တရားဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမပြု နိုင်သော သဘောတူညီချက်သည် ပျက်ပြယ်သော သဘောတူညီချက်ဖြစ်သည်။ (ပဋိညာဉ်အက်ဥပဒေ ပုဒ်မ-၂(ဆ))
တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် သဘောတူညီချက်သည် တရားဝင်ပဋိညာဉ်ဖြစ် သည်။ (ပဋိညာဉ်အက်ဥပဒေပုဒ်မ-၂(ဇ))
သဘောတူညီချက်တွင် ပါဝင်သူတို့အနက် တစ်ဦးကဖြစ်စေ၊ အများကဖြစ်စေ အလိုရှိလျှင်ဥပဒေ အရ အရေးယူဆောင်ရွက်ခွင့်ရှိသော်လည်း ကျန်သူ များက ထိုကဲ့သို့ အရေးယူဆောင်ရွက်ခြင်းမပြုလျှင် ထိုသဘောတူညီချက်သည် ပျက်ပြယ်ခွင့်ရသည့် ပဋိညာဉ်ဖြစ်သည်။ (ပဋိညာဉ်အက်ဥပဒေပုဒ်မ-၂(ဈ))
တရားဥပဒေနှင့် ညီညွတ်သော ပဋိညာဉ်
ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၃ တွင် သဘော တူညီချက်၏ရည်ရွယ်ချက်သည် (၁) တရားဥပဒေ ဖြင့် တားမြစ်ထားသည့်အချက်၊ (၂) အကယ်၍ ခွင့်ပြု လျှင် တရားဥပဒေပါပြဋ္ဌာန်းချက်များကို ပျက်ပြားစေ မည့် အချက်၊ (၃) လိမ်လည် လှည့်ဖြားရာရောက်သည့် အချက်၊ (၄) သူတစ်ပါး၏ (သို့မဟုတ်)ပစ္စည်းကို ထိခိုက်နစ်နာစေခြင်း (သို့မဟုတ်) နစ်နာရာရောက် စေသည့်အချက်၊ (၅) ကျင့်ဝတ်တရားပျက်ပြားသည် သို့မဟုတ် အများပြည်သူဆိုင်ရာဝါဒနှင့် ဆန့်ကျင် သည်ဟု တရားရုံးကထင်မြင်သည့် အချက် စသည့် ရည်ရွယ်ချက်တစ်ရပ်ရပ်မရှိလျှင် တရားဥပဒေနှင့် ညီညွတ်သော ပဋိညာဉ်ဖြစ်သည်ဟု ဒေါ်စပ်ချစ်ဦး (ကွယ်လွန်သူဒေါ်စပ်လိပ်လုံ၏ တရားဝင်ကိုယ်စား လှယ်) ပါ ၉ နှင့် ဦးစိုင်းရီ အမှု၊ ၂၀၀၂ ခုနှစ်၊ မြန်မာ နိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၂၆၀ တွင် ထုံးဖွဲ့ ထားသည်။
ရောင်းသူနှင့်ဝယ်သူတို့သည် အရောင်းအဝယ် ပဋိညာဉ်ပြုလုပ်စဉ်က ရောင်းသူပိုင်သည်ဟု ရောင်း သူရော ဝယ်သူပါ မှားယွင်းယုံကြည်ခဲ့သည့်ကိစ္စတစ် ရပ်ဖြစ်၍ ထိုပဋိညာဉ်သည် ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၀ အရ မူလကပင်ပျက်ပြယ်နေသည့် ပဋိညာဉ်ဖြစ် သည်ဟု ယူဆရမည်ဖြစ်သည်။ ပျက်ပြယ်နေသည့် ပဋိညာဉ်အရ ပေးဆောင်ရန်ကတိပြုထားသည့် အဖိုးစားနားငွေကို ရောင်းသူအနေဖြင့်တောင်းဆို ခြင်း ပြုနိုင်မည် မဟုတ်ပေ။ (ဒေါ်အုန်းစိန်ပါ ၄ နှင့် ဦးဘတင် အမှု၊ ၁၉၇၀ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင် ထုံး၊ စာမျက်နှာ-၄၃)
