ပဋိပက္ခနွံကြား မူးယစ်ကျွန်များမဖြစ်စေလို

Type

ဒေါက်တာမြတ်မိုး

==========

 

မူးယစ်ဆေးဝါးရိုက်ခတ်မှုအန္တရာယ်ရှိနေသည့် မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်းမဆို အနိဋ္ဌာရုံနှင့် နောက်ဆက်တွဲပြဿနာများက ကြီးမားလှသည်။ အထူးသဖြင့် အနာဂတ်၏မျိုးဆက်သစ်များအဖြစ် တင်စားရသည့် ယနေ့လူငယ်များ၏ စိတ်ဓာတ်နှင့်ခံယူချက်ကို စိတ်ကြွမူးယစ်ဆေးအန္တရာယ်က အကြီးအကျယ် ချိုးဖျက်တိုက်စားနေသည်မှာ အထူးစိုးရိမ်ဖွယ်ဖြစ်သည်။ 
 

 

မူးယစ်ဆေးဝါးရိုက်ခတ်မှုအန္တရာယ်ရှိနေသည့် မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်းမဆို အနိဋ္ဌာရုံနှင့် နောက်ဆက်တွဲပြဿနာများက ကြီးမားလှသည်။ အထူးသဖြင့် အနာဂတ်၏မျိုးဆက်သစ်များအဖြစ် တင်စားရသည့် ယနေ့လူငယ်များ၏ စိတ်ဓာတ်နှင့်ခံယူချက်ကို စိတ်ကြွမူးယစ်ဆေးအန္တရာယ်က အကြီးအကျယ် ချိုးဖျက်တိုက်စားနေသည်မှာ အထူးစိုးရိမ်ဖွယ်ဖြစ်သည်။ 


ယနေ့ပြဿနာအရပ်ရပ်ကိုကြည့်ပါ။  လူများ၏  စိတ်ခန္ဓာများ တစ်ခဏချင်းပြောင်းလဲသွားလောက်အောင် ဖန်တီးပေးနေသည့်အခြေ အနေအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးဖြင့်  စိတ်ကြွဆေးများအန္တရာယ်က ကဏ္ဍတစ်ရပ်အနေဖြင့်  ပါဝင်နေသည်ကို   မြင်အောင်ကြည့်စေချင် ပါသည်။  


ဆက်စပ်နေသည့် မူးယစ်ဆေးပြဿနာနှင့် အကြမ်းဖက်ပဋိပက္ခ 
ကမ္ဘာ့ဒေသအနှံ့ တရားမဝင် မူးယစ်ဆေးဝါးဈေးကွက်ပမာဏက ကြောက်ခမန်းလိလိ ကြီးမားလှသည်။ မူးယစ်ဆေးနှင့် စိတ်ကြွဆေး အစ  ဓာတုပစ္စည်းအမျိုးအစားအလိုက်    ထုတ်လုပ်မှုအရင်းအမြစ်၊ ယိုစီးမှုလမ်းကြောင်း နိုင်ငံအလိုက်၊ အဖွဲ့အစည်းအလိုက် သတ်သတ် မှတ်မှတ် သူ့လမ်းကြောင်းနှင့်သူရှိနေသည်။ 
မူလထုတ်လုပ်ရာနေရာနှင့် အစပြုရာလမ်းကြောင်းကို ခန့်မှန်း ရန် ခဲယဉ်းလှသလို စစ်ဆင်ရေးများဆင်နွှဲ၍ တိုက်ဖျက်နေလင့်ကစား ဆင်းရဲမှု၊ မညီမျှမှုနှင့် ဥပဒေကိုဖော်ဆောင်နိုင်မှု၊ ငွေရလွယ်၍ မူးယစ် ဆေးနေရာတွင် အစားထိုးမည့် ရင်းနှီးမြှုပ်နှံနိုင်မှုနှင့် နယ်စပ်ပထဝီဝင် အနေအထား အကန့်အသတ်ဖြစ်နေခြင်းက အဆိပ်ပင်ရေလောင်း သကဲ့သို့သာဖြစ်နေသည်။    အာရှဒေသအတွင်း   တိုးပွားလာသော စိတ်ကြွဆေးပြဿနာသည်  ဒေသတွင်းအုပ်စုဖွဲ့  ရာဇဝတ်မှုများ၊ အကြမ်းဖက်မှု ပဋိပက္ခမျိုးစုံနှင့်လည်း အပြန်အလှန်ချိတ်ဆက်နေရာ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ငြိမ်းချမ်းသာယာမှု၊ ဖွံ့ဖြိုးတိုးတက်မှု ကိုလည်း    အငြင်းပွားစရာမလိုလောက်အောင်   အကြီးအကျယ် ခြိမ်းခြောက်နေသည်မှာ ထင်ရှားလှပါသည်။  


