
ကျော်မျိုးဝင်း (ရှေးဟောင်းသုတေသန)
ပျူခေတ်တွင် ဘာသာရေးအဆောက်အအုံများဖြစ်သည့် စေတီများ၊ ပုထိုးများ စသည့်သာသနိကအဆောက်အအုံများ တည်ဆောက်ရာတွင် အဆောက်အအုံ၏ အဆင်တန်ဆာအဖြစ် မြေမီးဖုတ်ရုပ်ကြွများကို လှပတင့်တယ်စွာပြုလုပ်၍ အဆောက်အအုံ၏ ဘေးဘက်နံရံများတွင် တပ်ဆင်လေ့ရှိသည်ကို တူးဖော် သုတေသနတွေ့ရှိချက်များအရ သိရှိရပါသည်။ ဤကဲ့သို့ စတင်ပြုလုပ်တတ်လာသည်မှာ ပျူခေတ်အစောပိုင်းကာလထက် ပျူခေတ်အလယ်ပိုင်းကာလ ဘာသာ သာသနာအားကောင်းလာသည့်အချိန်တွင် ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဗိဿနိုးမြို့ဟောင်း၏ တူးဖော်တွေ့ရှိချက်များတွင် ဘာသာရေး အဆောက်အအုံများ ရှိသော်လည်း ယင်းနှင့်ယှဉ်တွဲ၍ မြေမီးဖုတ်ရုပ်ကြွများကို တွေ့ရှိရမှုမှာ အလွန်နည်းပါးပါသည်။
ရုပ်တုရုပ်ကြွနှင့် အလှဆင်မှု မရှိ
ဗိဿနိုး၌ ရုပ်တုရုပ်ကြွနှင့်ပတ်သက်၍ တွေ့ရှိရ သည့် နန်းတော်ဝင်ပေါက် တစ်ဖက်တစ်ချက်တွင် သဲကျောက်နှင့် ထွင်းထုထားသည့် ကြီးမားသော ခြေထောက်အပိုင်းအစ နှစ်ဖက်မှလွဲ၍ မည်သည့် အရာမျှ မတွေ့ရှိရပေ။ နန်းတော်ရာတူးဖော်မှု ကုန်း အမှတ် KKG-5 မှ ဆရာကြီးများ၏ ယူဆချက်အရ မြေဖြင့်ပြုလုပ်ထားသည့် ကိန္နရီရုပ်တုလေးမျှသာ တွေ့ရှိရပါသည်။ ဤတွေ့ရှိမှုကို လေ့လာခြင်းအား ဖြင့် ဗိဿနိုးသည် အရိုးများကိုသာ မြေဖြင့် အထူး တလည် ဖန်တီးပြုလုပ်ခဲ့ကြပြီး အဆောက်အအုံများ တွင် ရုပ်တုရုပ်ကြွနှင့် အလှဆင်မှု မရှိသလောက် ကို နည်းခဲ့ကြောင်း တွေ့ရှိရပါသည်။
မြင်းစီးယောက်ျားရုပ် မြေမီးဖုတ်ရုပ်ကြွ
မြေမီးဖုတ်ရုပ်ကြွနှင့်ပတ်သက်၍ မိုင်းမောမြို့ ဟောင်း(ပင်လယ်)၏ တူးဖော်တွေ့ရှိမှုမှာ အံ့ဩစရာ ပင်ဖြစ်ပါသည်။ မိုင်းမောမြို့ဟောင်း တူးဖော်မှု ကုန်း အမှတ်-၇ မှ မြင်းစီးယောက်ျားရုပ် မြေမီးဖုတ်ရုပ်ကြွ တစ်ချပ် ရရှိခဲ့ပါသည်။ အဆိုပါရုပ်ကြွတွင် ပါဝင်သည့် မြင်းစီးယောကျ်ားသည် မြင်းစီးရာတွင်ပါဝင်သည့် မြင်းကုန်းနှီးနှင့် ခြေနင်းကွက်များမပါဘဲ ကျွမ်းကျင် လိမ္မာစွာ စီးနေသည့်ပုံပင်ဖြစ်ပါသည်။ ကိုယ်ကျပ် အင်္ကျီကို ဝတ်ဆင်ထားပြီး နားတွင် ကြီးမားသည့် နားပန်ကြီးကိုလည်း ဝတ်ဆင်ထားကြောင်း တွေ့ရှိရ ပါသည်။