ချေးငွေကို အိမ်မြေအရောင်းအဝယ်စရန်ပေးငွေ အဖြစ် ဖန်တီးထားသောစာချုပ်မှာ ဟန်ဆောင် စာချုပ်ဖြစ်ပါသည်။ စရန်ငွေများကို စာချုပ်ချုပ်သည့် နေ့က အမှန်တကယ်ပေးချေခဲ့ခြင်း မရှိကြောင်း ပေါ်ပေါက်သည်။ ငွေကို အလီလီပေးခဲ့သည့် အထောက်အထားမရှိသဖြင့် စာချုပ်တစ်ခုပြီးတစ်ခု တွင် ချေးငွေအရင်းနှင့် အတိုးပေါ်အတိုးဆင့်၍ တွက်ချက်ဖော်ပြခဲ့သည့် ကြွေးမြီများဟုသာ သုံးသပ် ရမည်ဖြစ်သည်။ အမှုမှာချေးငွေကို အိမ်မြေအရောင်း အဝယ် စရန်ပေးငွေအဖြစ် ဖန်တီးထားသည့် ဟန်ဆောင်စာချုပ်အပေါ် အခြေခံစွဲဆိုသောအမှု ဖြစ်ကြောင်းပေါ်ပေါက်သည်။ ဟန်ဆောင်ချုပ်ဆို ထားသောစာချုပ်နှင့် ပတ်သက်၍ စွဲဆိုသောအမှုကို ခိုင်မာသောအခြေခံမရှိသဖြင့် ပလပ်ရန် ဖြစ်သည်။ ဒေါ်အေးအေးနှင့် ဒေါ်နန်းလီ(ခ) ဒေါ်လီလီလှိုင် အမှု၊ ၂၀၁၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၁၂၇ တွင် ကြည့်ပါ။
အငြင်းပွားမှုများ ဖြစ်ပွား
တရားဥပဒေနှင့်ညီသော ပဋိညာဉ်သည် တရား ဥပဒေနှင့် ညီညွတ်သော တာဝန်ကိုဖြစ်ပေါ်စေသည်။ အဆိုပါ တာဝန်ဝတ္တရားကို ပဋိညာဉ်ပြုသူတို့က ထမ်းဆောင်ရန်တာဝန်ရှိကြပြီး အဆိုပါတာဝန်ကို တစ်ဖက်ဖက်ကဖြစ်စေ၊ နှစ်ဖက်လုံးကဖြစ်စေ ထမ်းဆောင်ရန် ပျက်ကွက်ခြင်းကြောင့် အငြင်းပွား မှုများ ဖြစ်ပွားကြကြောင်းတွေ့ရသည်။
ပဋိညာဉ်ပြုသူတစ်ယောက်သည် ပဋိညာဉ်အရ ဆောင်ရွက်ရန် အချိန်ကျရောက်သော်လည်း ဆောင်ရွက်ရန် ပျက်ကွက်လျှင် ပဋိညာဉ်ချိုးဖောက် မှုဖြစ်ပေါ်သည်။ ပဋိညာဉ်ကို ငြင်းပယ်ခြင်း (repudiation of the contract) သည် ပဋိညာဉ်အတိုင်းလိုက်နာဆောင်ရွက်ရန် ငြင်းဆိုခြင်း (refu-sal to fulfill the contract) ဖြစ်သည်။ ငြင်းပယ်ခြင်း ဆိုသည်မှာ ပဋိညာဉ်ပြုသူတစ်ယောက်က