မူးယစ်ဆေးကြောင့် အကြမ်းဖက်ရာဇဝတ်မှုများ တိုးပွားသလို တိုးပွားလာသည့် ရာဇဝတ်မှုများကတစ်ဖန် မူးယစ်ဆေးဝါးထုတ်လုပ်မှု ကို   တွန်းအားပေးနေပြန်သည်။   သတင်းအချက်အလက်များအရ မူးယစ်ဆေးဝါး ဝယ်လိုအားသုံးစွဲမှုထက်ပင် ရောင်းလိုအားပမာဏက များလွန်းပြီး ပိုလျှံနေသည်ဟုပင် ကြားသိနေရသည်မှာ နိုင်ငံအတွက်၊ လူငယ်များအတွက် အထူးစိုးရိမ်စရာအန္တရာယ်ကြီးတစ်ခုကို ပိုက်ထား ရသလိုဖြစ်နေပါသည်။ 


စိတ်ကြွဆေးအကြောင်း အန္တရာယ်များနှင့်တကွ 
သိရှိနားလည်ထားရန်လိုအပ် 
  ကမ္ဘာတစ်ဝန်း စိတ်ကြွဆေး Amphetamine - type stimulants ATS ထုတ်လုပ်မှုတွင်    အရှေ့နှင့်  အရှေ့တောင်အာရှနိုင်ငံများ၏ ထုတ်လုပ်မှုက     ၅၀ - ၈၀ ရာခိုင်နှုန်းခန့်အထိ    ပါဝင်ပတ်သက်နေသည်။ ဒေသတွင်းထုတ်လုပ်မှုပမာဏတွင်    မြန်မာနိုင်ငံက   အများဆုံးဟု ဆိုနေပြန်သည်။ ယခင်က နေရာယူခဲ့သည့် ဘိန်းနှင့်ဘိန်းဖြူ ထုတ်လုပ် သုံးစွဲမှု  တဖြည်းဖြည်းလျော့ကျလာသော်လည်း  စိတ်ကြွဆေးပြား ထုတ်လုပ်မှု၊  ဖြန့်ဖြူးမှု၊ သုံးစွဲမှုက  အစားထိုးမြင့်တက်လာနေသည် ကို   တွေ့ရသည်။   ဘိန်းက ပိုဈေးကြီးပြီး   ဝယ်ရန်လည်း  ခက်သည် ဟုဆိုသည်။    စိတ်ကြွဆေးက   ဈေးပိုသက်သာပြီး   နေရာတိုင်းတွင် လွယ်လွယ်နှင့်ဝယ်၍ရနေသည်။               ဖြန့်သူလည်းပေါသလို လက်ဆင့်ကမ်းသယ်ဆောင်ပေးသူလည်းမရှား။ 
အထူးသဖြင့် ဆယ်ကျော်သက်လူငယ်များ အသုံးများလာကြ သည်။ ကျောင်းသားဘဝ အလယ်တန်း၊ အထက်တန်းလောက်ရောက်ပြီ ဆိုလျှင်ကို  ရာဘဆေးပြား၊ WY ၊ အိုက်စ် စသည်ဖြင့် ရင်းနှီးနေပြီ ဖြစ်သည်။ စိတ်လေလွင့်ပြီး လက်တည့်စမ်းချင်သူလူငယ်များ မူးယစ် သားကောင်   အလွယ်တကူဖြစ်လာနေသည်။  တချို့လူငယ်များက အကျိုးအမြတ်များသည့် အရောင်းအဝယ်လောက၊ ငွေရလွယ်သည့် ကယ်ရီလောကထဲ     မသိမသာရောက်သွားပြီး     ကိုယ်တိုင်သုံးစွဲသူ ဖြစ်သွားသည်။   ဘာမျှမဟုတ်သည့်    လက်ခွဲအရောင်းအဝယ်သမား ဘဝဖြင့် အဖမ်းခံလိုက်ရသည်လည်းရှိသည်။  မိဘဆရာသမားများ အနေဖြင့်လည်း ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်တပည့် ဆေးသမားဖြစ် မည့်အရေး စိုးရိမ်ကြ၊ ပူပန်ကြရသလို မူးယစ်ဆေးကြောင့် အသက် ဆုံးရှုံးရမည့်အရေး၊ လူဖြစ်ရှုံးမည့်အရေး ဘုရားတနေကြမှာပဲဖြစ်သည်။ 


မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးများအကြောင်း လေ့လာမှုအားနည်း လျှင်၊ သိရှိမထားလျှင်   ဆေးသုံးထားသလား၊    ဆေးပြတ်တာလား ဆိုသည်ကို  ရုတ်တရက် သတိမထားမိဖြစ်တတ်သည်။ ယခုလိုကာလ တွင် အထူးသဖြင့် မိဘများ၊  ဆရာ ဆရာမများက စိတ်ကြွဆေးဝါး အန္တရာယ်နှင့်ပတ်သက်၍ အချက်အလက်များကို တီးမိခေါက်မိ သိရှိ ထားရန် လိုအပ်နေပါသည်။ စစ်ဆင်ရေးများ စီမံချက်များပြုလုပ်၍ ဖမ်းဆီးမှုပမာဏ တိုးတက်လာသော်လည်း ထုတ်လုပ်မှု၊ သယ်ဆောင် ဖြန့်ဖြူးရောင်းဝယ်မှု၊ သုံးစွဲမှုပမာဏကား လျော့ကျမသွားသည်ကို တွေ့နေရသည်။ 


ပုံစံအမျိုးမျိုးဖြင့် ဓာတုအသွင်ပြောင်းစိတ်ကြွမူးယစ်ဆေးများ 


ယခင်က မိမိတို့သိထားသည့် မူးယစ်ဆေးက ဘိန်းနှင့်ဘိန်းဖြူ ဖြစ်သည်။ နောက်တော့ စိတ်ကြွဆေးဆိုသည့်စကားလုံးက  နေရာ ယူလာသည်။  အသစ်ထွက်ပေါ်လာသည့်  အစားထိုးဓာတုဆေးဝါး များပင်ဖြစ်သည်။ ဓာတုဆေးဝါးများဖြင့် ဖန်တီးထုတ်လုပ်ထားသော အမည်သစ်များဖြင့်   အသွင်ပြောင်း    စိတ်ကြွမူးယစ်ဆေးများသည် ယခင်ဘိန်းဖြူ၊ မော်ဖင်း၊ ဆေးခြောက်များထက် အာနိသင်ပိုပြင်းသည်။ ပမာဏအနည်းငယ်ဖြင့်ပင်   အသက်အန္တရာယ်ပေးနိုင်သည့်  မူးယစ် ဆေးအမျိုးအစားများဖြစ်သည်။ 
စိတ်ကိုပြောင်းလဲသွားစေသောကြောင့်  စိတ်ကြွရူးသွပ်ဆေးဟု လည်းခေါ်ကြသည်။ ထို့ကြောင့် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် အဖြစ်   ရှုမြင်ရမည်ဖြစ်သလို  လူမှုစီးပွားဘဝများသို့လည်း များစွာ သက်ရောက်မှုရှိသည်ကို   ဂရုပြုရန်လိုသည်။ ယခုအခါ ငွေကြေးခဝါချ မှု   အကြမ်းဖက်မှုခင်းများနှင့်လည်း     ဆက်စပ်နေပြန်သောကြောင့် လုံခြုံရေးအမြင်ဖြင့်လည်း သုံးသပ်နိုင်ရန် လိုအပ်နေပြန်သည်။ 