ညာဘက်ပခုံးပေါ်တွင် တင်ထားသည့် မြင်းစီး ယောကျ်ား၏ နောက်ကျောဘက်တွင် လေလွင့် လျက်ရှိပြီး မြင်းစီးယောကျ်ား၏ အောက်ပိုင်းတွင် ခါးဝတ်ပုဆိုးမျိုးကို ခါးတောင်းကျိုက်ထားသည့်ပုံစံ တွေ့ရှိရပါသည်။ ဆန့်တန်းထားသည့် ညာလက်မှာ မာန်ပါပါ ဓားလွတ်တစ်စင်းကို ဆုပ်ကိုင်ထားပါ သည်။ ထို့ကြောင့် မြေမီးဖုတ်ရုပ်ကြွသည် မိုင်းမော ပျူများ၏ အထူးသဖြင့် စစ်သည်ယောကျ်ားများ၏ ဝတ်စားဆင်ယင်မှု၊ မြင်းကို ချပ်ဝတ်တန်ဆာမပါဘဲ စီးနိုင်မှုနှင့် မည်သို့သော လက်နက်များကို အသုံး ပြု၍ တိုက်ခိုက်ကြကြောင်း ပြန်လည်ပုံဖော်နိုင်ပါ သည်။
ထို့ပြင် မိုင်းမောကုန်းအမှတ်-၇ မှ ဘဒ္ဒပီဋ္ဌ အမှတ်လက္ခဏာပုံဖော်ထားသည့် မြေမီးဖုတ်အုတ် ချပ်များကို ရရှိခဲ့ပါသည်။ မိုင်းမော(ပင်လယ်) ကုန်း အမှတ်-၂၀ ကို ၂၀၀၉ ခုနှစ်တွင် တူးဖော်သည့်အခါ မြေမီးဖုတ်ရုပ်ကြွမှာ မကျိုးမပဲ့ဘဲ အဆောက်အအုံ တွင် မူလအတိုင်း တပ်လျက်သား အကောင်းပကတိ များနှင့် အုတ်ခဲကျိုးပုံထဲမှ မြေမီးဖုတ်အရုပ် အပိုင်း အစများကို များစွာတွေ့ရှိခဲ့ပါသည်။ အမျိုးအစား ခွဲခြားကြည့်သည့်အခါ လေးမျိုး တွေ့ရှိရပြီး အတိုင်း အတာများ မတူညီသကဲ့သို့ ပါဝင်ဖွဲ့စည်းထားသည့် ရုပ်လုံးရုပ်ကြွတို့မှာလည်း ကွဲပြားကြပါသည်။ ပထမ အမျိုးအစားအနေဖြင့် တူးဖော်တွေ့ရှိရသည့် အဆောက်အအုံကြီးတွင် ကပ်လျက်တန်ဆာဆင် ထားသည့် ရုပ်ကြွများပင်ဖြစ်ပါသည်။ ထိုရုပ်ကြွ များကို လေ့လာကြည့်ရာ ခြေလေးချောင်းရှိသော သတ္တဝါတစ်ကောင်အား လူကစီးပြီး ဘယ်ဘက် လက်ထဲတွင် သံလျက်လိုလို၊ ဓားမောက်ချွန်လိုလို လက်နက်ကို စွဲကိုင်လျက် ဟန်ရေးပြနေဟန်ဖြစ်ပါ သည်။ ညာဘက်လက်တွင် ဘယ်ဘက်လက်ကဲ့သို့ လေထဲမြှောက်လျက် မည်သည့်လက်နက်မျှ စွဲကိုင် ခြင်းမရှိပေ။ ထိုပုံသဏ္ဌာန်မှာ အတော်ပင်တက်တက် ကြွကြွရှိ၍ ရင်ဘတ်နှင့် ကျောဘက်တွင် ရင်စီးပဝါကို စီးထားပြီး ရင်စီးစနှစ်စမှာလည်း လေထဲသို့ ပျံဝဲနေ ပါသည်။ ခြေထောက်များသည် အောက်သို့ တွဲလောင်းချထားခြင်းမျိုး မဟုတ်ဘဲ မိမိစီးနေသည့် သတ္တဝါ၏ လည်တံအဆုံး ရှေ့သို့ဖြောင့်တန်းစွာ ဆန့်တန်းထားပုံမှာ မာန်အပြည့်၊ အရှိန်အဟုန် အပြည့် ဆိုသည့် အဓိပ္ပာယ်မျိုး ပေါ်ပေါက်နေကြောင်း ဖော်ပြနိုင်ပါသည်။
အမွေးဆံများ ဖြာထွက်
သတ္တဝါ၏ ဝမ်းဗိုက်အောက်တွင် ခြေနင်းကွင်း ချပ်ဝတ်တန်ဆာ တစ်စုံတစ်ရာမပါရှိဘဲ လူ၏ဦးခေါင်း ပိုင်းတွင် ခေါင်းပေါင်း သို့မဟုတ် ခေါင်းဆောင်းပါရှိပါ သည်။ နားတွင် နားတောင်းများ ဝတ်ဆင်ထားပါ သည်။ ယင်းစီးနင်းထားသည့် သတ္တဝါမှာ မည်သည့် သတ္တဝါတစ်ကောင်ဖြစ်ကြောင်း အချက်တစ်ချက် ချင်းစီဖြင့် သက်သေပြ၍ ခွဲခြမ်းစိတ်ဖြာ လေ့လာ ဖော်ပြသွားမည်ဖြစ်ပါသည်။ မြေမီးဖုတ်ရုပ်ကြွတွင် ပါရှိသည့် ခြေလေးချောင်းသတ္တဝါကို လေ့လာကြည့် ရာတွင် သာမန်အားဖြင့် မြင်းသတ္တဝါဖြစ်နိုင်သည်ဟု ထင်မြင်ချက်ပေးကြသော်လည်း မြင်းသတ္တဝါဖြင့် မတူသည့် အချက်များကို များစွာတွေ့ရှိရပါသည်။ ပထမအချက်အနေဖြင့် ဖော်ပြရလျှင် ဦးခေါင်းပိုင်း အကြောင်းပင် ဖြစ်ပါသည်။ မြင်းသတ္တဝါပုံသဏ္ဌာန် မဟုတ်ဘဲ နှုတ်သီး၊ ပါးစပ်၊ နားရွက်တို့မှာ လုံးဝ ကွဲပြားလျက်ရှိပါသည်။ လည်တံမှ လည်ဆံမွေး သဏ္ဌာန်အရာများအား ပုံဖော်ထားသည်မှာ ခြင်္သေ့ သို့မဟုတ် တိုးနယား ကဲ့သို့သော ဒဏ္ဍာရီလာသတ္တဝါ (Mythical animal) ၏ ဦးခေါင်းပိုင်းနှင့် ပို၍ဆင်တူပါ သည်။
