
သူရိန်သော်
====
ပြီးခဲ့တဲ့ရက်က ဒဂုံမြို့သစ်တောင်ပိုင်း မူလတန်းကျောင်းမှာ ယူနီ ဆက်ဖ်က လှူဒါန်းထားတဲ့ ကျောင်းသုံးပစ္စည်းတွေကို မီးရှို့ပစ်ကြ တယ်ဆိုတဲ့သတင်းကြားမိပါတယ်။ ကလေးတွေ ကျောင်းမတက် ရဲအောင် နည်းလမ်းအမျိုးမျိုးနဲ့ အကြမ်းဖက်နေကြတာရဲ့ ပြယုဂ် တစ်ခုပါ။
ကလေးတွေဆိုတာ မိုးဦးကျတာနဲ့ ကျောင်းသွားကြဖို့ ခတ်ကွင်း ပြင်နေကြသူတွေ ဖြစ်ပါတယ်။ သူတို့ခမျာ ကိုဗစ်- ၁၉ ကြောင့် ကျောင်းတော်ကြီးနဲ့ တစ်နှစ်လုံး ဝေးကွာခဲ့ရပြီး အခုလည်း ကိုဗစ် ကာလမှာ ကျောင်းတက်ဖို့ အခက်အခဲတွေကြားထဲက ကြိုးစား တက်ရတာပါ။ ကလေးနှစ်ဦး အစာအဆိပ်မိသေဆုံးသွားတဲ့သတင်း၊ ဆရာ ဆရာမတွေ လက်နက်သင့်တဲ့သတင်း၊ စစ်ဘေးရှောင်ကလေး တွေ တောထဲမှာ လေးတိုင်စင်နဲ့ ပညာသင်ယူနေကြရတဲ့သတင်းနဲ့ မြို့ပေါ်က ကလေးတွေ ဖုန်းနဲ့မျက်နှာ မခွာဘဲ အချိန်ကုန်စိတ်လေ နေကြရတဲ့သတင်းမျိုးကိုလည်း သိရတဲ့အခါ သွေးထိုးမြှောက်ပင့်သူ တွေကို စိတ်ကုန်မိပါတယ်။
စာသင်ခန်းမှာရှိနေရမယ့်ကလေးတွေဟာ စာသင်ခန်းနဲ့ အချိန် ကြာကြာဝေးကွာရရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ရတက်မအေးစရာပါ။ မိမိတို့နိုင်ငံက ပြည့်စုံ ကြွယ်ဝတဲ့နိုင်ငံ မဟုတ်သေးပါဘူး။ ကပ်ရောဂါကြောင့် စီးပွားရေး ကျပ်တည်းနေရတဲ့အခြေအနေမှာ တိုင်းရေးပြည်ရေးက မငြိမ်သက်တဲ့ အတွက် လူတိုင်းကိုယ်စီမှာ အပူမီးတွေ တောက်လောင်နေကြရပါ တယ်။ ဒီအထဲမှာမှ ကျောင်းသားမိဘတိုင်း မိမိတို့သားသမီးတွေ ပညာသင်ဖို့ အခက်အခဲဖြစ်ရတာဟာ အဆိုးတကာ့အဆိုးဆုံး ဖြစ်ပါ လိမ့်မယ်။
မိမိတို့ပြည်သူတွေ တိုင်းပြည်ထဲမှာ ဒုက္ခခံဖြတ်သန်းနေရချိန် တော်လှန်ရေးအကြောင်းပြ နိုင်ငံရေးခိုလှုံခွင့်တွေ တောင်းခံပြီး ဘဝအခြေအနေကောင်းသွားကြသူတွေ ဒုနဲ့ဒေးပါပဲ။ အဝေးရောက်သူ တွေက ပြည်သူတွေကို ဘယ်လိုလုပ်ကြပါ၊ ဘယ်လိုအားတင်းထားပါ ဆိုပြီး ဥပဒေမဲ့လုပ်ရပ်တွေကို ကျူးလွန်ခိုင်းနေကြပြန်ပါတယ်။
တာဝန်ယူမှုမရှိ၊ ပရမ်းပတာ အပြောအဆိုတွေတိုင်းဟာ တိုင်းပြည်ထိခိုက်စေမယ့်အရာတွေပဲ ဖြစ်ပါတယ်။ အဝေးရောက် တရားမဝင် အကြမ်းဖက်အဖွဲ့တွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေဟာ လူငယ်တွေကိုမြှောက်ပေးပြီး အရှေ့က ထွက်ခိုင်းတယ်။ ပစ်ကြ ခတ်ကြတဲ့အချိန်မှာ အဲဒီလိုလူတွေ မရှိကြတော့ဘူး။ လက်နက်ကိုင်မှ ရမယ်ဆိုပြီး တောခိုခိုင်းတယ်။ ဂျန်- ဇီတွေ တောထဲရောက်ချိန်မှာ မြှောက်ပင့်ပေးသူတွေ မပါသွားခဲ့ပါဘူး။ နိုင်ငံ့ဝန်ထမ်းတွေကို အလုပ် မဆင်းခိုင်းဘူး။ တကယ်တမ်းတော့ ဝန်ထမ်းတွေရဲ့ဘဝကို လုံခြုံမှု သူတို့မပေးနိုင်ခဲ့ပါဘူး။ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေနဲ့ အခြေခံပညာကျောင်းသား ကျောင်းသူတွေကို ကျောင်းမတက်ကြဖို့ ကြိုးစားကြပြန်ပါတယ်။ ဒါတွေက ပြည်သူကောင်းဖို့၊ ဒီမိုကရေစီ ရရှိဖို့ဆိုတဲ့ မျှော်လင့်ချက်အမှားတွေနဲ့ ပြည်သူကို အဆိပ်သင့်စေတာ ပဲဖြစ်ပါတယ်။