စိတ်ကြွမူးယစ်ဆေးအမျိုးမျိုးအနက် အမ်ဖီတမင်း (Amphetamine) အမျိုးအစားတစ်ခုဖြစ်သော ATS ဟုခေါ်သည့် မက်အမ်ဖီတမင်းဆေး သည်   မြန်မာနိုင်ငံတွင်ထင်ရှားပြီး   အရှေ့တောင်အာရှသည်  ATS ထုတ်လုပ်ရာဒေသတစ်ခုအဖြစ် ပို၍ကျော်ကြားသည်။ အမျိုးအစား များပြားခြားနားပြီး ဒေသတစ်ခုနှင့်တစ်ခု သုံးစွဲပုံမတူသလို အခေါ် အဝေါ်လည်း   ကွဲပြားကြသည်။   ဆေးပြားအသွင်၊   အမှုန့်အသွင်၊ ပုံဆောင်ခဲအသွင် ပုံသဏ္ဌာန်အမျိုးမျိုးရှိကြသည်။    တချို့ကမျိုချ၍ ရသည်။ အာနိသင်ချက်ချင်းရစေရန် တချို့က ရှူသွင်းသည်။ ဆေးလိပ် ထဲ ထည့်သောက်ကြသလို ဆေးကိုအမှုန့်ဖြစ်အောင်ပြုလုပ်ပြီး ရေနှင့် ရောကာ သွေးကြောထဲထိုးသွင်း၍ အာရုံကို အရူးအမူးခံစားကြသည်။ ထိုနည်းက  သွေးကြောမှတစ်ဆင့်   ဦးနှောက်သို့   အလျင်အမြန် ရောက်စေသောကြောင့်ဖြစ်သည်။ သုံးစွဲသည့်ပမာဏနှင့် သုံးစွဲပုံကို မူတည်၍  ရေတိုရေရှည် သက်ရောက်မှုကွဲပြားကြသည်။  သို့သော် အန္တရာယ်ပေးတာချင်းကတော့ အတူတူပင်ဖြစ်သည်။ 
ထိုင်းနိုင်ငံတွင် “ခရာတွန်” ဟူသည့် စိတ်ကြွဆေးက လူကြိုက်များ သလို မြန်မာနိုင်ငံတွင် “ရာဘ” ရူးသွပ်ဆေး၊ “ရာမ” မြင်းဆေးများ ကို  လူသိများအသုံးများကြသည်။ တရုတ်နိုင်ငံတွင်သုံးစွဲသည်မှာ  “မာ-ဟောင်- ဆူ”အမည်ဖြင့်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် “အိုက်စ်” နှင့် တရုတ်တွင် “ဘင်းတူ” ဟူသောအမျိုးအစားများသည် “အိုက်စ်” ရေခဲသားပုံဆောင်ခဲသဏ္ဌာန်ဖြင့် အသုံးများကြသည်။ “မက်အမ်ဖီ တမင်း”နှင့် မေ့ဆေးတစ်မျိုးဖြစ်သည့် “ကက်တမင်း”တို့ ပေါင်းစပ် ရာမှဖြစ်လာသော စိတ်ရွှင်မြူးထူးစေသည့် “အက်စ်တာစီ”ဆိုသည့် စိတ်ကြွဆေးတစ်မျိုးလည်းရှိသေးသည်။ ထိုင်းနိုင်ငံတွင် “ယာအီး” ဟုခေါ်၍ တရုတ်နိုင်ငံတွင် “ယောင်- ထုတ်- ဝမ်”ဟုခေါ်သည်။ 