ဒုတိယအနေဖြင့် ခန္ဓာကိုယ်ပိုင်းကို လေ့လာ ကြည့်ရာ သတ္တဝါ၏ ကိုယ်လုံးကိုယ်ထည်သည် မြင်း သတ္တဝါ၏ ကိုယ်လုံးကိုယ်ထည်ထက် ပိုမိုဖြောင့်တန်း နေကြောင်း တွေ့ရှိရပါသည်။ တတိယအနေဖြင့် သတ္တဝါ၏ ခြေနှင့်လက်များကို လေ့လာကြည့်ရာ မြင်းတစ်ကောင်၏ ခြေနှင့်လက်တို့ထက် ပို၍ တိုတောင်းနေပါသည်။ ခွာနေရာတွင် ခွာမပါရှိဘဲ လက်သည်း၊ ခြေသည်းပါရှိသည့် ခြေချောင်းနှင့် လက်ချောင်း သုံးချောင်းစီကို တွေ့ရှိရပါသည်။ စတုတ္ထအနေဖြင့် သတ္တဝါ၏ အမြီးပိုင်းကိုလေ့လာ ကြည့်ရာ မြင်းတစ်ကောင်၏ အမြီးကဲ့သို့ အမြီးရင်း ကနေ အလုံးစုံဖြာထွက်ခြင်း မရှိပေ။ အမြီးစတင် ထွက်ရှိသည့်နေရာသည် အသားစားသတ္တဝါများ၏ အမြီးထွက်ရှိသည့် ပုံသဏ္ဌာန်အတိုင်း အမြီးထိပ်ဖျား ရောက်မှသာ အမွေးဆံများ ဖြာထွက်ပါသည်။
ထို့ကြောင့် အထက်ပါလေ့လာချက်များ အပေါ် မူတည်၍ အဆိုပါ လူစီးနေသည့် သတ္တဝါရုပ်ကြွသည် မြင်းမဟုတ်သည်မှာ သေချာသလောက်ရှိပါသည်။ မြင်းတစ်ကောင်ထက် ခြင်္သေ့ကဲ့သို့ သတ္တဝါမျိုးကို အခြေခံရုပ်လုံးဖော်ထားသည့် ဒဏ္ဍာရီလာသတ္တဝါ ဟုပင် ယူဆနိုင်ပါသည်။ အဆိုပါ ရုပ်ကြွများကို “မို” စနစ်ဖြင့် ပြုလုပ်ထားပြီး အတိုင်းအတာမှာ အလျား ၁၃ လက်မ၊ အနံ ၃ လက်မခွဲရှိပါသည်။ ထိုရုပ်ကြွများကို မိုင်းမောတူးဖော်မှုကုန်းအမှတ်-၂၀ အဆောက်အအုံကြီးတွင် အကောင်းပကတိ တပ်ဆင် လျက် မူလအနေအထား၊ မူလအုတ်စီး အုတ်နင်း အတိုင်း ၁၀ ချပ် ရရှိခဲ့ပါသည်။ ထို့ပြင် အုတ်ခဲကျိုး ရောမြေလွှာ (Debries Layer) မှာ မကျိုးမပဲ့ဘဲ အပြည့်အစုံ ရှစ်ချပ်ရရှိခဲ့ပြီး ယခုအခါ အမျိုးသား ပြတိုက် (နေပြည်တော်)ရှိ ပျူအမွေအနှစ်ပြခန်းတွင် ပြသထားပါသည်။ အကျိုးအပဲ့အနေဖြင့် ၁၉ ခု ရရှိခဲ့ပါသည်။
“မို”စနစ်ဖြင့် ပြုလုပ်ထား
ဆက်လက်ဖော်ပြလိုသည်မှာ ထူးထူးခြားခြား ရုပ်ကြွတစ်ခုအကြောင်းပင် ဖြစ်ပါသည်။ ၎င်းရုပ်ကြွ မျိုးကို မည်သည့်မြို့ဟောင်းမှာမျှ မတွေ့ရှိရသေးပေ။ ဆက်လက်၍ မိုင်းမောမြို့ဟောင်း ကုန်းအမှတ်-၂၀ မှ တွေ့ရှိရသည့် မြေမီးဖုတ်ရုပ်ကြွ ဒုတိယအမျိုး အစား အကြောင်းပင်ဖြစ်ပါသည်။ ထိုရုပ်ကြွကို အုတ်ခဲကျိုးရောမြေလွှာ (Debries Layer) အတွင်း တွေ့ရှိရပြီး