ပဋိညာဉ် အရပြုလုပ်ရန် တာဝန်ကိုပြုလုပ်ဆောင်ရွက်ရန် ငြင်းဆိုခြင်းဖြစ်သည်။ ထိုသို့ ငြင်းပယ်လိုက်လျှင် နစ်နာသော တစ်ဖက်ပဋိညာဉ်ပြုသူက ယင်းသို့ ငြင်းပယ်သူအား ပဋိညာဉ်ကို ချိုးဖောက်မှုအတွက် လျော်ကြေးရယူရန် တရားစွဲဆိုပိုင်ခွင့်ရှိသည်။ ငြင်းပယ်ခြင်းမြောက်အောင် ပဋိညာဉ်အရ ပြုလုပ် ရမည့် တာဝန်ကိုပြုလုပ်ဆောင်ရွက်ရန် မည်သို့ ငြင်းပယ်ရမည်နည်းဟူမူ လုံးလုံးလျားလျား ငြင်းဆို ရမည် (total refusal) သို့မဟုတ် အကြွင်းမဲ့ငြင်း ဆိုခြင်း (absolute refusal) ဟု ဆိုရပေလိမ့်မည်။ ပဋိညာဉ်ပြုသူတစ်ယောက်သည် ပဋိညာဉ်အတိုင်း ၎င်းက မဆောင်ရွက်နိုင်ကြောင်း သို့မဟုတ် မဆောင်ရွက်လိုကြောင်းကို ၎င်း၏ ပြုမူချက် (conduct) ဖြင့် သိစေလျှင် ပဋိညာဉ်အရ ၎င်းပေါ်ကျ ရောက်သောတာဝန်ကို ငြင်းပယ်ရာ ရောက်သဖြင့်၊ အခြားတစ်ဖက်တွင် ပဋိညာဉ်ပြုသူသည် ထိုငြင်းပယ် ချက်ကြောင့် နစ်နာလျှင် လျော်ကြေးရခွင့် ရှိသည်။ ((၁)ဦးနေဝင်း (၂)ဒေါ်မြလေးနှင့် ဒေါ်ခင်အေး၊ ၁၉၇၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ- ၄၃(၅၈))
ပဋိညာဉ်အက်ဥပဒေပုဒ်မ ၃၇ တွင် ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရဖြစ်စေ၊ အခြားဥပဒေ တစ်ရပ် ရပ်အရဖြစ်စေ မဆောင်ရွက်ဘဲနေခွင့်ရှိသည် သို့မဟုတ် ဆောင်ရွက်ခြင်းမှ ခွင့်လွှတ်သည့်ကိစ္စမှ တစ်ပါး ပဋိညာဉ်ပြုလုပ်သူတို့သည် အသီးသီးပြုလုပ် ခဲ့သော ကတိအတိုင်း ဆောင်ရွက်ကြရမည်၊ သို့မဟုတ် ဆောင်ရွက်မည်ဟု ကမ်းလှမ်းရမည်။ ပဋိညာဉ်တွင် အခြားနည်းဆန့်ကျင်ကွဲလွဲသည့် ရည်ရွယ်ချက်မရှိပါက ကတိအတိုင်း မဆောင်ရွက် ရမီ ကတိပြုသူသေဆုံးလျှင် ထိုသူ၏ကိုယ်စားပြု သူတို့အပေါ် ထိုကတိ အတည်ဖြစ်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ ၅၂ တွင် အပြန်အလှန် ကတိများအတိုင်း ဆောင်ရွက်ရန်အစီအစဉ်ကို ပဋိညာဉ်အရ အတိအလင်း သတ်မှတ်ထားလျှင် ထိုအစီအစဉ်အတိုင်း ဆောင်ရွက်ရမည်။ ထို့ပြင် ပဋိညာဉ်အရ အစီအစဉ်ကို အတိအလင်းသတ် မှတ်ခြင်းမရှိလျှင် အမှုကိစ္စသဘောအရ လိုအပ်သော အစီအစဉ်အတိုင်း ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်း ထားသည်။ သို့ဖြစ်၍ သာမန်အားဖြင့် အပြန်အလှန် ကတိပြုသူနှစ်ဦးသည် ပဋိညာဉ်တွင်ပါရှိသော အစီအစဉ်အတိုင်း ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ရမည်ဖြစ်သည်။
ပဋိညာဉ်တစ်ရပ်လုံးကို ဖျက်သိမ်းနိုင်
ကတိပြုသူသည် ပဋိညာဉ်အရ မိမိဆောင်ရွက် ရန်အပိုင်းကို ဆောင်ရွက်ရန် ပျက်ကွက်လျှင် ကတိရသူသည် ပဋိညာဉ်တစ်ရပ်လုံးကို ဖျက်သိမ်း နိုင်သည်။ သို့သော် ပဋိညာဉ်ကို ဆက်လက်တည်သည် ဟု သတ်မှတ်လျှင် ကတိပြုသူအား ပဋိညာဉ်အတိုင်း ဆောင်ရွက်ပါဟု တောင်းဆိုပိုင်ခွင့်ရှိနိုင်ရန် မိမိ ဆောင်ရွက်ရန်ရှိသည်များကို အပြည့်အဝ ဆောင် ရွက်ရမည်ဖြစ်သည်။
ပဋိညာဉ်တွင် ပါဝင်သူတို့သည် ပဋိညာဉ်တွင် ပါဝင်သော အပြန်အလှန် ကတိများအတိုင်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ သို့ရာတွင် ရောင်းချ သူသည် ရောင်းချထားသော အဆောက်အအုံကို ဖျက်သိမ်းခြင်းဖြင့် ပဋိညာဉ်ပါကတိကို စတင်ချိုး ဖောက်သည်။ ထိုအခါ ဝယ်ယူသူသည် ကတိအတိုင်း ကျန်ငွေများကိုမပေးအပ်ဘဲ ပဋိညာဉ်ကို ဖျက်သိမ်း နိုင်သည် သို့မဟုတ် ပဋိညာဉ်ကို ဆက်လက်အတည် ပြုနိုင်သည်။ ထိုကဲ့သို့ ပဋိညာဉ်ကိုဆက်လက် အတည်ပြုလိုလျှင် ဝယ်ယူသူသည် ပဋိညာဉ်ပါ ကတိအတိုင်း ကျန်ငွေကို သတ်မှတ်ရက်တွင်ပေးချေ ရမည် သို့မဟုတ် ဝယ်ယူသူသည် ပဋိညာဉ်ကို ဆက်လက်အတည်မပြုလိုလျှင် ကျန်ငွေများကို မပေးဆပ်ဘဲ ပဋိညာဉ်ကို ဖျက်သိမ်းပိုင်ခွင့်ရှိပေ သည်။
ကတိများကို အပြန်အလှန်ဆောင်ရွက်ရန်ဖြစ် ကြလျှင် တစ်ဖက်စီသည် ပဋိညာဉ်အရ မိမိဆောင် ရွက်ရန်ရှိသည့်အတိုင်း ဆောင်ရွက်လိုကဆောင်ရွက် ခွင့်ရှိသည်။ သို့ရာတွင် မိမိဆောင်ရွက်ရန် သဘောတူ ညီသောအပိုင်းကို ဆောင်ရွက်ခြင်းမပြုဘဲ အခြား တစ်ဖက်အား ထိုသူက ကတိအတိုင်းဆောင်ရွက်ရန် မတောင်းဆိုနိုင်ချေ။