စိတ်ကြွဆေးလက္ခဏာနှင့်ပြဿနာများ 


စိတ်ကြွဆေးကပေးသည့် အဓိကထိခိုက်သည့် ခန္ဓာအစိတ်အပိုင်း သည် ဗဟိုအာရုံကြောစနစ်ပင်ဖြစ်သည်။ ရုပ်ပိုင်း၊   စိတ်ပိုင်းအားလုံး အန္တရာယ်အပြုခံလိုက်ရသည်။ ရုတ်တရက် အပြင်းအထန်ခေါင်းကိုက် ပြီး  ကိုယ်အပူချိန်တိုးလာတတ်သည်။  နှလုံးခုန်မြန်၍  အသက်ရှူမြန် ကာ    အသက်ရှူမမှန်ဖြစ်ရသည်။   ဂနာမငြိမ်ဖြစ်လာလိမ့်မည်။ ချွေးထွက်များလာသည်။    မျက်စိသူငယ်အိမ်   ကျယ်လာသည်။ သွေးတိုးလာသည်။    လိင်စိတ်များ၍   လိင်စိတ်တက်ကြွစေသည်။ စကားအများကြီးပြောပြီး ဝမ်းသာရွှင်မြူး၍ အလွန်ပျော်နေတတ် သည်။ သွားကြိတ်တတ်ပြီး သွားပြဿနာမကြာခဏပေါ်နိုင်သည်။ အစာအိမ်နာပြဿနာရှိလာတတ်သည်။     မောပန်းနွမ်းနယ်နေပြီး အိပ်မပျော် အိပ်မရဖြစ်လာသည်။ 
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများလာပြီး ခွန်အားတိုးလာသလို ခံစားရသော်လည်း   အမှန်မှာ   အာဟာရချို့တဲ့လာသည်ကိုသာ တွေ့ရသည်။ ခံတွင်းပျက်၍ အစာမစားဖြစ်ဘဲ ပိန်လာသည်။ ရေရှည် တွင် လေဖြတ်ဝေဒနာပါ ခံစားရတော့သည်။ တဖြည်းဖြည်း မသုံးရ မနေနိုင်ဖြစ်လာပြီး ဆေးကိုစွဲလမ်းသွားသည်။ စိတ်တက်ကြွနေတတ် သလို စိတ်လည်းကျတတ်သောကြောင့် စိတ်အတက်အကျမြန်သည် ဟုဆိုရမည်။ စိတ်တက်ကြွလွန်း၍ ထိခိုက်အနာတရဖြစ်လွယ်သည်။
ဆေးပြတ်၍ အချို့က မိမိကိုယ်မိမိ သတ်သေသည့်အဆင့်ရောက် သွားတတ်သည်။ စွမ်းဆောင်ရည်ကောင်းစေသည်ဟု ဆိုသော်လည်း သုတေသနရလဒ်များအရ ဘာမျှမထူးခြားသည့်အပြင် ပို၍ပင်ဆိုးသွား ကြောင်း ရလဒ်များကဖော်ပြနေသည်။  တစ်ခါတစ်ရံ စိတ်ဆိုးဒေါသ ထွက်သလို တစ်ခါတစ်ရံ စိတ်သောကဖြစ်ကာ ပူပန်နေတတ်သည်။  အရာရာကို ယုံမှားသံသယဝင်နေတတ်သည်။


အမြင်မှားအထင်မှားဖြစ်တတ်သည်။ ဘာကိုမျှ အာရုံစိုက်၍မရသော ကြောင့်  ကျောင်းစာမလိုက်နိုင်ဘဲ   ပညာရေးပြဿနာဖြစ်ရသည်။ ခံနိုင်ရည်အားနည်းလာသောကြောင့်        မိတ်လည်းပျက်ရသည်။ နောက်ဆုံး အာရုံချောက်ချား ထင်ယောင်ထင်မှား ကယောင်ကတမ်း ဖြစ်ပြီး စိတ်ဖောက်ပြန်ခြင်းနှင့် အဆုံးသတ်ရတော့သည်။