လူမှုကွန်ရက်က မီးကြွင်းမီးကျန်
နိုင်ငံပိုင်ရုပ်သံတွေနဲ့ သတင်းစာတွေမှာ နေ့စဉ်သတင်းတွေကို ထုတ်လွှင့်ဖော်ပြနေပေမယ့် လူမှုကွန်ရက်မှာ သတင်းမှား၊ မျှော်လင့် ချက်မှားတွေက အားကောင်းနေဆဲပါပဲ။ အများစုက ပကတိအခြေ အနေမှန်နဲ့ဝေးကွာပြီး လူမှုကွန်ရက်က သတင်းမှားနဲ့ လုပ်ကြံဖန်တီး ထားတဲ့ တစ်ဝက်တစ်ပျက် သတင်းတုတွေကို ပြည်သူအများစုက ယုံကြည်နေကြဆဲဖြစ်တာကို မြင်တွေ့နေရပါတယ်။
ပြည်တွင်းဆန္ဒပြမှုတွေရဲ့ အစကိုက လူမှုကွန်ရက်ကတစ်ဆင့် လှုံ့ဆော်သွေးထိုးရာက စတင်ခဲ့တာပါ။ ရုန်းထွက်သပိတ်၊ အသံတိတ် သပိတ်၊ အမှိုက်သပိတ်၊ လုံချည်သပိတ်၊ ပန်းသပိတ် စတဲ့သပိတ် အားလုံးကို လူမှုကွန်ရက်ကနေ လှုံ့ဆော်ကြတာပဲ ဖြစ်ပါတယ်။ ကြာမြင့်လာတဲ့အခါ လှုံ့ဆော်မှုတွေက ပြည်သူတွေကို ရင်မခုန် စေတော့ပါဘူး။ ပြည်သူတွေကို မဖြစ်နိုင်တဲ့မက်လုံးတွေနဲ့ လှုံ့ဆော် မှုတွေက ခရီးမရောက်တဲ့အခါ အဖျက်သမားတွေက ရှေးရိုးပြည်ဖျက် တွေနည်းတူ တော်လှန်ရေးခေါင်းစဉ်နဲ့ တောခိုကြဖို့၊ မြို့ကြီးတွေမှာ လည်း မငြိမ်မသက်မှုကြာရှည်အောင် အကြမ်းဖက်တိုက်ခိုက်ကြဖို့ လူငယ်တွေကို မြှောက်ပင့်ပေးတော့တာပါပဲ။
စာသင်ကျောင်းတွေကို ဗုံးခွဲတာ၊ အကြမ်းဖက်လုပ်ရပ်တွေ လုပ်တာ၊ အများပြည်သူ မနေရဲအောင် ရပ်ထဲရွာထဲ မိုင်းခွဲတာ၊ လက်လုပ်မိုင်းနဲ့ ပစ်တာတွေကို တော်လှန်ရေးသမား ဂျန်-ဇီတွေ မလုပ်ကြဘဲ အဲဒါက တပ်မတော်နဲ့ ထောက်ခံသူတွေက တစ်ဖက်လှည့် နဲ့ လုပ်ကိုင်ကြတယ်ဆိုပြီး ဝါဒဖြန့်ကြတာ မကြားချင်မှအဆုံးပါပဲ။ ဒါဆိုရင် ဘာကြောင့် လူငယ်တွေ တောခိုကြပါသလဲ၊ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းတွေ တက်ရောက်ကြပါသလဲ။ လက်နက်နဲ့ တကွ ဖမ်းဆီးရမိတဲ့၊ အမှားကိုမြင်သိခံစားပြီး ဝန်ခံထားကြတဲ့ ဂျန်-ဇီတွေ များစွာပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ အယူအဆမတူ၊ ခံယူချက် မတူတိုင်း သတ်ဖြတ်ပစ်ဖို့အထိရည်ရွယ်ပြီး အုပ်ချုပ်မှုယန္တရား ပျက်ယွင်းအောင်၊ တိုင်းပြည်မအေးချမ်း၊ မငြိမ်သက်ဘဲ ပျက်သုဉ်း အောင်လုပ်ဆောင်မှုတွေရဲ့ ရည်ရွယ်ချက်ဟာ ဒီမိုကရေစီအတွက်ဆိုပြီး တွင်တွင်အော်နေကြတဲ့ အကြမ်းဖက်ဝါဒီလက်သစ်တွေရဲ့ တိုင်းပြည် ဖျက်ဆီးရေးစီမံချက်ပဲ ဖြစ်ပါတယ်။
