
နေပြည်တော် မေ ၅
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် နာရီစင်အနီးရှိ “အောင်သပြေ”ရွှေဆိုင်သို့ (စိစစ်ဆဲ) အမျိုးသား လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ပစ္စတို တစ်ချက် မိုးပေါ်သို့ ပစ်ဖောက်ကာ ရွှေဆိုင်အတွင်း ဝင်ရောက်ပြီး ဆိုင်ဝန်ထမ်းများကို လက်နက်ဖြင့် ခြိမ်းခြောက်၍ ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေဆွဲကြိုးမျိုးစုံ အကုံး ၈၀၊ ရွှေလက်စွပ်မျိုးစုံ အကွင်း ၂၀၀ နှင့် ဟမ်းချိန်း အကွင်း ၆၀ စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သိန်း ၁၅၀၀ ခန့်အား ဓားပြတိုက် လုယက် ယူဆောင်သွားခဲ့သည်။
အလားတူ ၂၀၂၃ ခုနှစ် ဧပြီ ၁၉ ရက်တွင် ပြည်ကြီးတံခွန် မြို့နယ် (ဇ)ရပ်ကွက် စက်မှုဈေး အနီးရှိ “ထိပ်တန်း” ရွှေဆိုင်သို့ (စိစစ်ဆဲ) အမျိုးသား လေးဦးသည် ပစ္စတိုနှစ်လက် ကိုင်ဆောင်၍ ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းများ ကို လက်နက်ဖြင့် ခြိမ်းခြောက်၍ ရွှေလက်ကောက် ၃၀ ကျပ်သား၊ ရွှေဆွဲကြိုး ၇၀ ကျပ်သား၊ ရွှေနား ကပ် အရံ ၅၀၊ ရွှေကလစ် ၁၀ ခု၊ စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သိန်း ၂၇၀၀ ခန့်အား ဓားပြ တိုက်လုယက် ယူဆောင်သွားခဲ့ သည်။
သို့ဖြစ်၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေသော အကြမ်းဖက်ဓားပြတိုက် လုယက် မှုများကို မလိုလားသည့် ဒေသခံ ပြည်သူလူထုက မဟာအောင်မြေ မြို့နယ် ကမ်းနားလမ်း ၄၀x၄၁ လမ်းကြား ရတနာပုံသင်္ဘောကျင်း အနီးတွင် နေထိုင်သူ မျိုးနိုင်ဝင်း (ခ)နိုင်ဝင်း သည် အလုပ်အကိုင် အတည်တကျမရှိဘဲ ငွေကြေး များ အလွန်အကျွံသုံးစွဲနေခြင်း၊ အဖိုးတန် အသုံးအဆောင်ပစ္စည်း များ ဝယ်ယူဝတ်ဆင်နေခြင်းများ ပြုလုပ်လျက်ရှိကြောင်း လျှို့ဝှက် သတင်းပေးပို့ခဲ့သဖြင့် ၂၀၂၃ ခုနှစ် မေ ၂ ရက် မွန်းလွဲပိုင်းတွင် တရားခံ မျိုးနိုင်ဝင်း(ခ)နိုင်ဝင်း အား “အောင်သပြေ” ရွှေဆိုင်မှ ဓားပြတိုက်လုယက် ယူဆောင်ခဲ့ သည့် ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေနားကပ် တစ်ရံ၊ ရွှေလက်စွပ် တစ်ကွင်း စုစုပေါင်း ကာလတန် ဖိုး ၁၈ သိန်းခန့်နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံ မျိုးနိုင် ဝင်း (ခ) နိုင်ဝင်း၏ ထွက်ဆို ချက်အရ မေ ၃ ရက် မွန်းလွဲပိုင်း တွင် ဓားပြတိုက်လုယက်ရာတွင် ခေါင်းဆောင်ခဲ့သူ ပိုင်လင်းခန့်(ခ)ကိုပိုင် အား ဝမ်းတွင်းမြို့နယ် အမှတ်(၂)ရပ်ကွက် မြို့ဝင်ဘီးခွန် ကောက်ခံသော နေရာတွင်လည်း ကောင်း၊ ဓားပြတိုက်လုယက်မှု များ ကျူးလွန်ရာတွင်ပါဝင်ခဲ့ သည့် ဇော်မင်းထက် (ခ)အပုနှင့် ခန့်ညီညီ(ခ)ခန့်ညားလွင် တို့ကို မဟာအောင်မြေမြို့နယ် ရဲမွန် တောင်ရပ်ကွက် မြို့ပတ်လမ်း ၃၇x ၃၈ လမ်းကြားရှိ R1 KTV အနီး၌ “အောင်သပြေ”ရွှေဆိုင်မှ ဓားပြတိုက်လုယက် ယူဆောင်ခဲ့ သည့် ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေနားကပ် လေးရံ၊ ရွှေလက်စွပ် နှစ်ကွင်း၊ ငွေကျပ်သိန်း ၆၀ တို့ နှင့်လည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံ ပိုင်လင်း ခန့်(ခ)ကိုပိုင် ၏ ထွက်ဆိုချက်အရ ဓားပြတိုက် လုယက်ယူဆောင်ခဲ့ သည့် ရွှေထည်ပစ္စည်းနှင့် ငွေကြေး များကို ၎င်း၏မိခင် တင့်တင့်ထွေး ထံတွင် အပ်နှံထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် မေ ၄ ရက် တွင် မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်ရှိ တရားခံ ပိုင်လင်းခန့်(ခ)ကိုပိုင် ၏ နေအိမ် အား သွားရောက်ရှာဖွေခဲ့ရာ တင့်တင့်ထွေးနှင့် ပိုင်လင်းခန့်(ခ)ကိုပိုင်နှင့် တရားမဝင် ပေါင်းသင်း နေထိုင်သူ မေရီ တို့ကို ဓားပြ တိုက် လုယက်ရာတွင် အသုံးပြုခဲ့ သည့် ပစ္စတိုနှစ်လက်၊ ကျည်အိမ် နှစ်ခု၊ ပွိုင့်-၃၈၀ ကျည် နှစ်တောင့်၊ ငွေကျပ် သိန်း၂၀၀၊ ရွှေထည်ပစ္စည်း မျိုးစုံ ၁၆ ခု (ကာလတန်ဖိုး ၆၁ သိန်း ၉ သောင်းကျပ်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ တင့်တင့် ထွေး ၏ ထွက်ဆိုချက်အရ ဓားပြ တိုက်လုယက် ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းများကို “စိန်မြင့် မိုရ်”ရွှေဆိုင်နှင့် “မန္တလာရွှေစင်” ရွှေသန့်စင်ဆိုင်များကို သွားရောက် ရောင်းချခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသဖြင့် မေ ၄ ရက် မွန်းလွဲပိုင်းတွင် “စိန်မြင့်မိုရ်” ရွှေဆိုင်ပိုင်ရှင် ချစ်ဦးနှင့် “မန္တလာရွှေစင်” ရွှေသန့်စင်ဆိုင် ပိုင်ရှင် ထွန်းဝင်း တို့ကို “ထိပ်တန်း” ရွှေဆိုင်မှ ဓားပြတိုက် လုယက်ယူဆောင် သွားသော ရွှေထည်ပစ္စည်းများ အား ပုံစံဖျက်ထားသည့် ရွှေ အလေးချိန် ၁၈ ကျပ်သားခန့် (ကာလတန်ဖိုး ငွေကျပ် ၅၃၂ သိန်း ခန့်) တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။
အလားတူ ဖမ်းဆီးရမိတရားခံ ခန့်ညီညီ(ခ) ခန့်ညားလွင် ၏ ထွက်ဆိုချက်အရ ဓားပြတိုက် လုယက်ယူဆောင်ခဲ့သည့် ရွှေထည် ပစ္စည်းများအား “ဝင့်ထည်ဝါ” ရွှေကောက်လုပ်ငန်း၊ “စိန်ရွှေမြ” ရွှေကောက်လုပ်ငန်းနှင့် “အောင် ပြည့်ဖြိုး” ရွှေကောက်လုပ်ငန်း များထံ သွားရောက်ရောင်းချခဲ့ ကြောင်း ဖော်ထုတ်သိရှိရသဖြင့် မေ ၄ ရက် ညနေပိုင်းတွင် “ဝင့်ထည်ဝါ” ရွှေကောက်လုပ်ငန်း ပိုင်ရှင် အောင်ရဲနိုင်ဝင်း၊ “စိန်ရွှေ မြ” ရွှေကောက်လုပ်ငန်းပိုင်ရှင် မြသဉ္ဇာ နှင့် “အောင်ပြည့်ဖြိုး” ရွှေကောက် လုပ်ငန်းပိုင်ရှင် ဝင်းနိုင်(ခ)ရခိုင်ကြီး တို့အား ငွေကျပ်သိန်း ၅၀ နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ပိုင်လင်းခန့်(ခ)ကိုပိုင်၊ တင့်တင့်ထွေး နှင့် မေရီတို့ သည် မန္တလေးမြို့အတွင်း ဓားပြ တိုက်လုယက်မှုများ ဆောင်ရွက် ရန်အတွက် ပစ္စတိုတစ်လက်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် မြစ်ကြီးနားမြို့သို့ သွားရောက်၍ KIA အဖွဲ့ဝင် အမျိုးသား (စိစစ်ဆဲ) တစ်ဦးထံမှ ငွေကျပ်သိန်း ၅၀ ဖြင့် လည်းကောင်း၊ ၂၀၂၃ ခုနှစ် ဧပြီ ၉ ရက်တွင် မူဆယ်မြို့သို့ သွားရောက် ၍ ဖမ်းဆီးရန်ကျန် တရားခံ စိုင်းကွမ်းခေးထံမှ ပစ္စတိုတစ်လက် နှင့် ခဲယမ်းများကို ငွေကျပ်သိန်း ၁၀၀ ဖြင့် လည်းကောင်း ဝယ်ယူ ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ပိုင်လင်းခန့်(ခ)ကိုပိုင် သည် မန္တလေးမြို့ပေါ်တွင် သေနတ်ဖြင့် ခြိမ်းခြောက်၍ ရွှေဆိုင်များအား ဓားပြတိုက် လုယက်ရန်အတွက် ခန့်ညီညီ(ခ)ခန့်ညားလွင်၊ မျိုးနိုင်ဝင်း(ခ)နိုင်ဝင်းနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကိုသက် တို့ကို စည်းရုံး ပြောဆိုခဲ့ပြီး ရွှေဆိုင်များအား လိုက်လံကြည့်ရှုခဲ့ကြောင်း၊ ပုသိမ် ကြီးမြို့နယ် နာရီစင်အနီးရှိ “အောင်သပြေ” ရွှေဆိုင်တွင် အမျိုးသမီး ဝန်ထမ်းများသာ ခန့်ထားသည်ကို တွေ့ရှိသဖြင့် ဓားပြတိုက်လုယက်ရန် ကြိုတင် သတ်မှတ်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် တရားခံ ပိုင်လင်းခန့်(ခ)ကိုပိုင်က ဦးဆောင် ၍ ခန့်ညီညီ(ခ)ခန့်ညားလွင်၊ မျိုးနိုင်ဝင်း(ခ)နိုင်ဝင်းနှင့် ဖမ်းဆီး ရန်ကျန် တရားခံ ကိုသက် တို့ သည် ပစ္စတိုတစ်လက် ကိုင်ဆောင် ကာ ဆိုင်ကယ်နှစ်စီးဖြင့် “အောင် သပြေ” ရွှေဆိုင်သို့ သွားရောက် ခဲ့ပြီး ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေဆွဲကြိုးမျိုးစုံ အကုံး ၈၀၊ ရွှေလက်စွပ်မျိုးစုံ အကွင်း ၂၀၀ နှင့် ဟမ်းချိန်း အကွင်း ၆၀ စုစုပေါင်း ကာလတန်ဖိုးငွေကျပ်သိန်း ၁၅၀၀ ခန့်အား ဓားပြတိုက်လုယက်ယူဆောင်ခဲ့ကြောင်း၊ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများကို ငါးပုံခွဲကာ ပိုင်လင်းခန့်(ခ)ကိုပိုင် က နှစ်ပုံ၊ ခန့်ညီညီ(ခ)ခန့်ညားလွင်၊ မျိုးနိုင် ဝင်း(ခ)နိုင်ဝင်းနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကိုသက်တို့က တစ်ပုံစီခွဲဝေ ယူခဲ့ကြောင်း၊ တရားခံ ခန့်ညီညီ (ခ)ခန့်ညားလွင်က ၎င်းရရှိသည့် ရွှေထည်ပစ္စည်းများကို “ဝင့်ထည် ဝါ” ရွှေကောက်လုပ်ငန်းပိုင်ရှင် အောင်ရဲနိုင်ဝင်း၊ “စိန်ရွှေမြ” ရွှေကောက် လုပ်ငန်းပိုင်ရှင် မြသဉ္ဇာနှင့် “အောင်ပြည့်ဖြိုး” ရွှေကောက်လုပ်ငန်းပိုင်ရှင် ဝင်းနိုင် (ခ)ရခိုင်ကြီး တို့ထံ ငွေကျပ်သိန်း ၁၅၀ ဖြင့် ရောင်းချခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အလားတူ ၂၀၂၃ ခုနှစ် ဧပြီ ၁၇ ရက် မွန်းလွဲပိုင်းတွင် တရားခံ ပိုင်လင်းခန့် (ခ) ကိုပိုင်သည် “ထိပ် တန်း”ရွှေဆိုင်အား သွားရောက် အခြေအနေကြည့်ခဲ့ရာ ဆိုင် ဝန်ထမ်း အနည်းငယ်သာရှိပြီး အမျိုးသမီးများသာ ဖြစ်သဖြင့် ဓားပြတိုက်လုယက်ရန် ကြိုတင် သတ်မှတ်ခဲ့ကြောင်း၊ ထို့နောက် ဧပြီ ၁၉ ရက်တွင် ပိုင်လင်းခန့်(ခ) ကိုပိုင်၊ မျိုးနိုင်ဝင်း (ခ)နိုင်ဝင်း၊ ဇော်မင်းထက်(ခ)အပုနှင့် ဖမ်းဆီး ရန်ကျန်တရားခံ မျိုးဇင်ဟိန်း တို့သည် ပစ္စတိုနှစ်လက်နှင့် ဓားများကိုင်ဆောင်၍ “ထိပ်တန်း” ရွှေဆိုင်သို့ သွားရောက်၍ ရွှေ လက်ကောက် ၃၀ ကျပ်သား၊ ရွှေဆွဲကြိုး ၇၀ ကျပ်သား၊ ရွှေနား ကပ် အရံ ၅၀၊ ရွှေကလစ် ၁၀ ခု စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သိန်း၂၇၀၀ ခန့်အား ဓားပြတိုက် လုယက် ယူဆောင်ခဲ့ကြောင်း၊ ဓားပြတိုက် လုယက်ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများကို ပိုင်လင်းခန့် (ခ)ကိုပိုင်၏ မိခင် တင့်တင့်ထွေး က “စိန်မြင့်မိုရ်” ရွှေဆိုင်ပိုင်ရှင် ချစ်ဦးနှင့် “မန္တလာရွှေစင်” ရွှေသန့် စင် ဆိုင်ပိုင်ရှင် ထွန်းဝင်းတို့ထံ ငွေကျပ် ၅၁၂ သိန်းဖြင့် ရောင်းချ ခဲ့ပြီး မျိုးနိုင်ဝင်း(ခ) နိုင်ဝင်း၊ ဇော်မင်းထက်(ခ)အပုနှင့် ဖမ်းဆီး ရန်ကျန် တရားခံ မျိုးဇင်ဟိန်း တို့ကို ငွေကျပ်သိန်း ၁၀၀ စီ ခွဲဝေ ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။
ဖြစ်စဉ်တွင် ဓားပြတိုက် လုယက်မှု ကျူးလွန်ခဲ့သည့် တရားခံ အမျိုးသားရှစ်ဦး၊ အမျိုး သမီး သုံးဦး၊ ပေါင်း ၁၁ ဦးတို့ကို ပစ္စတို နှစ်လက်၊ ကျည်အိမ် နှစ်ခု၊ ပွိုင့်-၃၈၀ ကျည်နှစ်တောင့်၊ ဓားပြ တိုက် လုယက်ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ (ကာလ တန်ဖိုး ၆၄၅၉၀၉၀၀ ကျပ်)၊ ငွေကျပ် သိန်း ၂၆၀၊ စုစုပေါင်း ငွေကျပ် ၉၀၅၉၀၉၀၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အချိန်နှင့်တစ်ပြေးညီ မဆုတ်မနစ် ကြိုးပမ်းဖော်ထုတ်ခြင်း၊ တာဝန် သိပြည်သူအချို့ကလည်း အချိန် နှင့်တစ်ပြေးညီ သတင်းပေးပို့ ပူးပေါင်း ပါဝင်ခြင်းများကြောင့် ဓားပြတိုက်လုယက်ခဲ့သည့်ဖြစ်စဉ် အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံ များကို ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် ဓားပြတိုက်လုယက် ယူဆောင် သွားသည့် ရွှေထည်ပစ္စည်းများ အား ထုခွဲရောင်းချရာ၌ တရား မဝင် လက်ခံဝယ်ယူခဲ့သည့် “စိန်မြင့်မိုရ်” ရွှေဆိုင်၊ “မန္တလာ ရွှေစင်” ရွှေသန့်စင်ဆိုင်၊ “ဝင့်ထည် ဝါ” ရွှေကောက်လုပ်ငန်း၊ “စိန်ရွှေ မြ” ရွှေကောက်လုပ်ငန်းနှင့် “အောင်ပြည့်ဖြိုး” ရွှေကောက်လုပ် ငန်းတို့ကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ဓားပြ တိုက်လုယက်မှုတွင် ပါဝင်ကျူး လွန်ခဲ့သည့် တရားခံပြေး နှစ်ဦးကို လည်း ဆက်လက်ဖော်ထုတ် ၍ အမြန်ဆုံးဖမ်းဆီးနိုင်ရေးဆောင် ရွက်သွားမည် ဖြစ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့် အဆိုပါ တရားခံပြေးများအား တွေ့မြင် သိရှိပါက လျှို့ဝှက်စွာသတင်း ပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူ များအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ အနေဖြင့်လည်း ရပ်ရွာ အေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများ တားဆီးဖော်ထုတ် ဖမ်းဆီးရမိနိုင် ရေးတို့အတွက် နေ့ညမပြတ် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်