ပုံစံကောင်းရရှိနေသည့် ဝုဖ်အသင်း အိမ်ကွင်းတွင် အဲဗာတန်ကို အနိုင်ရရှိ 


 

 

ပရီမီယာလိဂ်ကလပ်    ပွဲစဉ်  (၁၀)  ၏ လက်ကျန်ပွဲစဉ်အဖြစ်   ဝုဖ်အသင်းနှင့် အဲဗာတန်အသင်းတို့ပွဲစဉ်ကို   နိုဝင်ဘာ ၂ ရက်    နံနက်ပိုင်းက   ဝုဖ်အိမ်ကွင်း၌ အကြိတ်အနယ်   ယှဉ်ပြိုင်ကစားခဲ့ရာ ဝုဖ်အသင်းက     နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။   ဝုဖ်အသင်းအတွက် သွင်းဂိုးများကို ကီလ်မန်း၊ ဂျီမီနီက်ဇ်တို့က သွင်းယူပေး ပြီး အဲဗာတန်အသင်းအတွက် သွင်းဂိုးကို     အီယိုဘီက   သွင်းယူပေးခဲ့ သည်။ 
ယနေ့ပွဲစဉ်အတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၈ မိနစ် တွင် ကီလ်မန်းက  ဝုဖ်အသင်းအတွက် သွင်းယူပေးပြီး  ဒုတိယဂိုးကို   ပွဲချိန်  ၃၂  မိနစ်တွင်   ဂျီမီနက်ဇ်က သွင်းယူပေးခဲ့သည်။   ထို့နောက်    ချေပဂိုးရရှိရေး ကြိုးစားလာသော်လည်း အဲဗာတန်အသင်း   ကစား သမားများ အဆုံးသတ် မသေချာမှုကြောင့်   ပထမ ပိုင်းကို ဝုဖ်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင် နိုင်ခဲ့သည်။    ဒုတိယပိုင်းတွင်     ဘင်နီတက်ဇ်၏ အဲဗာတန်အသင်း   ကစားအားတက်လာပြီး  ပွဲချိန် ၆၆  မိနစ်တွင်  ချေပဂိုးရရှိခဲ့သည်။  အဆိုပါ   ဂိုးကို အီယိုဘီက သွင်းယူပေးနိုင်ခဲ့သည်။
ထို့နောက် နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက် တိုက်စစ်ဆင်မှု၊  ဂိုးကန်သွင်းမှုများ   ပြုလုပ်လာနိုင် ခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲ  နိုင်ခြင်းမရှိသော ကြောင့်   ဝုဖ်အသင်းက  နှစ်ဂိုး-တစ်ဂိုးဖြင့်  အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။    ဝုဖ်အသင်းသည်    ယခုပွဲစဉ် အနိုင်ရရှိသောကြောင့် ပွဲစဉ် (၁၀) အပြီးတွင် ရမှတ် ၁၆ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၇)  နေရာ အထိ    တက်လှမ်းလာနိုင်ခဲ့သည်။     ပြိုင်ဘက် အဲဗာတန်အသင်းက     ယခုပွဲစဉ်   ရှုံးနိမ့်မှုကြောင့်  ရမှတ် ၁၄ မှတ်ဖြင့် အဆင့် (၁၀) နေရာတွင် ရပ်တည် နေသည်။  
  အောင်ဇော်