အဆောက်အအုံ၏ မည်သည့်အစိတ် အပိုင်းတွင် အလှဆင်ကြောင်း တိတိကျကျ မသိရှိ ရပေ။ ဤမြေမီးဖုတ်ရုပ်ကြွ၏ ပြုလုပ်မှုပုံသဏ္ဌာန်မှာ ထူးဆန်းသည်ဟု ဆိုနိုင်ပါသည်။ အခြားသော ပျူမြို့ ဟောင်းများတွင် မတွေ့ရှိရသေးပေ။ မြေမီးဖုတ် ရုပ်ကြွများကို အုတ်ချပ်၏ မျက်နှာပြင်ပြားလိုက် ပေါ်တွင်သာ အများဆုံး ပြုလုပ်ကြပါသည်။ သို့သော် ယခုတွေ့ရှိရသည့် ရုပ်ကြွမှာ ထိုကဲ့သို့မဟုတ်ဘဲ အုတ်ချပ်၏ထုမျက်နှာပြင်တွင် “မို”စနစ်ဖြင့် ပြုလုပ် ထားပါသည်။ ထို့ကြောင့် ထိုရုပ်ကြွကို အဆောက် အအုံတွင် တပ်ဆင်အသုံးပြုမည်ဆိုပါက ရုပ်ကြွ ပေါ်လွင်ရန်အတွက် ထောင်လိုက်အနေအထားနှင့် တပ်ဆင်ရမည်ဖြစ်သည်။
အရွယ်အစားအားဖြင့် အလျား ၁၂ လက်မ၊ အနံ ၁၂ လက်မနှင့် ထု ၄ လက်မ ဖြစ်ပါသည်။ ၁၂ လက်မ ပတ်လည်ဆိုသော်လည်း ရုပ်ကြွပုံဖော်ထား သည့် ထုထည်အနားသည် အနည်းငယ်မျှ စွေစောင်း စောင်းဖြစ်နေပြီး ရုပ်ကြွ၏အောက်ခြေပိုင်းသည် အနည်းငယ်တိုသယောင် တွေ့ရှိရသည်။ ရုပ်ကြွ၏ ပုံသဏ္ဌာန်မှာ လွန်စွာလက်ရာမြောက်ပြီး ဦးခေါင်း ပိုင်းမှ ရင်အုပ်ပိုင်းအထိ မွမ်းမံခြယ်မှုန်းထားပါသည်။ ဦးခေါင်းပိုင်းသည် ဒဏ္ဍာရီလာ သတ္တဝါ (Mythical animal) ၏ အသွင်သဏ္ဌာန်ဖြစ်ပြီး လည်ဆံမွေးများ အား ကနုတ်ပန်းကောက်ကြောင်းပုံသဏ္ဍာန် ပုံဖော် ထားပါသည်။ မျက်နှာအမူအရာဟန်ပန်မှာ ခြင်္သေ့ သို့မဟုတ် တိုးနယား၏ မျက်နှာပေါက်မျိုး ပေါ်လွင် နေပါသည်။ မျက်လုံးနှင့်နှုတ်သီးမှာ ခြင်္သေ့အနွယ် သတ္တဝါနှင့် ပို၍ဆင်တူပါသည်။ မျက်စိဖွင့်လျက် ရှေ့သို့ကြည့်နေဟန်ဖြစ်ပြီး လည်ပင်းတွင်လည်း လည်ဆွဲရတနာကို ဝတ်ဆင်ထားပါသည်။ ခန္ဓာကိုယ် မှာ မတ်တတ်ရပ်လျက် လက်နှစ်ဖက်ကို ပတပ်ရပ် မြှောက်ထားဟန် ဖြစ်ပါသည်။ ခြေနှစ်ချောင်းတွင် အပေါ်ပိုင်းခန္ဓာကိုယ်မှာ ဟန်ချက်ညီအောင် ထိန်း ထားရသည့် ပုံစံမျိုးဖြစ်သည်။ ရုပ်ကြွတစ်ခုလုံးကို ခြုံကြည့်ပါက ဦးခေါင်းပိုင်းနှင့် ရင်အုပ်ပိုင်းအား အသေးစိတ် မွမ်းမံပြင်ဆင်ထားပြီး ခန္ဓာကိုယ် အောက်ပိုင်းတွင်မူ ရိုးရှင်းစွာပြုလုပ်ထားပါသည်။ ဤရုပ်ကြွများကို အကောင်းအတိုင်း ကိုးခုတွေ့ရှိ ရပြီး အကျိုးအပဲ့များအနေဖြင့် စုစုပေါင်း အခု ၂၀ တွေ့ရှိရပါသည်။