ဆေးပြတ်ပြီဆိုလျှင် ခေါင်းကိုက်ခြင်း၊  စိတ်ဆိုးမာန်ဆိုးဖြစ်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ ခေါင်းနောက်၍ စိတ်ရှုပ်ထွေးခြင်း၊  စိတ်ပူပန်ခြင်း စသည့်  ဆေးပြတ်သည့်လက္ခဏာများကိုလည်း   သတိထားမိရန် လိုအပ်သည်။ စိတ်ကြွဆေးဟူသည် သုံးစွဲနေသည့် တိုတောင်းသော ကာလအတွင်း ယဉ်ပါးသွားတတ်ပြီး  ဆေးပမာဏကိုတိုး၍    သုံးစွဲ ရသည့်အခြေအနေသို့ ရောက်သွားသည်။ ထိန်းမရအောင် စိတ်ဓာတ် ကျခြင်း/  ပူပန်ခြင်း၊   ကြောက်စိတ်မွှန်ခြင်း၊   သွေးလေချောက်ချားခြင်း၊ အလွန်ပင်ပန်းနွမ်းနယ်ခြင်း၊               စိတ်ကစဉ့်ကလျားဖြစ်ခြင်းနှင့် တစ်ရက်မှ    နှစ်ရက်ခန့်အထိ   အချိန်အတော်ကြာအောင် အိပ်တတ်ခြင်း စသည့်လက္ခဏာများသည်      ဆေးယဉ်ပါးသည့်လက္ခဏာများပင် ဖြစ်သည်။ 


ယနေ့ခေတ်တွင် မူးယစ်ဆေးဝါးပြဿနာနှင့် အကြမ်းဖက်ပဋိပက္ခ များ ယှဉ်တွဲနေခြင်းသည် သမားရိုးကျစိန်ခေါ်မှုတစ်ခုထက် ဖြေရှင်းရ ပိုခက်ခဲပါသည်။  “တံငါနားနီး တံငါ၊  မုဆိုးနားနီး မုဆိုး”  ဆိုသလို ပဋိပက္ခအတွင်းကျွံဝင်ပြီး     မူးယစ်နွံအတွင်း    နစ်မွန်းသွားရသည့် သားသမီးအရွယ်     လူငယ်လူရွယ်များအတွက်   မိဘနေရာမှနေ၍ ကိုယ်ချင်းစာမိပါသည်။ 


ဘယ်လို ဘယ်ပုံစံ မူးယစ်ဆေးမျိုးပဲဖြစ်ဖြစ် လုံးဝအကျိုးမပေး၊ မိမိကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုဘဝအားလုံး အနိဋ္ဌာရုံမျိုးစုံဖြင့် လူညွန့်တုံးကြေမွပျက်စီးမည်သာဖြစ်သည်ကို လူငယ်များသာမက မိဘများပါ   သိရှိနားလည်သဘောပေါက်ထားရန်  လိုအပ်ပါသည်။ ဆေးစွဲပြီး ဆေးသမားတစ်ယောက်၊ မူးယစ်ဆေးဝါးကြောင့် အဖမ်းခံရ၊ ပြစ်ဒဏ်ကျခံရပြီးသူတစ်ဦးအဖို့ ပတ်ဝန်းကျင်အသစ်တွင် ဘဝသစ်ကို ပြန်လည်ထူထောင်ရသည်မှာလည်း ခက်ခဲလွန်းလှပါသည်။ 
ထို့ကြောင့်လည်း   မိဘများ၊  ဆရာ ဆရာမများအနေဖြင့်   နိုင်ငံ အတွက် အဖိုးတန်လူသားအရင်းအမြစ်များမဆုံးရှုံးစေရန်နှင့် မိမိတို့၏ တပည့်သားသမီးများကို     တားမြစ်မူးယစ်ဆေးဝါးများအန္တရာယ်မှ အချိန်မီကာကွယ်တားဆီးပြီး လိုအပ်သည့် ပဲ့ပြင်ထိန်းကျောင်းမှုများ ပြုလုပ်နိုင်ရန် ဖော်ပြပါအချက်အလက်များက များစွာအထောက်အကူ ပြုလိမ့်မည်ဟု ယူဆမိပါသည်။      ။