အကြောင်းရှိလို့ အကျိုးဖြစ်လာရတယ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူစဉ်ကတည်း က မဲမသမာမှုကြောင့် လုပ်ဆောင်ခဲ့ရတဲ့ဖြစ်စဉ်ကို ရှင်းလင်းပြောကြား ထားခဲ့ပါတယ်။ အကယ်၍သာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက မှန်ကန်ဖြောင့်မတ်ခဲ့မယ်ဆိုရင် ဒီလိုအခြေအနေ ရှိမလာခဲ့ပါဘူး။ မဲစာရင်းတွေ ပြန်စစ်ဆေးပေးဖို့ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေ တောင်းဆိုရာ၊ လစ်ဟာချက်တွေကို ထောက်ပြခဲ့ရာမှာလည်း မထီ မဲ့မြင် ဂရုမပြုခဲ့တာတွေရဲ့ အကျိုးဆက်ပဲမဟုတ်ပါလား။
လက်ရှိမှာ မဲစာရင်းကွာဟမှုတွေအပြင် မိမိတို့နိုင်ငံရဲ့ အရေးကြီး တဲ့ဦးဆောင်မှုနဲ့ ဝန်ကြီးဌာနဆိုင်ရာ ဆောင်ရွက်မှုတွေမှာ နိုင်ငံခြား သားအကြံပေးတွေ ခန့်အပ်တာ၊ တိုင်းပြည်လုံခြုံရေးအတွက်ထားရှိ သင့်တဲ့ ဥပဒေတွေကို ပြုပြင်ဖယ်ရှားတာ၊ ပြည်သူအများစု ကိုးကွယ် ယုံကြည်တဲ့ ဘာသာတရားကို မထီမဲ့မြင်ပြုတာ၊ နိုင်ငံတော် တိုးတက်ရေးထက် လူတစ်စုကောင်းစားရေးကိုသာရှေးရှုပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး အစရှိတဲ့ ကဏ္ဍတိုင်းမှာ ဆုတ်ယုတ် ရတာတွေကို သတိပြုမိတဲ့ ပြည်သူတွေလည်း အများကြီးရှိပါတယ်။
တိုင်းပြည်သမိုင်း မရိုင်းကြစေလို
လမ်းမှားရောက်ပြီး တောထဲတောင်ထဲရောက်သွားတဲ့ လူငယ် တွေ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေကြရတာကို လူမှုကွန်ရက်တွေမှာ မြင်တွေ့ နေရပါတယ်။ လောကကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုးအတွက် ဉာဏအားနဲ့ သင်ယူကြံဆကြရမယ့်အစား မိမိအတွက်ရော တိုင်းပြည် အတွက်ပါ အကျိုးမဲ့ပျက်သုဉ်းစေမယ့် လူသတ်လက်နက်တွေ ကိုင်စွဲ နေကြတာက ဒီမိုကရေစီကျင့်စဉ်မဟုတ်ပါဘူး။ အဲဒီအချိန်မှာ မြှောက်ပင့်ပေးသူတွေက ဒီမိုကရေစီအရေခြုံပြီး ကမ္ဘာအနှံ့ခြေဆန့် နေကြပါပြီ။
ပါတီဝင်တွေ၊ ပါတီထောက်ခံသူတွေ၊ အကျိုးအကြောင်း အဆိုး အကောင်းကို ဂဃနဏ သေချာမသိဘဲ သူများယောင်လို့ လိုက်ယောင် နေသူတွေအနေနဲ့ ရပ်တည်ချက်မတူတိုင်း ရန်သူလို့ သတ်မှတ် လုပ်ဆောင်နေကြတာက ပြည်သူကို ပိုပင်ပန်းစေခဲ့ပါပြီ။
နိုင်ငံရေးပါးမဝတဲ့ လူငယ်တွေရဲ့ သွေးချွေးတွေ၊ ပြည်သူတွေရဲ့ ပင်ပန်းဆင်းရဲမှု၊ တိုင်းပြည်ထိခိုက်နစ်နာမှု၊ ဝန်ထမ်းတွေ အလုပ်ပြုတ်၊ ကျောင်းသားတွေ ပညာသင်ခွင့်မရမှုတွေ စတဲ့အရာတွေအပေါ်မှာ နိုင်ငံရေးသမားတွေကပဲ အညွန့်ခူးစားသုံးသွားကြတာ ဖြစ်ပါတယ်။ တိုင်းပြည်ဟာ အဲဒီကိုယ်ကျိုးရှာသူတွေကြောင့် ထိခိုက်ခံစားနေရတာ တွေကို မိမိတို့နိုင်ငံသားတွေအားလုံး အမှားကို အမှန်မြင်ပြီး အမြန်ဆုံး ဝိုင်းဝန်းပြန်လည်တည့်မတ်ပေးဖို့ လိုအပ်နေတဲ့အချိန်ပဲ ဖြစ်ပါ ကြောင်း။ ။
- Log in to post comments