မိုင်းမောမြို့ဟောင်း ကုန်းအမှတ်-၂၀ မှ တူးဖော် ရရှိခဲ့သည့် မြေမီးဖုတ်ရုပ်ကြွများမှ တတိယအမျိုး အစားမှာ မြေမီးဖုတ်ရုပ်ကြွများ တွေ့ရှိရသမျှထဲတွင် အတိုင်းအတာအားဖြင့် အကြီးမားဆုံးဖြစ်ပါသည်။ ရုပ်ကြွများမှာ အကောင်းအတိုင်း အပြည့်အစုံမရရှိဘဲ အပိုင်းအစ အကြီး၊ အလတ်၊ အငယ် စသည်ဖြင့်သာ တွေ့ရှိရပါသည်။ သို့သော် ရုပ်ပုံပါ ရုပ်လုံးရုပ်ကြွမှာ လက်ရာမြောက်လှသည့် ကနုတ်ပန်းများကို တစ်ဖက်တစ်ချက်ခြံရံလျက် အလယ်တွင် လူရုပ်ပုံပါ ရှိပြီး လက်နှစ်ဖက်ကို ရင်အုပ်တွင်ကပ်ကာ လက်နှစ်ဖက်ကြား သို့မဟုတ် လက်၏အနောက် ဘက်မှ ပန်းခက်ပန်းနွယ် သို့မဟုတ် ကြာပန်းဟု ယူဆရသည့် ပန်းပုံနှစ်စုံမှာ ထိုးထွက်လျက်ရှိပါသည်။ လူ၏အောက်ပိုင်းတွင် ခြင်္သေ့ကဲ့သို့သော သတ္တဝါကို ခွစီးပြီး သတ္တဝါ၏ ဘေးတစ်ဖက်တစ်ချက်သို့ ခြေထောက်ကို တွဲလောင်းချထားပါသည်။ လူရုပ် ပုံနှင့် သတ္တဝါတို့မှာ အရှေ့ဘက်သို့ တည့်တည့် မျက်နှာမူလျက် အနေအထားဖြစ်ပြီး လူ၏ ဦးခေါင်း တွင်မူ ခေါင်းပေါင်းပါရှိပါသည်။ သတ္တဝါသည် မျက်စိ ဖွင့်လျက်နှင့် အရှေ့ဘက်ကို စူးစူးရှရှကြည့်နေ သကဲ့သို့ဖြစ်ပြီး ဦးခေါင်းတွင် သားရေတွန့်နေဟန် အရေးအစင်းများ ထည့်သွင်းထုလုပ်ထားသည်မှာ အသက်ဝင်လှပါသည်။ အတိုင်းအတာအားဖြင့် အကောင်းအတိုင်း ရရှိမည်ဆိုပါက အလျား ၁၆ လက်မခွဲ၊ အနံ ၁၄ လက်မနှင့် ထု ၃ လက်မခန့် ရှိနိုင်ပါသည်။ သို့သော် အပိုင်းအစအားဖြင့် စုစုပေါင်း ၁၃ ခုသာ တွေ့ရှိခဲ့ပါသည်။
ဗိန္ဒုပြောက်များနှင့် တန်ဆာဆင်ထား