အရောင်းအဝယ်ပဋိညာဉ်ကို သီးခြားဆောင် ရွက်ပေးစေရန် စွဲဆိုသောအမှုတွင် ပေါ်ပေါက်သော အမှုစွဲဆိုရန် အကြောင်းသည် အရောင်းအဝယ်ပြုလုပ်သည့်ပစ္စည်းကို လက်ရောက်ပေးအပ်ရန် စွဲဆို သောအမှု၌ ပေါ်ပေါက်သော အမှုစွဲဆိုရန်အကြောင်း နှင့် မတူချေ။ အရောင်းအဝယ်ကိစ္စကို သီးခြား ဆောင်ရွက်ပေးစေလိုမှုမှာ ပစ္စည်းရောင်းချရန် ပဋိညာဉ်အပေါ်အခြေခံ၍ စွဲဆိုခြင်းဖြစ်ပြီး လက် ရောက်ပေးအပ်စေလိုမှုမှာ ပစ္စည်းလွှဲပြောင်းခြင်းစာချုပ်အပေါ် အခြေခံ၍ စွဲဆိုခြင်းဖြစ်သည်။ မရွှေ့ မပြောင်းနိုင်သောပစ္စည်းကို ဝယ်သူက ရောင်းသူ အပေါ် အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ပေး ရန်နှင့် လက်ရောက်ရလိုကြောင်း စွဲဆိုသောအမှုတွင် ရောင်းသူက အဆိုပါပစ္စည်းအပေါ်ပိုင်ဆိုင်မှု မရှိ ကြောင်း ပေါ်ပေါက်နေပါက စွဲဆိုသည့်အတိုင်း ဒီကရီမရနိုင်ပေ။ (ဦးစိုးမြင့်နှင့် ဦးအောင်ကျော်မင်း ပါ၂၊ ၂၀၀၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ - ၁၆၇)
အရောင်းအဝယ်ပဋိညာဉ်တွင် ရောင်းသူက ပဋိညာဉ်ကိုဖောက်ဖျက်ပါက လျော်ကြေးငွေပေးရန် စည်းကမ်းချက်ပါရှိလျှင် ပဋိညာဉ်အတိုင်း ဆောင် ရွက်စေရန် သက်သာခွင့်နှင့် လျော်ကြေးပေးစေရန် သက်သာခွင့်တို့အနက် မည်သည့်သက်သာခွင့်ကိုရယူလိုခြင်းမှာ တရားလို၏ရွေးချယ်ခွင့်ဖြစ်ပေသည်။ (ဦးမြမောင်နှင့် ဦးဝမ်စွိ (ခ) တန်ဝမ်စွိပါ ၇၊
ဦးတင်ဦးပါ ၈ ၁၉၉၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၁၁၅)
ပဋိညာဉ်ချုပ်ဆိုရာတွင် ပါဝင်သူတစ်ဦးက အကြောင်းအရာတစ်ခု သတ်မှတ်ထားသောအချိန် တွင်ပြုလုပ်ရန် ကတိပြုသော်လည်း ထိုကဲ့သို့ပြုလုပ် ရန် ပျက်ကွက်လျှင် အချိန်သည် ပဋိညာဉ်၏အဓိက အချက်ဖြစ်ရန် ရည်ရွယ်ပါက ကတိရသူက ထိုပဋိ ညာဉ်ကို ပဋိညာဉ်အက်ဥပဒေပုဒ်မ ၅၅ အရ ဖျက်သိမ်းခွင့်ရသည်။ ပဋိညာဉ်အက်ဥပဒေပုဒ်မ ၅၅ တွင် ဖော်ပြထားသော အချိန်ကာလသည် ပဋိညာဉ်၏ အဓိကအချက်ဖြစ်စေရန် ကာယကံရှင် များက ရည်ရွယ်ခြင်း ရှိ-မရှိ ပြဿနာကိုစာဖြင့် ရေးသားထားသော စာချုပ်စာတမ်းပါစည်းကမ်းချက် များနှင့် ပတ်ဝန်းကျင်အကြောင်းခြင်းရာများကို ဆင်ခြင်စဉ်းစားဆုံးဖြတ်ရမည်။ ( ဒေါ်လှနွဲ့(၎င်း၏အခွင့်ရကိုယ်စားလှယ် ဦးထွန်းအောင်နှင့် ဦးသန်း ညွန့် ပါ ၃၊ ဒေါ် လှနွဲ့ (၎င်း၏ အခွင့်ရကိုယ်စားလှယ် ဦးထွန်းအောင် ဦးသန်းညွန့် ၂၀၀၁ ခုနှစ်၊ မြန်မာ နိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၄၀၃(၄၀၄))