စတုတ္ထအမျိုးအစားအနေဖြင့် တွေ့ရှိခဲ့ရသမျှ မြေမီးဖုတ်ရုပ်ကြွများထဲတွင် အရွယ်အစားအားဖြင့် အငယ်ဆုံးပင်ဖြစ်ပါသည်။ အတိုင်းအတာမှာ အလျား ခုနစ်လက်မခွဲ၊ အနံ ခုနစ်လက်မခွဲနှင့် ထုမှာ နှစ်လက်မခွဲ ဖြစ်ပါသည်။ ရုပ်ကြွပုံသဏ္ဌာန်မှာ လည်ပြန်လှည့်ကြည့်နေသည့် ခြေလေးချောင်း သတ္တဝါဖြစ်ပြီး တိုးနယား သို့မဟုတ် ခြင်္သေ့နှင့် ခပ်ဆင်ဆင် တူပါသည်။ ဦးခေါင်းပိုင်းသည် နောက်သို့လှည့်သည့်အခါ အပေါ်သို့ အနည်းငယ် မော့နေသယောင်ရှိပါသည်။ လည်ပင်းတွင် လည်ဆွဲ ပါရှိပြီး ဗိန္ဒုပြောက်များနှင့် တန်ဆာဆင်ထားပါသည်။ ခန္ဓာကိုယ်ထည်မှာ အပေါ်သို့ လေးကိုင်းသဖွယ် ကော့ညွတ်ထားလေဟန် ပုံဖော်ထားပြီး အမြီးပိုင်းကို ပန်းကနုတ်ဟန် ပြုလုပ်ထားပြန်ပါသည်။ ခြေလက် လေးချောင်းအောက်တွင် ပန်းကနုတ်များနှင့် တန်ဆာဆင်ထားပြီး အဆိုပါ ရုပ်ကြွပုံစံတူ အကောင်း နှစ်ခု၊ အကျိုးအပဲ့ နှစ်ခု စုစုပေါင်း လေးခု သာ တွေ့ရှိခဲ့ပါသည်။ ထို့ကြောင့် မိုင်းမော (ပင်လယ်) မြို့ဟောင်းသည် နောက်ကျမှ ရှာဖွေတွေ့ရှိ တူးဖော် သုတေသနပြုလုပ်ခဲ့ရသော်လည်း မြေမီးဖုတ်ရုပ်ကြွ တွေ့ရှိမှုမှာ အံ့ဩစရာပင် ဖြစ်ပါသည်။ သို့သော် သရေခေတ္တရာမှာကဲ့သို့ မြေမီးဖုတ်ရုပ်ကြွများ မပြုလုပ်နိုင်သေးသည်မှာ အသေအချာပင်ဖြစ်ပါ သည်။ သရေခေတ္တရာမြို့ဟောင်းတွင် မြေမီးဖုတ် ရုပ်ကြွနှင့် ပတ်သက်၍ အတော်ပင် အောင်မြင်စွာ ထုတ်လုပ်နေပြီဖြစ်ပြီး ရုပ်တုတစ်ခုလျှင် အမြင့်သုံး ပေ၊ ဗြက်နှစ်ပေခွဲနှင့် ထုငါးလက်မခန့်အထိ ထုလုပ် နိုင်ကြောင်း သိရှိရပါသည်။ အထူးသဖြင့် ခင်ဘကုန်း အဆောက်အအုံကြီး၏ နံရံဘေးပတ်လည်တွင် တပ်ဆင်လျက် အဆောက်အအုံကို တန်ဆာဆင်ခဲ့ ကြောင်း၊ အဆောက်အအုံနံရံတွင် တွယ်ကပ်ကြွင်း ကျန်နေကြသည့် ရုပ်တုအောက်ခြေ အပိုင်းအစများမှ ဤမြေမီးဖုတ်ရုပ်ကြွအဆောက်အအုံ၏ မည်သည့် နေရာတွင် တပ်ဆင်ခဲ့ကြကြောင်း တိတိကျကျ သိရှိ ရပါသည်။ ထို့ပြင် မသီးကျကုန်းနှင့် တူးဖော်မှုကုန်း အမှတ်-၁၉ တို့မှလည်း မြင်းစီးလူရုပ်များ ရရှိခဲ့ပါ သည်။