ပဋိညာဉ်တစ်ရပ်ပျက်ပြယ်သည့်အခါ ယင်း ပဋိညာဉ်အရ ရရှိထားသည့် အကျိုးခံစားခွင့်ကိုရရှိ ထားသူက ပြန်လည်ပေးအပ်ရမည်ဟု ပဋိညာဉ် အက်ဥပဒေပုဒ်မ ၆၅ တွင် ပြဋ္ဌာန်းထားသည်။
တရားလိုက လျော်ကြေးမတောင်းဆိုစေကာမူ တရားရုံးက လျော်ကြေးပေးစေသည့် အမိန့်ချမှတ် နိုင်သည်။ လျော်ကြေးငွေ မည်မျှသတ်မှတ်သင့်သည် ကို ချိန်ဆရာ၌ လျော်ကြေးငွေရမည့် ဦးအဘူတွင် မည်မျှတာဝန်ကင်းသည်ကို သုံးသပ်ရပေမည်။ မြေဂရန်အပြိုင်လျှောက်၍ အရှုပ်အရှင်းရှိနေကြောင်း ဦးအဘူအနေဖြင့် ထိုက်သင့်သော သတိဖြင့် စုံစမ်း လျှင်သိရှိနိုင်သည်။ ထိုသို့စုံစမ်းရန်ပျက်ကွက်ပြီး ဝယ်ယူခဲ့သည်၊ သို့မဟုတ် သိလျက်နှင့် ဝယ်ယူခြင်း ဖြစ်နိုင်သည်။ ဦးအဘူတွင် တာဝန်ကင်းသည်ဟု မဆိုနိုင်ပေ။
စတိသဘောလျော်ကြေးသာပေးသင့်သည်။ ( ဦးအဘူနှင့် ဒေါ်ကမာလ်ဇံပါ၄ အမှု၊ ၁၉၉၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ -၁၁၈) ဒေါ်ကမာလ်ဇံပါ၄ ဦးအဘူ
“အရောင်းအဝယ် ပျက်ပြယ်သဖြင့် ပေးသွင်းထားသောငွေကို ပြန်လည် ပေးအပ်ရေးနှင့်စပ်လျဉ်း၍ ပဋိညာဉ် အက်ဥပဒေတွင် ပြဋ္ဌာန်းထားချက်များ မတွေ့ရပေ။ ဤ ပြဿနာကိုဆုံးဖြတ်ရာ၌ ပေးသွင်းသောငွေသည် ရောင်းငွေအတွက် တစ်စိတ်တစ်ဒေသအားဖြင့် ပေးသွင်းခဲ့ လျှင် ရောင်းသူသော်လည်းကောင်း၊ ဝယ်သူသော်လည်းကောင်း ပဋိညာဉ် အတိုင်း ဆောင်ရွက်ရန် ပျက်ကွက်က ထိုငွေကို ပြန်လည်ပေးအပ်ရမည်” ဟူ၍ ဘာဘူကနီရာလား(လ်)ဒနုကာနှင့် မက်ဆား(စ်)ရွှေပြည်စိုးဖလင် ကုမ္ပဏီအမှု၊ ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး (တရားရုံးချုပ်) စာမျက်နှာ-၁၉၅ အမှုတွင် စီရင်ထုံးဖွဲ့ထားသည်။
မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ဝယ်ယူရန် ပဋိညာဉ်ကိုပြုလုပ်သော ဝယ်သူက စရန်ငွေကိုပေးထားရာ ပဋိညာဉ် အတိုင်း အပြီးသတ်ဆောင်ရွက်ရန် အချိန် စေ့ရောက်သောအခါ ရောင်းသူသည် အပြီးသတ်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့လျှင် (၁) ဝယ်သူသည် ပဋိညာဉ်ကို ဖျက်သိမ်း သည်ဟု မှတ်ယူ၍ စရန်ငွေကိုရလိုကြောင်း စွဲဆိုနိုင်သည်။ (သို့မဟုတ်) (၂) ပဋိညာဉ်ကို ဆက်လက် အတည်ဖြစ်သည်ဟု မှတ်ယူ၍ (က)ပဋိညာဉ်ကို ချိုးဖောက်သည့်အတွက် နစ်နာကြေးရလိုမှု စွဲဆိုနိုင်သည်။ (သို့မဟုတ်) (ခ) ပဋိညာဉ်အတိုင်း ဆောင် ရွက်ပေးစေရန် စွဲဆိုနိုင်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ ၇၄ အရ လည်း ပဋိညာဉ်ကို ဖောက်ဖျက်သောအခါ ထိုသို့ ဖောက်ဖျက်ပါက ပေးရန်ဖြစ်သော ငွေပမာဏကို ပဋိညာဉ်တွင် ဖော်ပြထား လျှင် ထိုသို့ဖောက်ဖျက်ခြင်းကြောင့် အမှန်တကယ် ပျက်စီးဆုံးရှုံးမှုရှိကြောင်း ထင်ရှားသည်ဖြစ်စေ၊ မထင်ရှားသည် ဖြစ်စေ ဖောက်ဖျက်ကြောင်း တိုင်တန်းသူ သည်ဖောက်ဖျက်သူထံမှ ထိုဖော်ပြသော ငွေကြေးပမာဏကို ရပိုင်ခွင့်ရှိသည်။ သက်သေခံအမှတ်(က) ခြံမြေအရောင်း အဝယ် စရန်ပေးစာချုပ်တွင် ရောင်းသူက ပျက်ကွက်ပါက စရန်ငွေ၏ နှစ်ဆကို ပေးလျော်မည်ဟု နှစ်ဦးနှစ်ဖက် သဘော တူညီထားကြသဖြင့် စရန်ငွေ ၅ဝဝဝဝိ/- ၏ နှစ်ဆဖြစ်သော ငွေ ၁ သိန်းကျပ်ကို ဝယ်သူအယူခံတရားလိုက ရပိုင်ခွင့်ရှိသည်။ (ဒေါ်နီ (ခ) ဒေါ်မိမိလေးနှင့် ဒေါ်အေး၊ ၂၀၀၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ - ၂၅၉(၂၆၂))
အငြင်းပွားမှုအများစုသည် ပဋိညာဉ် ချိုးဖောက်မှုကို အခြေပြုကြပါသည်။ ပဋိညာဉ်တစ်ရပ်သည် ဥပဒေနှင့် ညီညွတ် ခြင်း ရှိ မရှိ မည်သူသည် ပဋိညာဉ်ကို ချိုးဖောက်သူဖြစ်သည်၊ ပဋိညာဉ်ချိုးဖောက် ခြင်းကြောင့် ဥပဒေအရ မည်သူက နစ်နာ သည်၊ မည်သူ့တွင် တာဝန်ရှိသည်၊ ချိုးဖောက်မှုအတွက် ဥပဒေအရ သက်သာ ခွင့်များ ရရှိခံစားနိုင်ရန်အတွက် ဥပဒေနှင့် ညီညွတ်သော ပဋိညာဉ်ချုပ်ဆိုနိုင်ကြ စေရန် ရည်ရွယ်၍ စုဆောင်းတင်ပြအပ် ပါသည်။ ။
- Log in to post comments