သရေခေတ္တရာမှ ရရှိခဲ့သည့် လူမြင်းစီးရုပ် မြေမီးဖုတ်ရုပ်ကြွသည် အမှန်တကယ် မြင်းကိုစီးနေသည့်ပုံစံပေါ်လွင်နေပြီး မိုင်းမောမြို့ဟောင်းမှ တွေ့ရှိရသည့် မြေမီးဖုတ်ရုပ်ကြွကဲ့သို့ စိတ်ကူးယဉ် ထားသည့် သတ္တဝါအမျိုးအစားမျိုး မဟုတ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့ပြင် သရေခေတ္တရာမှရရှိ သည့် မြေမီးဖုတ်ရုပ်ကြွများ၏ သရုပ်ဖော်မှုသည် ဘာသာရေးနှင့် သက်ဆိုင်သော ဗုဒ္ဓဝင်ဇာတ်တော် လာ ဇာတ်တော်များ ဖြစ်လာပါသည်။ အဆောက် အအုံကို ရိုးရိုးအလှဆင်ခြင်းမျိုး မဟုတ်တော့ဘဲ အဆောက်အအုံ၏ နောက်ခံသမိုင်းကြောင်း ဘာသာရေးအယူအဆများ ပါဝင်သည့် မြေမီးဖုတ် ရုပ်ကြွများအား အသုံးပြုလာကြပါသည်။ ထိုသို့ ပြုလုပ်ရာတွင် ယောကျ်ားနှင့်မိန်းမ ကွဲပြားအောင် သေချာထုလုပ်ပါသည်။ အမျိုးသမီး ရုပ်တုများ ထုလုပ်ရာတွင် အထူးသဖြင့် ရင်သားပေါ်လွင်အောင် ထုဆစ်ကြကြောင်း သိရှိရပါသည်။ ထို့ကြောင့် သရေခေတ္တရာမှ မြေမီးဖုတ်ရုပ်ကြွများတွင်ပါဝင်သည့် ဇာတ်ကွက်များမှ ရုပ်တုများကို ယောက်ျား၊ မိန်းမ ခွဲခြားရာတွင် လွယ်ကူပါသည်။
ထို့ပြင် သရေခေတ္တရာ၏ ဘာသာရေးအဆောက် အအုံများတွင် လှေကားအဆင်း အတက်၊ ဆင်ဝင် စသည်တို့မှအစ မြေမီးဖုတ်နှင့်ပင် ကနုတ်ပန်းများ၊ အပြောက်အမွမ်းပန်းများအား တိုင်ဖုံးပန်းများ အနေဖြင့် အသုံးပြုခဲ့ကြကြောင်း၊ အဆောက်အအုံ၏ လှေကားထစ်နေရာများတွင် တပ်ဆင်ရန်နေရာ များပါ တွေ့ရှိရပါသည်။ သရေခေတ္တရာမှ မြေမီးဖုတ် ရုပ်ကြွများ၏ ဇာတ်ထုပ်ရုပ်တုပါ ဇာတ်ရုပ်များမှာ ထူးခြားပြီး ဘာသာရေးနှင့် ဆက်နွှယ်နေသဖြင့် အမျိုးမျိုးယူဆတွေးတောရာများပြီး ထုလုပ်မှုမှာ ပညာသားပါလှပါသည်။ တိရစ္ဆာန်ရုပ်များ ထုလုပ်ရာ တွင် အပြင်မှ တကယ့်တိရစ္ဆာန်များနှင့်မခြား ပြုလုပ် ထားပြီး နံရံတွင် တပ်ဆင်ရန် သုံးဖက်မြင်ရုပ်လုံး ပုံစံအထိ ထုလုပ်နိုင်ခဲ့ကြကြောင်း လေ့လာသိရှိရ ပါသည်။ ။
- Log in to post comments